Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Showing posts with label ရင်တွင်းဖြစ်ရပ်များ. Show all posts
Showing posts with label ရင်တွင်းဖြစ်ရပ်များ. Show all posts

Sunday, March 14, 2010

ရောဂါဆိုးနှင့်ရင်ဆိုင်ရပြီး ကျွန်တော်တို့နှင့် ခွဲခွာသွားသော ဖေဖေ

ဒီနေ့ တနလာင်္နေ့ ဘုရားကြီးသန့်ရှင်းတောင် မသွားဖြစ်လိုက်ဘူး။ မနေ့က ပင်ပန်းထားလို့ အိပ်ပျော်သွားတာက တစ်ကြောင်း၊နောက် ပြီး မေမေက ညဦးပိုင်းက ဖျားနေတာကြောင့်ရယ် မသွားဖြစ်လိုက်ဘူး။ ညက မေမေလဲ အိပ်ရာဝင်တော့ ကျွန်တော်လဲ တံခါးတွေ စစ်၊ မီးတွေစစ်ပြီး အိပ်ရာဝင်ခဲ့တယ်။ အရင်ရက်တွေနဲ့မတူ အအေးဓာတ်လေးက အနည်းငယ် ပြန်လည်လွမ်းခြုံနေသည်။ စောင်ပါးပါး လေး ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်သွားသည်။

အိပ်လို့ သိပ်မကြာခင်လား၊ ဒါမှမဟုတ် အာရုဏ်တက်ချိန်လားတော့ မသိဘူး။ အိမ်မက်လိုလို ဘာလိုလိုနှင့် တကယ်အပြင်မှာထိတွေ့ ခံစားရသလို အရာတစ်ခုမြင်မက်မိသည်။ အိမ်မက်ထဲမှာ ကျွန်တော် ဖေဖေရင်ဘတ်ပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်နေတာတဲ့။ ကျွန် တော်အငြိမ်မနေပဲ ဆော့နေတော့ ဖေဖေက “ဟေ့ကောင်” တဲ့ရယ်သံလေးနဲ့ ပြောသည်။ ကျွန်တော်က “ ဖေဖေနှလုံးအောင့်လို့ လား” ဆိုတော့ “ မဟုတ်ပါဘူး သားကြီးရ ဖေဖေယားလို့ပါကွ ” ။ ဖေဖေ့မျက်နှာကြည့်လိုက်တော့ ၀င်းရွှင်နေတာပဲ။ ထိုသို့နေရင်း နှင့် ရုတ်တရက်တွေးလိုက်မိသည်။ ဖေဖေက ငါတို့ကိုထားခဲ့ပြီး လူ့ဘ၀ကြီးကစွန့်ခွာသွားပြီပဲ။ ထိုသို့စဉ်းစားမိလိုက်သည်နှင့် အိမ်မက် လေးပျက်ပျယ်သွားသည်။

လွန်ခဲ့တဲ့ 13 နှစ်ကစပြီး ဖေဖေနှလုံးသွေးကြောကျဉ်း ရောဂါကိုစတင်ခံစားရသည်။ သွေးတိုးရောဂါရင့်လာတော့ နှလုံးဘက်ထိလာ တာလို့ ဆရာဝန်များကိုဆိုတယ်။ ဖေဖေရဲ့ သွေးပေါင်ချိန်ဟာ အမြဲတမ်းမြင့်တက်လျှက်ရှိနေပြီး သာမာန်လူတယောက်ရဲ့ သွေးပေါင် ချိန်တိုင်းဆို ဖေဖေမနေနိုင်တော့။ ခေါင်းမူးတယ်ပြောတယ်။ ဖေဖေသွေးပေါင်ချိန်တိုင်းလဲ သာမာန်လူမနေနိုင်။ လွန်ခဲ့တဲ့ 13 နှစ် လောက်မှာ ဖေဖေရန်ကုန်ခရီးသွားနေတုန်း နှလုံးရောဂါစဖောက်ခဲ့တာပါ။ ဒါပေမယ့် ဖေဖေဟာ ကျွန်တော်တို့အားလုံးကို ဖွင့်မပြော ပဲ အကောင်းပကတိပုံစံနဲ့ ရန်ကုန်ကပြန်လာတယ်။ ပြီးတော့ ဆေးမှတ်တမ်းတွေအားလုံးကို သိမ်းဆည်းထားလိုက်တယ်။ နောက် ပိုင်း ရောဂါဖောက်ခြင်းလက္ခဏာတော့ မတွေ့ရ။ ဒီလိုနဲ့ နေလာတော့ 2002ခုနှစ်မှာ ဖေဖေဒုတိယအကြိမ် ရောဂါအပြင်းအထန် ပြန်ဖောက်လာခဲ့တယ်။ နှလုံးသမားတွေဟာ တကြိမ်ပဲဖောက်ခွင့်ရှိတယ်။ ဒုတိယတကြိမ်ဆို မလွယ်ကူတော့။

မကွေးပြည်သူဆေးရုံကြီး အရေးပေါ်ခန်းထဲကို အလျှင်မြန်ပို့ခဲ့သည်။ ဖေဖေခံစားရတာကြည့်ပြီး ဘယ်လိုမှမသက်သာနိုင်။ ဖေဖေ့ကို အခန်းထဲထည့်ထားပြီး မေမေကို ဆေးရုံအုပ်ကြီးကခေါ်တွေ့တယ်။ လူနာက ဘယ်လိုမှတော့မဖြစ်နိုင်တော့ကြောင်း။ နီးစပ်ရာဆွေမျိုး တွေကို ခေါ်ထားသင့်ကြောင်း ခေါ်ပြောတယ်။ မေမေက တက်နိုင်သလောက်တော့ကယ်ပါဦးဆရာရယ်ဆိုတော့ ။ ဆရာဝန်ကြီးက စကားဟလာတယ်။ ငွေကြေးတက်နိုင်လား။ ငွေနဲ့အသက်ဆက်မယ်ဆိုရင်တော့ သက်တမ်းစေ့မဟုတ်ရင်တောင် နည်းနည်းနေနိုင် သေးတယ်လို့ဆိုပါတယ်။ မေမေကလဲ ရှိသမျှစည်းစိမ်ကုန်ပါစေ ကုမယ်လို့ပြောလိုက်တော့ ဆရာဝန်ကြီးတို့က အားချင်းကုသဖို့ပြင် ဆင်ကြသည်။ သို့သော် သေ 70/30 ရှင် သာရှိခဲ့သည်။

ဖေဖေရောဂါက နှလုံးသွေးကြောကျဉ်းပြီး နောက်ဆုံး တကြောသာကျန်ပြီး ကျန်သွေးကြောတွေပိတ်သွားခဲ့တယ်။ နှလုံးထဲစီးဝင်တဲ့ သွေးပမာဏအတိုင်း ပြန်မထွက်တော့ပဲ နှလုံးအောက်ခြေပိုင်းမှာ သွေးများစုလာခဲ့တယ်။ တဖြည်းဖြည်းနှင့် ထိုသွေးများပုပ်လာခဲ့ တယ်။ ဒီလိုနဲ့ ရောဂါကပိုဆိုးလာခဲ့တယ်။ ဆရာဝန်ကြီးများ ကြိုးစားကုကြတယ်။ ဖေဖေဘေးပတ်ဝန်းကျုင်မှာလဲ စက်တွေကလဲ အများကြီး ရင်ဘတ်တွေမှာကော ကြိုးတွေကရှုပ်ရှပ်ခတ်နေသည်။ တရက်လဲသတိရမလာ၊ သုံးလေးငါးရက် တပတ် သတိရမလာခဲ့ ဘူး။ မေမေခမျာမှာတော့ လင်ယောင်္ကျားဇောနှင့် ပင်ပန်းရကောင်းမှန်းမသိ။ ဆေးရုံကနေ အိမ်ကိုလှမ်းစီမံလိုက်။ ဖေဖေ့ကို ပြုစု လိုက်နှင့်ပင်ပန်းလှသည်။ ဒီလိုနဲ့ ကိုးရက်မြောက်နေ့ မနက်မှာတော့ ဖေဖေလက်ကလေးတွေလှုပ်လာတယ်။ နှုတ်ခမ်းလေး မပွင့်တ ပွင့်နှင့် ရေကိုတောင်းလာတယ်။ ကျွန်တော်တို့အားလုံးဗျာ ပျော်ရွှင်လိုက်ကြတာ။ ထတောင်ခုန်ကြတယ်။

ဖေဖေက လူချစ်လူခင်အရမ်းပေါတယ်။ ဖေဖေ မေ့မျောနေတဲ့အချိန်ပိုင်းလေးအတွင်းမှာ လူနာလာကြည့်တဲ့ ဧည့်သည်တွေက များ ပြားလွန်းတယ်။ သူနာပြုဆရာမများ၊ အလုပ်သင်ဆရာဝန်များက လူနာဦးသိန်းအေး တို့ဆေးရုံလာတက်တာ ပွဲဈေးများခင်ထားသ လားအောင့်မေ့ရတယ်တဲ့။ IC ခန်းထဲပိုးသတ်တဲ့ ၀တ်စုံနဲ့ တစ်ဦးလျှင် 5 မိနစ်ကျနှုန်း ၀င်ခွင့်ပေးတာတောင် တနေကုန်မပျက်ရှိနေ သည်။ ဆရာဝန်များက လူနာကိုအနားပေးထားပါအုံး။ မ၀င်ကြပါနဲ့ဦးဆိုလဲ ၀င်တွေ့ကြသည်။ ဖေဖေနှိုးလာပြီဆိုတဲ့ သတင်းလဲကြား ကော အားလုံးပျော်ရွှင်ကြသည်။ ကျွန်တော်တို့လူနာရှင်တွေရော၊ ဆရာဝန်ဆရာမတွေကော ဖေဖေမိတ်ဆွေအပေါင်းသင်းတွေကော ပြောလို့မဆုံးကြတော့။ နောက်ပိုင်း ရောဂါလေးတည်ငြိမ်စပြုလာတော့ ဖေဖေမကွေးဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသ ခံရန် သွားရသည်။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုတွေခံယူပြီး ပြန်ဆင်းလာခဲ့သည်။ ရောဂါဖြစ်စ အချိန်နှင့် 5 လမျှတောင် ကြာသွားခဲ့သည်။ မကွေးဆေးရုံမှာ 3 လနှင့် ရန်ကုန်ဆေးရုံကြီးမှာ 2 လမျှဖြစ်သည်။ မေမေလဲစိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ရသည်။ သို့သော်လဲ ဖေဖေအတွက်ဆို မျက်နှာတစ်ချက်မပျက်ဖူး။ စိတ်တချက်မငြိုငြင်ဘူး။ ဖေဖေအတွက် ဇနီးကောင်းတစ်ယောက်ဖြစ်သ လို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်အတွက်လဲ မိခင်ကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။

ရန်ကုန်က ပြန်လာကတည်းက ဖေဖေတစ်ယောက် လူအကောင်းပတိလိုတော့ သွားလာလှုပ်ရှားလို့မရပေမယ့် ဖြေးဖြေးချင်းတော့ သန်မာလာခဲ့သည်။ ဒီလိုနဲ့ မေမေနှင့် ကျွန်တော်တို့ ဖေဖေအနားမှာပဲ နေပြီး စိတ်ပျော်ရွှင်အောင်ထားပြီး နေလာခဲ့ကြရာ 2006 ခုနှစ် ဇွန်လ 11 ရက်နေ့မှာ ဖေဖေတတိယအကြိမ် ရောဂါဆိုးကြီးဖောက်လာခဲ့သည်။ အဲနေ့က မေမေက အမျိုးသမီးရေးရာက ဖွင့်တဲ့ သူနာပြုသင်တန်းဆင်းပွဲကို တက်ရောက်ရမှာဖြစ်တယ်။ ဖေဖေက မေမေ့ဘေးမှာထိုင်ပြီး ဟိုအ၀တ်စားနဲ့က မသင့်တော်ဘူး။ ဒီအ၀တ်စားနဲ့သင့်တော်တယ်။ ဆံထုံးကိုအဲလိုမထုံးနဲ့ ဘယ်လိုထုံး စသဖြင့်ပြောနေတယ်။ ညီလေးကလဲ ကျုရှင်သွားမှာမလို စက် ဘီးနဲ့ထွက်ခါနီး သားငယ်..မင်း စက်ဘီးစီးတာ ကြမ်းတယ်နော်၊ ဖြေးဖြေးစီး။ သားကြီးကလဲ ဖေဖေ့နှလုံးဆေးတချို့ကုန်နေပြီ သွားဝယ်ပေးဦး။ ကျွန်တော်က ဖေဖေကလဲ ကြိုပြောပါဆို ဖေဖေက ဆေးပြတ်လို့ရတာမဟုတ်ဘူးလို့ပြောခဲ့တယ်။

ဒီလို သားအမိတွေကို မှာကြားနေတဲ့ကြားကနေ ဖေဖေ ခစ်..ခစ် ဆိုပြီး မျက်ဖြူစိုက်သွားသည်။ ကျွန်တော်တို့အားလုံး အသံကြား တဲ့နေရာ ကြည့်လိုက်တော့ ဖေဖေသတိလစ်သွားတယ်။ ဒီလိုနဲ့ ညီလေးက နောက်ဖေးက သြဇာရွက်ကိုခူးပြီး မေမေ့ကိုပေးတယ်။ မေမေက သြဇာရွက်ကို ချေပြီးဖေဖေ့နှုတ်ခေါင်းနားတေ့လိုက်သည်။ ဖေဖေသတိပြန်လည်လာသည် ။ ဖေဖေအားတင်းထားနော်၊ ဘာမှစိတ်မပူနဲ့ သားဆေးရုံဖုန်းဆက်ထားတယ်။ ကားလာတော့မယ်လို့ပြောလိုက်တော့ ဖေဖေခေါင်းလေးတစ်ချက်ငြိမ့် ၊ ကျွန်တော် တို့ကိုလဲ ဘာမှစိတ်မပူနဲ့လို့ ပြောသလို အပြုံးလေးတစ်ပွင့်ပေးပြီး မျက်လွှာလေးချသွားခဲ့သည်။ ထိုအချိန်မှ စပြီးဖေဖေဘယ်တော့မှ မျက်လုံးပြန်မဖွင့်လာခဲ့တော့ဘူး။ ဖေဖေကျွန်တော်တို့ကို အပြီးခွဲသွားခဲ့တယ်။ အချိန်လေးကတော့ 2006 ခုနှစ် ဇွန်လ 11 ရက် နံနက် 8 နာရီ 15 မိနစ်...

ညက အိမ်မက်ထဲမှာ ဖေဖေပေါ်လာတော့ ကျွန်တော်အရမ်းပျော်ရွှင်မိတယ်ဗျာ။ ပျော်ရွှင်စရာပုံစံလေးတွေနဲ့ ကျွန်တော်ဖေဖေ့ကို သုံးလေးကြိမ်လောက်မက်ဖူးတယ်။ နောက်ဘ၀မှာများ ရေစက်စုံခဲ့ရင် ဖေဖေရယ်၊ မေမေရယ်၊ ညီလေးရယ်၊ ကျွန်တော်ရယ်၊ အားလုံးအတူပြန်စုံချင်မိပါတယ်ဗျာ။

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Wednesday, January 6, 2010

အလွမ်းသစ်ပင်

ရင်နင့်အောင် ခံစားရပေမယ့်
ခုံမင်တက်မက်စွာ အလွမ်းတွေကို
ငါသောက်သုံးခဲ့တယ်..

မျှော်လင့်ချက် ရောင်ခြည်နည်းပေမယ့်
ငါ့အသွေးအသားကို စတေးပြီး
ဆက်လက်ရှင်သန်နေခဲ့တယ်..

မတော်လို့ သီးပွင့်မလာရင်
ဝိဥာဉ်လွင့်ရမယ်မှန်း သိပေမယ့်
ငါခွန်အားတွေ စိုက်ထုတ်နေမိတယ်..

ဘယ်အရာမှ မရှင်သန်နိုင်တော့တဲ့
ကန္တာရလွင်ပြင် ဖြစ်ခဲ့ရင်တောင်
ငါ့အလွမ်းသစ်ပင်က ....
ရှင်သန်နေအုံးမှာပါ.

သူများတွေကို ကဗျာလဲကောင်းကောင်းမရေးတက်ဘူး။ ဟိုမရောက်ဒီမရောက်ဖြစ်တော့မယ်ထင်တယ်။ စာဖတ်သူတို့ အနေနဲ့ ဟိုမ ရောက်ဒီမရောက်လေးကို သည်းခံဖတ်ပေးပါ။ ရုတ်တရက်ခံစားမှုကို ထုတ်ဖော်ရေးသားလိုက်ခြင်းဖြစ်သည်။

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..

မျှော်လင့်သူ

Tuesday, December 29, 2009

Myanmar Internet User

မြန်မာ Internet user တစ်ယောက် ဆိုင်ထဲဝင်လာသည်။ သူအရင်ဆုံး ဘာလုပ်မည်နည်း ? G-talk ၊ MIRC ၊ VZO စသည့် Chatting Browser တွေ အကုန်သူဖွင့်လိုက်သည်။ တစ်မျိုးကို Account သုံးလေးခုနှင့်ပေါ့ ။ အချိန်အတော်တန် ကြာအောင် သူအသုံးပြုလိုက်သည်။ ထို့နောက် ကောင်တာမှာ ငွေရှင်းလိုက်သည်။ စာဖတ်သူတို့ စဉ်းစားကြည့်ပါ သူဘာရသွားသနည်း ?

ကျွန်တော်တို့ ကမ္ဘာကြီးဟာ အခုဆိုလျှင် အလျင်မြန်တိုးတက်လာပြီး ကမ္ဘာကြီးမှာ ရွာကြီးတစ်ရွာ ဖြစ်လာခဲ့သည်။ အဖြစ်ပျက်တွေလဲ ပြောင်းလဲမြန်ဆန်လွန်းလှသည်။ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေး စသည်ဖြင့် တရိပ်ရိပ်နှင့် မြန်ဆန်စွာ တိုးတက်လာသည်။ ကျွန်တော်တို့ အနေနှင့် ထိုသို့တိုးတက်မှုများကို လက်လှမ်းမှီသလောက် လေ့လာနိုင်မှသာ သူများနောက်မကျန်နေခဲ့ပဲ သူများနှင့် ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ Chat ဆိုသည်မှာ မြန်မာအနက်အဓိပ္ပာယ်အရ အလ္လာပသလ္လာပ ၊ အပျင်းဖြေ စကားပြောသည်ဟု အဓိပ္ပာယ်ရပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့မှာ အလ္လာပသလ္လာပ ပြောဖို့ အချိန် ၃ နာရီလောက် သုံးတယ်ဆိုရင် သင့်တော်ပါ့မလား။ မြန်မာလူငယ် အများစုအနေနှင့် Chat ကိုအမုန်းသုံးစွဲ ကြတာကို အမြဲတွေ့နေရပါတယ်။ နေကောင်းလား၊ စားပြီးပြီလား ၊ ဘာတွေလုပ်နေသလဲ စသဖြင့် စကားစချီပြီး ပြောနေကြသည်။ အရှိန်လေး နည်းနည်းရလာလျှင် ရည်းစားစကား ဖွင့်ပြောမည်။ ဒါသည် တစ်ယောက်ထဲနှင့် မဟုတ် နောက် Account တစ်ခုမှ တစ်ယောက်အားလဲ Q လိုက်သေးသည်။ ဘေးမှ ကြည့်လိုက်လျှင် ကမ္ဘာ အလုပ်ရှုပ်ဆုံး လူသားဟုတောင် ထင်ရသည်။ စာဖတ်သူတို့အနေ နှင့် ကျွန်တော့်အား Chatting လုပ်ခြင်းအား မုန်းတီးသည်ဟု ထင်ကောင်း ထင်နိုင်ပေလိမ့်မည်။ ကျွန်တော် မမုန်းပါ ၊ မုန်းစရာအကြောင်းလဲ မရှိပေ။ ကျွန်တော် ဆိုလိုရင်းက လူငယ်တွေ အသုံးမှားနေခြင်းကိုသာ ဆိုလိုပေသည်။

မြန်မာ စကားပုံ တစ်ခုရှိသည် ။ " တစ်ရွာ တစ်ကျီဆောက်ပါ " ။ ခေတ်ကြီး တိုးတက်လာသည်နှင့်အမျှ တစ်နေရာမှ တစ်နေရာ ရောက်မှ မိတ်ဖွဲ့နေစရာ မလိုတော့ပဲ ပြည်နယ်နှင့် တိုင်းအသီးသီးမှာ ရှိတဲ့ ညီကိုမောင်နှမတွေ Online ပေါ်မှာ တွေ့ကြပြီး မိတ်ဆက်ရင်း ခင်မင်ရင်နှီးနိုင်ပေသည်။ ကွဲကွာနေသော သူငယ်ချင်းများ မိဘဆွေမျိုးများ Online ပေါ်မှာ လွယ်လင့်တကူ တွေ့ဆုံကြပြီး ဆက်သွယ်နိုင်ကြသည်။ မိတ်ဆွေရင်းကဲ့သို့သော ဘော်ဒါများလဲ ရရှိနိုင်ပေသည်။ ထိုသို့ အရမ်းအသုံးဝင်လှသော Chatting ကို အကျိုးရှိစွာ အသုံးချစေချင်သည်။

ကမ္ဘာပေါ်မှာ နေ့စဉ်ပြောင်းလဲ နေသမျှကိုလဲ သွားရောက်ကြည့်ရှုနေစရာ မလိုပဲ Internet ပေါ်မှပင် လွယ်လင့်တကူ ရှာဖွေကြည့်ရှုနိုင် သည်။ သူများနိုင်ငံတွေမှာ တိုးတက်ဖွံ့ဖြိုးနေသည်ကို သွားရည်ယိုခိုင်းသည် မဟုတ်ပါ။ သူတို့တွေ ဘယ်လိုကြိုးစားလို့ ဘယ်လိုအောင် မြင်သည်ဆိုတာကို အတုယူစေချင်သည်။ Internet တစ်နာရီ သုံးမည်ဆိုပါက ထိုသုံးသည့် အချိန်ထဲမှ မိမိအတွက် အကျိုးရှိမည့် အကြောင်းရာများကို လေ့လာရှာဖွေ မှတ်သားစေချင်သည်။ တစ်ချို့ Internet User များ G-talk နှင့် Gmail ဆက်စပ်သည်ဆိုတာကို တောင် သိပ်မသိဘူးဖြစ်နေသည်။ သူတို့တွေ Internet သုံးသည့်အချိန်တွေမှာ ဘာတွေလုပ်နေသနည်း။

ထိုသို့ပြောသောကြောင့် စာဖတ်သူများ မေးချင်ကြလိမ့်မည်။ " စာရေးသူကော ဘာသိသနည်း " ။ ကျွန်တော် ဖြေချင်ပါသည်။ ကျွန်တော် Internet နှင့်ပတ်သတ်၍ အပုံ ၁၀၀ ပုံ ၁ ပုံတောင် သိချင်မှ သိပါလိမ့်မည်။ သို့သော် ကျွန်တော်အားမငယ်ပါ ။ ဘာကြောင့်လဲ ? ကျွန်တော့်မှာ လေ့လာချင်စိတ် အပြည့်ဝရှိသည်။ အမြဲတစေလဲ လေ့လာသည်။ ဟိုလူ ဒါသိသည် ၊ ကျွန်တော်လဲ သိရမည် ၊ သိအောင်လဲ ကြိုးစားသည်။ ဟိုလူ ဟိုဟာသိသည် ၊ ကျွန်တော်လဲ သိရမည် ၊ သိအောင်လဲ ကြိုးစားမည် ။ စာရေးသူတို့လဲ သိကြမှာပါ Google ဆိုတာကကြီးက Internet ပေါ်က စာကြည့်တိုက်ကြီးတစ်ခုပါပဲ ။ စာဖတ်သူတို့ ဘာသိချင်လဲ ၊ ဘာတက်ချင်လဲ၊ ဘာတွေလေ့လာချင်လဲ ။ Google ထဲမှာ ရိုက်ထည့်လိုက်ယုံနဲ့ မိမိလိုချင်တာနဲ့ အနီးစပ်ဆုံးဖော်ပြပေးလိမ့်မည်။ ကဲဘယ်လောက်လွယ် သလဲ ။ ကျွန်တော် သိချင်သမျှ ဘာပဲလိုလို Google မှာပဲ ရှာကြည့်လိုက်သည်။ ရှာပေးနိုင်သည်။

စာဖတ်သူတို့ကို ဟာသအနေနဲ့ ကျွန်တော်တစ်ခုပြောပြ ပါမည်။ ကျွန်တော် Network နှင့် ပတ်သတ်သမျှကို Google ထဲမှာပဲ ရအောင် ရှာသည်။ သူငယ်ချင်းတစ်ယောက် ကျွန်တော့်နားလာပြီး ဆိုင်ကယ်သော့ပျောက်သဖြင့် လာငြီးနေသည်။ ကျွန်တော်ပြောလိုက်သည် မင်း Google ထဲမှာ My Motorcycle Key လို့ ရိုက်ထည့်လိုက်ပါလားလို့ ဟာသအနေနဲ့တောင် ပြောမိပါသည်။ ထိုမျှလောက် အသုံးဝင် သည်ကို စာဖတ်သူတို့ အကျိုးရှိရှိ အသုံးချစေချင်သည်။ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးနေသည့် Social Website ကြီးတွေ ဖြစ်တဲ့ Facebook တို့ Tagged တို့ကိုလဲ ၀င်ရောက် အသုံးပြုစေလိုသည်။ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လဲ မိမိတို့ ပညာအရေးနဲ့ ပတ်သတ်သမျှကို Internet ပေါ်မှာ ရှာဖွေလေ့လာစေချင်သည်။

နောက်တစ်ခု ကျွန်တော်ပြောချင်ပါသည်။ မြန်မာ Internet user တွေ အသုံးပြုနေတဲ့ Word ပိုင်းနဲ့ ပတ်သတ်လို့ပါ။ အသုံးပြုသူ တော်
တော်များများမှာ Broken English ( မြန်မာအသံထွက်အား English စာလုံးနှင့် ရေးသားသည်။) ကို အသုံးပြုနေတာကိုပါ။ ဒါကလဲ လွဲမှားနေတာ တစ်ခုပါပဲ။ အချိန်အများကြီး အသုံးပြုသည့် တိုင်အောင် ကိုယ့်အတွက် အကျိုးမရှိတာမျိုး ဖြစ်နိုင်ပါသည်။ ကမ္ဘာတစ်ဝှမ်း ရှိ လူမျိုးကြီး တော်တော်များများမှာ ကိုယ့်လူမျိုး စာလုံးကိုသာ အသုံးပြုကြပါသည်။ ကျွန်တော်တို့ အနေနှင့်လဲ English word သုံးသည့် အခါမှာ English စာသုံးတိုင်းသာ အသုံးပြုစေလိုပါသည်။ ပုံမှန်ပြောဆိုမှုကို Simple English မျိုးကို အသုံးပြုလို့ ရပေသည်။ နောက်တခုက ကိုယ့်လူမျိုး စာလုံးကိုလဲ အသုံးပြုစေချင်သည်။ Myanmar word ကိုလဲ ကြိုးစားရိုက်စေချင်သည်။ ခက်သည်ဆိုပြီး မရိုက်လျှင် တစ်သက်လုံး တက်မည် မဟုတ်ပေ။ မည်သူမှ မွေးကတည်းက မတက်သည်ကို သတိပြုစေလိုသည်။ အဓိကကျသည်မှာ မိမိ၏ စူးစမ်းချင်စိတ် လေ့လာလိုစိတ်ပေါ်သာ မူတည်ပါသည်။ အစပိုင်းမှာ ခက်ခဲသော်လဲ နောက်ပိုင်းတွင် လွယ်ကူစွာ ရိုက်နိုင်ပေလိမ့် မည်။ နောင်တစ်ချိန်တွင်လဲ အသုံးဝင်ပေလိမ့်မည်။

တိုးတက်မှုတိုင်းမှာ ကောင်းကျိုး နှင့် ဆိုးကျိုး ထိုနှစ်မျိုးဟာ ဒွန်တွဲနေတက်ပါတယ်။ စာဖတ်သူတို့ကို သတိပြုစေလိုစေချင်သည်က မိမိကုန်ခဲ့သော အချိန် နှင့် ငွေ အပေါ်တွင် ကောင်းကျိုးများသာ သက်ရောက်ဖို့ပါပဲ ။ Internet ပေါ်မှာ လူငယ်တို့လမ်းမှား ရောက်စေ နိုင်သော ညစ်ညမ်း Website များ သိန်းပေါင်းများစွာ ရှိပေသည်။ ထိုအတွက်သာ သင့်ရဲ့ အချိန် နှင့် ငွေကို ကုန်ဆုံးစေပါက သင့်အတွက် အကျိုးယုတ်ယုံ သာဖြစ်ပေလိမ့်မည်။ ထိုသို့ပါက Internet မသုံးတက်သည်ကပင် သင့်အတွက် ကောင်းပေလိမ့်မည်။ Internet ပေါ်တွင် တန်ဖိုးရှိသော Website များကို လေ့လာနိုင်ယုံသာမက ထို Website တည်ဆောက်ပုံများကိုလဲ အချိန်ပေးနိုင်လျှင် ပေးနိုင်သလို လေ့လာနိုင်ပေသည်။

ပညာ နှင့် ပတ်သတ်လျှင် ရှက်ကြောက်သည့် စိတ်မထားသင့်ပါ။ "ပညာရှာ ပမာ သူတောင်းစား" ဆိုသော မြန်မာ စကားပုံအား လူငယ်တို့ လက်ကိုင်ထား သင့်ပေသည်။ သင် မသိခဲ့သည်ရှိသော သင်အသုံးပြုသော Cyber မှ တာဝန်ရှိသူများကို ပြခိုင်း၍ ရပါသည်။ သင့်အနေနှင့်လဲ သူတစ်ခါ လုပ်ပြသည်ကို အတွေးထဲမှာ ဆွဲမြဲအောင် မှတ်ထားသင့်သည်။ တစ်ခါခေါ်ပြခိုင်းသည် ၊ နှစ်ခါခေါ်ပြခိုင်း
သည် ၊ အကြိမ်များလာလျှင် သင်ကိုယ်တိုင် ဆိုလျှင်လဲ စိတ်ရှည်နိုင်မည် မဟုတ်တော့ပေ။ အခွင့်ခါ သင့်တိုင်းမှာ သင့်ရဲ့ Network ပိုင်းအသိပညာကို တိုးတက်အောင် ကြံဆောင်နိုင်အောင် သင်ကိုယ်တိုင်သာ စွမ်းဆောင်ရပေမည်။
မြန်မာ Internet User များ တိုးတက်ရေးကို အစဉ်ရှေးရှုလျှက်....

(ဒီ Post လေးကို ကျွန်တော် Blog စတင်တည်ထောင်ခါစက ရေးသားခဲ့တာပါ။ စာဖတ်သူတို့ ကျွန်တော့်ရဲ့ အမြင်လေးကို ဝေဖန်နိုင်စေ ဖို့ အခုလို ပြန်လည်တင်ပေးခဲ့တာပါ.)

မျှော်လင့်သူ..

Saturday, December 19, 2009

နွေးထွေးသော နေ့ရက်များ

ကျွန်တော်တို့မှာ မိသားစု ငါးယောက်ရှိပါတယ်။ မေမေမွေးခဲ့တာတော့ ကျွန်တော့်အောက်သုံးနှစ်ငယ်တဲ့ ညီလေးတစ်ယောက်ရယ်ပါ။ ဒါပေမယ့် ဖေဖေမဆုံးခင်မှာ ညီလေးတစ်ယောက်ကို မွေးစားခဲ့ပါတယ်။ ဖေဖေက ၂၀၀၆ ဇွန်လ ၁၁ ရက်နေ့မှာ ကျွန်တော်တို့ကို အပြီး တိုင်နှုတ်ဆက်ပြီး လူ့လောကကြီးကထွက်ခွာသွားခဲ့ပါတယ်။ ကျွန်တော်တို့ ထမင်းစားဝိုင်းလေးမှာ အိမ်ထောင်ဦးစီးနေရာလေး လွတ် သွားခဲ့ပါတယ်။ အခုလဲ နောက်ထပ်တစ်နေရာလွတ်ခဲ့ပြန်ပြီ။ အဲဒါကတော့ ညီလေးပါ.. သူ ၁၀ တန်းအောင်တော့ စစ်တက္ကသိုလ်တက် ဖို့ရွေးချယ်ခဲ့ပါတယ်။ သူအရမ်းစိတ်အားထက်သန်နေတော့ ကျွန်တော်နဲ့ မေမေ မတားဖြစ်ခဲ့ပါဘူး။ သူဖြစ်ချင်တာကိုဖြစ်အောင် လုပ် ပေးခဲ့ပါတယ်။ ဖေဖေ့ဆန္ဒလဲ ပါခဲ့တယ်လေ။ ညီလေးက ကျွန်တော်တို့ကို ခွဲပြီး ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ သွားတက်နေတာ အခုဆို တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ အခု ဒီဇင်ဘာလ ၁၆ ရက်မှာ ညီလေး ပြန်ရောက်လာတယ်။ ပထမနှစ်သင်တန်းဆင်းပြီး ပြန်လာရတာပါ။ ခွင့်က ၁ လမပြည့်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မိသားစုလေး စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်နေခဲ့ကြပါတယ်။ ဒီလိုမိသားစု ဆုံဆည်း ခွင့်ရတဲ့ အချိန်လေးတွေကို အမြဲတန်ဖိုးထားနေမှာပါ.

မေမေ ၊ ညီလေးနဲ့ ညီအငယ်ဆုံး ကုလားလေး

ညီလေးနဲ့ ညီအငယ်ဆုံး ကုလားလေး

ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် ချစ်မေမေ

စာရေးသူ ကျွန်တော်နှင့် ညီအငယ်ဆုံး ကုလားလေး

သြော် အတူရှိခဲ့တဲ့အချိန်တွေမှာ ရင်ထဲမှာ သိပ်မသိခဲ့ပေမယ့် အခုလို မိသားစုအင်အား နည်းပါးတဲ့အချိန်မှာ ခွဲနေရတော့ အရမ်းပဲ နာကျင်မိပါတယ်။ စာဖတ်သူတို့လဲ မိသားစုနဲ့ အတူနေရတဲ့အချိန်လေးတွေကို တန်ဖိုးထားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်.။

မျှော်လင့်သူ

Saturday, December 12, 2009

ဒဏ်ရာရက်စွဲပေါ်က .... ငါ .... ( ၂ )

ငါခဏလောက်လှဲနေပြီး ညစာစားဖို့ အုပ်ဆောင်လေး လှန်ကြည့်တယ်။ အားလုံးစားသောက်ပြီးကြပြီ ။ အထဲက သူက လှမ်းအော် တယ် ။ မနက်က ချက်တာတွေမကုန်လို့ ထပ်မချက်ဘူးတဲ့ သူတို့ကတော့ အပြင်ကစားခဲ့ပြီတဲ့။ ထမင်းကြမ်းခဲလေး ပန်းကန်ထဲထည့် လို့၊ ဟင်းက မယ်မယ်ရရမရှိ ။ ငါအရမ်း စိတ်ညစ်သွားတယ် တစ်ရက်လဲမဟုတ် နှစ်ရက်လဲမဟုတ်။ ငါအလကား သူတို့ဆီက စားနေတာမဟုတ် ။ ငါ တစ်လတစ်ခါ ထမင်းဖိုးရှင်းပေးရတယ် ။ နောက် အိမ်လခ ရှင်းပေးခဲ့ရတယ် ။ ဒါတွေကို မေမေ မသိစေချင် ။ သူကရွှေဘုံစံထားပေမယ့် အခုလို နေနေရတာကို မြင်ရင် သူတို့ကို နောက်မှ ဒီလိုကျိတ်ပြီး နေနေတဲ့ ငါ့ကို အရင်သတ်မှာ ။ မသွားခင်ကတည်းက မက်စရာမရှိလို့ မေမေ့စကား အခုနားထဲမှာ အမြဲကြားနေခဲ့တယ်။

အုပ်ဆောင်း ပြန်အုပ်ပြီး အ၀တ်စားလေးလဲကာ အပြင်လောကထဲ ငါထွက်ခဲ့တယ်။ ငါ့ကိုသိတဲ့သူ ဒီရက်ကွပ်ထဲမှာတော့ လမ်းထိပ်က ကုန် စုံဆိုင်က အပျိုကြီးရယ် ငါအပျင်းပြေငှားဖတ်နေကြ စာအုပ်ဆိုင်က အသက်ခပ်လတ်လပ် အစ်မကြီးရယ် ၊ ငါအထီးကျန်သွားတိုင် သွား ထိုင်ဖြစ်တဲ့ လ္ဘက်ရည်ဆိုင်က စားပွဲထိုးလေးရယ် ။ ငါအပြင်လောကထွက်တိုင်း ဒီသုံးနေရာပဲထွက်မိတယ်။ ဝေးဝေးသွားလို့ကလဲ မရ၊ အပြန်နောက်ကျရင် တံခါးပိတ်မယ်က ကြိုပြောထားတယ်။ ငါအပြင်မှာ ဗိုက်ကလေးဖြည့်ပြီး အိမ်ပြန်ရောက်တော့ အိပ်ရာလေး
ပေါ်လဲမိ တယ်။ ငါအိပ်တဲ့နေရာမှာ မီးဖိုဘက်က လာတဲ့မီးလေးနဲ့ စာအုပ်ကို ရအောင်ဖတ်တယ်။ ဒါတောင် မီတာခတက်တယ်ဆိုပြီး ဘာ မပြောညာမပြောနဲ့ မီးကိုပိတ်သွားတယ်။ ငါ ဒေါသမဖြစ်တော့ ငါ ရအောင်ဖတ်မယ်ဆိုပြီး အပျိုကြီးဆိုင်က ၀ယ်ထားတဲ့ ဖယောင်း တိုင်နဲ့ ငါစာကိုဖတ်ခဲ့တယ်။

တစ်လမှာ နှစ်ရက်ထဲ နားရတဲ့ ငါ ကောင်းကောင်းနားဖူးတဲ့ ရက်မရှိခဲ့။ တစ်ရက်လောက် အိပ်ရေးဝအောင် အိပ်မယ်ကြံတယ် ။ ခြင် ထောင်ကြိုး လာဖြတ်သွားတယ်။ လူသွားလမ်းကြီးမှာ နေဖင်ထိုးအောင် အိပ်နေလို့တဲ့။ ငါတွေးမိတဲ့ ငါစိတ်အရမ်းနာတယ်။ ဒါပေမယ့် ငါအတွက်နဲ့ ငါ့ဆွေမျိုးတွေ ကြားမှ ပြဿနာတက်မှာ မလိုချင်ဘူး ။ ငါ သူတို့ဆီမှာ နေတဲ့ တစ်လျှောက် ငါဖြစ်ခဲ့တာတွေကို ရင်နာနာနဲ့ ဘ၀ကပေးတဲ့ သင်ခန်းစာလို့ ငါမှတ်ယူခဲ့တယ်...

တချိန်က ဒီရက်စွဲတွေပေါ်မှာ ရှင်သန်ခဲ့တဲ့ ရက်တွေကို ပြန်တွေးမိရင် ငါ ရင်တွေနာကျင်ပြီး မွန်းကြပ်လာတယ်။ ဒီရက်စွဲတွေဟာ ငါ့နှလုံးသားမှာ ထင်ကျန်နေတဲ့ ဒဏ်ရာတွေပဲပေါ့။ ဒဏ်ရာ ရက်စွဲတွေပါ.

မျှော်လင့်သူ

ဒဏ်ရာရက်စွဲပေါ်က .... ငါ .... ( ၁ )

ငါ ဆိုတဲ့ ငါတစ်ယောက် ကျောင်းပြီးတာနဲ့ မိဘရင်ခွင်ကခွာထွက်ပြီး အဒေါ်ဆိုတဲ့ အားကိုးချက်နဲ့ မြို့ကြီးပြကြီးကို အထင်ကြီးတက်တဲ့ ငါ ခရီးဆောင်အိပ်ကိုဆွဲပြီး တစ်ယောက်ထဲထွက်ခွာလာခဲ့တယ်။ ဟိုရောက်ရင် ဘာလုပ်မယ် ညာလုပ်မယ်၊ ဟိုသင်တန်းတက်မယ် ဒီသင် တန်းတက်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ အပူဆိုတာဝေးရော အရာအားလုံးဟာ မျက်လုံးထဲမှာ ရေခဲမတက် အေးချမ်းနေခဲ့တယ်။

မှော်ဝင်တုတ်နဲ့ ရမ်းလိုက်ရင် ဖြစ်လာသလို မြို့ကြီးမှာနေရင် ဖြစ်မယ်ဆိုတဲ့အတွေးက သံမှိုဆွဲသလိုပဲပေါ့ ။ မက်လုံးပေးခဲ့တဲ့ သူတို့ကလဲ အခုပဲ သူတို့က အကုန်ဖြည့်ဆည်းပေးမလို ငါ့ကိုဆွဲဆောင်ခဲ့တယ်။ ကျောင်းပညာကလွဲလို့ ဘာမှဗဟုသုတမရှိတဲ့ငါ အယုံကြီးယုံခဲ့မိ တယ်။ ငါရောက်ပြီး ဒုတိယနေ့မှာပဲ ငါအလုပ်စလုပ်ရတယ်။ သူပြောသလို အထပ်မြင့်တိုက်ကြီးထဲက အဲယားကွန်းအခန်းထဲမှာ ဘောပင် ကိုင်ပြီး အလုပ်တော့မဟုတ်ခဲ့၊ နေပူပူမှာ မှတ်စုစာအုပ်ကလေးကိုင်ပြီး ကုန်တင်ကုန်ချကြည့်ရတဲ့ တာဝန် ၊ နောက် ဂိုဒေါင်လေး သုံးလေး လုံးကို စောင့်ကြည့်ရတဲ့ သူတို့အခေါ် ဂိုဒေါင်မှုးပေါ့. ၊ ငါစိတ်မပျက်ခဲ့ဘူး . အရာအားလုံးလန်းဆန်းတက်ကြွနေခဲ့တယ်၊ သူ(အဒေါ်) က ပြောခဲ့တယ် ၊ ဒါက လောလောဆယ်တဲ့ လုပ်ထားနှင့်တဲ့ သူ့အမျိုးသားက အဆင်ပြေရင် သူ့အလုပ်မှာ ခေါ်ထားမယ်တဲ့ပေါ့ ။

ငါအလုပ်စဆင်းရတယ် ၊ သူ့အိမ်က ဘီးအစုပ်ကလေး တဆင်းနဲ့ပေါ့ ။ မန္တလေးလိုဆိုင်ကယ်တစ်ဝီ၀ီမြို့ကြီးမှာ ရောင်ပေပေလေးပေါ့။ ဘီး လေးမှာ ထမင်းချိုင့်လေး ချိတ်ပြီးပေါ့။ နေကုန်နေခန်း ငါအလုပ်ကို ကြိုးစားခဲ့တယ်။ ငါဒီအလုပ်ကိုခဏလုပ်မယ် နောက်ပိုင်း ငါသင်တန်း တွေတက်မယ်ပေါ့ ။ ငါမငြီးငြူခဲ့ပါဘူး ။ ဒါပေမယ့် သူက ငါအလုပ်သွားဖို့အတွက် တစ်စီးတဲ့ရှိတဲ့ဘီးကို ပြန်လိုချင်ခဲ့တယ် ။ ငါအလျင်မြန်ပဲ မေမေ့ဆီက ငွေတောင်းပြီး ငါကိုယ်ပိုင် ဘီးသစ်လေး ၀ယ်လိုက်တယ်။

တစ်နေ့တစ်နေ့ ငါအဖြစ်က ပိုဆိုးလာခဲ့တယ်။ ငါ မနေ့က တစ်နေကုန်ပင်ပန်းလို့ ကိုက်ခဲနေပေမယ့် သူတို့စားဖို့ မနက်စာထမင်းအိုး အတွက် ငါထတည်ပေးရတယ်။ ဟိုလုပ်ဒီလုပ်နဲ့ ပြန်ပြီး မအိပ်တက်တော့တဲ့ငါ သူတို့မနိုးခင် ရေချိုးတာ ၊ နောက်ဖေးသွားတာ ပြီး အောင်လုပ်ထားလိုက်ရတယ်။ အဲလိုမှမဟုတ်ရင် ငါဆိုတဲ့ငါ မလွယ် ။ ငါအိမ်မှာ မနက်စာကို မေမေက ရှယ်လုပ်ခဲ့ပေးပေမယ့် သူတို့ မျက်နှာညိုပြီးမှ ငါမနက်စာ တလုပ်စားရမှာကို ငါမလိုချင်ခဲ့ဘူး ။ သူထည့်ပေးတဲ့ တစ်ရာဖိုး ခြောက်ခုဆိုတဲ့ ဘယာကြော်လေးနဲ့ ငါထမင်းချိုင့်ထုတ်ပြီး ငါအလုပ်ကိုထွက်ခဲ့ရတယ်။ တစ်ညလုံးလဲ ဆာလောင်ခဲ့တဲ့ ဒဏ်ကို ငါ ကြာကြာမထိန်းနိုင်တော့ ။ လမ်းထိပ်က အပျိုကြီး ကုန်စုံဆိုင်က တစ်ရာတန်ပေါင်မုန့်လေးကို ကိုက်ရင်း ဘီးလေးနဲ့ အလုပ်ဆီကို ၄၅ မိနစ်ကြာအောင်ငါနင်းခဲ့တယ်။

ငါ သူ့ဆီမှာ ဘယ်လောက် စိတ်ဆင်းရဲခဲ့ရ ရဲခဲ့ရ ငါ အလုပ်ထဲမှာ ဘယ်တော့မှ မျက်နှာမငြိုငြင်ခဲ့ ။ ပျော်ရွှင်စွာနဲ့ ငါဘ၀ရဲ့ တာဝန်တွေ ကို ငါ ထမ်းဆောင်ခဲ့တယ်။ ငါ့လက်အောက်က လူတွေကိုလဲ ငါဂရုစိုက်ဆက်ဆံခဲ့သလို ငါရဲ့ လုပ်ဖော်ကိုင်ဘက်တွေကိုလဲ ငါသင့် အောင်ပေါင်းခဲ့တယ်။ ငါ ရဲ့ စေတနာရောင်ပြန်ဟပ်တယ်ပဲ ပြောရမလား ။ အချိန်တိုလေးအတွင်းမှာ ငါလုပ်ဖော်ကိုင်ဖက် မိတ်ဆွေ ကောင်းတွေ ငါရရှိလာတယ်။ ပိုင်ရှင်ကလဲ အလေးပေးခဲ့တယ်။ ထမင်းစားချိန်ရောက်တိုင်း ငါ့ထမင်းချိုင့်လှပ်တိုင်း ငါစိတ်ညစ်ရတယ် ဒါပေမယ့် ငါမျက်နှာမငယ်ရပါဘူး ။ ငါအပေါင်းသင်းတွေက ကောင်းလွန်းတယ်။ နောက် ဒီထမင်းချိုင့်ကို မယူခဲ့ပဲ နင်ဘာစားချင်လဲ ပြောသာပြောလိုက်ဖြစ်စေရမယ် ဆိုတဲ့သူတွေ ။ ငါအလွန်မင်းပျော်ရွှင်ခဲ့မိတယ်။

ငါ ညနေရုံးဆင်းခါနီး အလုပ်သမားတွေနဲ့ ဘောလုံးကစားရင်း ရင်းနှီးမှုယူခဲ့တယ်။ အဲနောက် ငါရေချိုးပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ မန္တလေးရွှေမြို့တော်ကြီးထဲ ဘီးသစ်ကလေး စီးပြီး လျှောက်လည်ခဲ့တယ်။ တစ်ခါတစ်လေ ဦးပိန်ဘက် ငါရောက်ခဲ့သလို တစ်ခါတစ် လေလဲ ဘုရားကြီးမှာ သွားထိုင်နေခဲ့တယ်။ ဒီလိုနဲ့ ငါအိမ်ပြန်ရတယ် ။ ငါအိမ်ရောက်ရင် အလုပ်ကပြန်ရင် ကြိုမယ့်သူမရှိခဲ့ ငါအတွက် ကျောခင်းဖို့ပေးထားတဲ့ နေရာလေးမှာ ခဏလဲနေမိတယ်။ မီးဖိုခန်းဘက်ကလာတဲ မီးရောင်ပြပြလေးနဲ့ အေးခဲတဲ့ ဆောင်းတွင်းမှာ တောင် ကြမ်းခင်းမပါပဲ သံမံတလင်းပေါ် ဖျာလေး တစ်ချက် ခင်းပြီး နေခဲ့ရတယ်။
ဆက်ရန်........

မျှော်လင့်သူ

Friday, December 11, 2009

ဒီဇင်ဘာ ရာဇ၀င်

အညာမြေရဲ့ ဒီဇင်ဘာဆောင်းတွင်း တစ်ညဟာ ရိုးသားမှုတွေဖုံးအုပ်ပြီး တိတ်ဆိတ်အေးချမ်းလျှက်ရှိနေခဲ့သည်။ ပတ်ဝန်းကျင်တစ်ခု လုံးမှာလဲ အနွေးဓာတ်ပျက်ပျယ်မည် ဆိုးသဖြင့် မလှုပ်ချင်လောက်အောင် အေးလွန်းလှသည်။ ညသန်းခေါင်ချိန် ကျွန်တော်တို့မြို့ရဲ့ လမ်းမကြီး တစ်ခုလုံးမှာ လူသူကင်းမဲ့ပြီး မြူခိုးများ အုပ်ဆိုင်းနေသည်။ ကျွန်တော့်အဖို့တော့ ပုံမှန်အလုပ်ဆင်းချိန်ပေါ့။ သူများတွေလို အေးနေပေမယ့်လဲ မကွေးနိုင်သေးပေ။ အလုပ်မှအပြန် ထူထဲစွာဝတ်ဆင်ပြီး ဆိုင်ကယ်ကို အရှိန်နှင့်မောင်းနှင်လာခဲ့သည်။

ကျွန်တော့်ရဲ့ အိမ် နှင့် အလုပ်က ၁၀ မိနစ်စာလောက်စီးရသည်။ အေးခဲလွန်းတဲ့အတွက်ကြောင့် ၁၀ နာရီစာ စီးရနေသည်တောင်ထင် ရသည်။ ဘေးဘယ်ညာကြည့်တော့လဲ တိတ်ဆိတ်နေသည်။ မီးရောင်ပြပြလေး နှင့် ကျွန်တော်ဆိုင်ကယ်တစ်ရိပ်ရိပ် မောင်းနှင်ခဲ့သည်။
ထိုသို့ မောင်းနှင်ရင်းနှင့် ကျွန်တော်စိတ်ထဲမှာ ဆို့နှစ်ဖို့ကောင်းတဲ့ အဖြစ်ပျက်တစ်ခု ခေါင်းထဲ ၀င်လာခဲ့သည်။ လွန်ခဲ့သော နှစ်အနည်း ငယ်အကြာကပေါ့.........................

ဒီဇင်ဘာလရဲ့ ညလေးတစ်ညမှာ ကျွန်တော်ဘော်ဒါတွေနှင့် မြို့ထဲမှာ လျှောက်ပတ်နေခဲ့သည်။ အပူပင်မဲ့တဲ့ ကျောင်းသားဘ၀ပေါ့။ အချိန်အတော်လင့်သည်နှင့် အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်တော့ ည ၁၂ နာရီ ပတ်ဝန်းကျင်ရှိနေခဲ့ပြီ။ မေမေအဖို့ မအိပ်နိုင်သေး ချစ်လှစွာသော သားကြီး နှင့် လင်တော်မောင်ကို အေးသည့်ကြားမှ စောင့်နေရသည်။ ဖေဖေကတော့ ကျွန်တော့်လို အလေလိုက်နေသည် တော့ မဟုတ်ပေ။ အလုပ်ကိစ္စအတွက်နှင့် ခရီးသွားနေခြင်းဖြစ်သည်။ ကျွန်တော်ရောက်သည်နှင့် ညအိပ်ရာဝင်အ၀တ်စားလဲပြီး မေမေနှင့်အတူ ဧည့်ခန်းထဲမှာ ဖေဖေ့ကို ထိုင်စောင့်ရင်း စကားတွေပြောနေလိုက်သည်။

ခဏအကြာတွင် အိမ်ရှေ့မှ ကားဟွန်းသံကြားလိုက်ရသည်။ ဖေဖေပြန်ရောက်လာသည်။ ဖေဖေနှင့်အတူ ဖေဖေ့လက်ထဲတွင် ချမ်း၍ တုန်နေသော ချစ်ဖို့ကောင်းတဲ့ ခွေးလေးတစ်ကောင်ပါ ပါလာသည်။ အကြောင်းစုံမေးကြည့်တော့ လမ်းပေါ်မှာ ကားမောင်းရင်းနဲ့ တွေ့ ခဲ့ကြောင်း ၊ ခွေးမကြီးနဲ့ ကွဲနေကြောင်း ၊ သေသွားမှာစိုးသဖြင့် သနားသောကြောင့် ကားရပ်ပြီး ခေါ်လာခဲ့ကြောင်း ပြောလေသည်။ ကျွန်တော်တို့လဲ ခွေးလေးကို အ၀တ်များဖြင့် နွေးထွေးအောင် သိပ်လိုက်ပြီး ကျွန်တော်တို့လဲ ညအိပ်ရာဝင်ခဲ့သည်။

အချိန်တွေ တဖြည်းဖြည်းကြာလာခဲ့သည်... ကျွန်တော်တို့ မိသားစုဝင် ၄ ယောက်တွင် တစ်ယောက်ထပ်တိုးလာခဲ့သည် ။ ထိုတစ် ယောက်မှာ ခွေးကလေး တိုးမောင် ပင်ဖြစ်သည်။ ကျွန်တော်တို့အားလုံးက ချစ်ကြသည်။ တိုးမောင်ကလဲ လိမ္မာလွန်းလှ သည်။ ဖေဖေပြောနေကျ စကားလေးတစ်ခွန်းကို အမြဲကြားနေမိသည်။ ငါ့သားတွေနဲ့ ငါ့မိန်းမကတော့ ငါ့သားလေး တိုးမောင်လောက် တောင် အသုံးမကျဘူးဟေ့.. ကြည့်စမ်း ငါအလုပ်ကပြန်လာရင် တိုးမောင်က ပြေးကြိုဖော်ရတယ်.. ဟင်း သူတို့ကတော့ မလှုပ်တလှုပ် တဲ့။ ဖေဖေစိတ်ကြည်နေတဲ့နေ့မျိုးဖြစ်သည်။ တိုးမောင်ကလဲ အလိုက်သိလွန်းစွာ အမြီးလေး နှံ့ပြီး ပြေးကြိုတက်သည်။

တစ်ခါတစ်လေ ဖေဖေ အလုပ်ထဲမှာ စိတ်အခန့်မသင့်တဲ့အခါမျိုး ပြန်လာတဲ့အခါကြရင် တိုးမောင်ကတော့ မသိပေ။ ပုံမှန်အတိုင်း ပွတ် သီးကပ်သပ်နှင့် ကြိုလျှင် ဖေဖေက ငေါက်လွတ်တက်သည်။ ထိုအခါမျိုးကြရင် တိုးမောင်လေး ကုပ်ချောင်းချောင်းနဲ့ ၀ပ်သွားတက် သည်။ ကျွန်တော်တို့အားလုံး သဘောကျပြီး ရယ်ခါမှ ပြန်ထလာတက်သည်။ ထိုအခါဖေဖေလဲ စိတ်ပြေသွားတက်သည်။

ထိုသို့နှင့် ကျွန်တော်တို့ မိသားစုလေး ဒီဇင်ဘာဆောင်းတွင်းအပြင် ရာသီဥတု ၃ ပါးလုံးကို အေးအတူပူအမျှနှင့် ပျော်ရွှင်စွာဖတ်သန်း ခဲ့ကြသည်။ သိပ်မကြာပေ ကျွန်တော်တို့ မိသားစုလေးထဲ အနိစ္စဆိုတဲ့ မုန်တိုင်းတစ်ခု ၀င်ရောက်ခဲ့သည်။ လူသားတို့မရှောင်လွဲနိုင် သေလမ်းသို့ ဖေဖေ နှလုံးရောဂါခံစားရပြီး လျှောက်လှမ်းသွားခဲ့သည်။ ကျွန်တော်တို့မိသားစုလေး အရမ်းကြေကွဲဝမ်းနည်းခဲ့ရသည်။ ပထဆုံးအကြိမ် ဒီလောက်ပူဆွေးမှုကိုခံစားဖူးသည်ဆိုတော့ ရူးသွပ်ချင်လောက်အောင်ပင်ဖြစ်ခဲ့သည်။ ကျွန်တော်တို့အားလုံး ပူဆွေး နေသလို တိုးမောင်လေး မှာလဲပူဆွေးနေခဲ့သည်။ ဖေဖေဆုံးပြီးနောက်ပိုင်း တိုးမောင် အရင်ကလို မမြူးတော့ပေ။ အမြဲကုပ်ချောင်း ချောင်းနှင့် ဖေဖေအိပ်ရာနားကိုပဲ သွားသွားအိပ်နေတက်သည်။ အစားလဲ နောက်ပိုင်း သိပ်မစားတော့ပေ။ ပိန်လှီလာခဲ့သည်။ ဆရာ ၀န်ခေါ်ပြီး ဆေးထိုးလဲမတိုးပဲဖြစ်လာခဲ့သည်။ သိပ်တောင်မကြလိုက်ပေ.. သူအရမ်းချစ်သော သူ၏ သခင်နောက်သို့လိုက်သွားခဲ့သည်။ ထိုအချိန်ကလဲ ဒီဇင်ဘာလကြီးပေါ့.။ ကျွန်တော်တို့အဖို့ ထပ်မံပူဆွေးရပြန်သည်။

အော် အခုဆိုရင် ဖေဖေနှင့် တိုးမောင် ကျွန်တော်တို့ ရင်ခွင်ကနေ အပြီးတိုင်ထွက်ခွာသွားသည်မှာ သုံးနှစ်ကျော်ခဲ့ပါပြီ။. ဘ၀တပါးသို့ ပြောင်းရွှေ့သွားသော ဖေဖေနှင့် တိုးမောင်အတွက် အမြဲရည်စူးပြီး ကျွန်တော်တို့ မိသားစုသုံးယောက် အမြဲကုသိုလ်လုပ်ဖြစ်ခဲ့ပါတယ်။ ဖေဖေနှင့် တိုးမောင် ကောင်းရာ သုဂတိလားပါစေ.
သတိရလွမ်းဆွတ်လျှက်.....

မျှော်လင့်သူ

Wednesday, November 4, 2009

Myanmar Internet User

မြန်မာ Internet user တစ်ယောက် ဆိုင်ထဲဝင်လာသည်။ သူအရင်ဆုံး ဘာလုပ်မည်နည်း ? G-talk ၊ MIRC ၊ VZO စသည့် Chatting Browser တွေ အကုန်သူဖွင့်လိုက်သည်။ တစ်မျိုးကို Account သုံးလေးခုနှင့်ပေါ့ ။ အချိန်အတော်တန် ကြာအောင် သူအသုံးပြုလိုက်သည်။ ထို့နောက် ကောင်တာမှာ ငွေရှင်းလိုက်သည်။ စာဖတ်သူတို့ စဉ်းစားကြည့်ပါ သူဘာရသွားသနည်း ?

ကျွန်တော်တို့ ကမ္ဘာကြီးဟာ အခုဆိုလျှင် အလျင်မြန်တိုးတက်လာပြီး ကမ္ဘာကြီးမှာ ရွာကြီးတစ်ရွာ ဖြစ်လာခဲ့သည်။ အဖြစ်ပျက်တွေလဲ ပြောင်းလဲမြန်ဆန်လွန်းလှသည်။ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေး စသည်ဖြင့် တရိပ်ရိပ်နှင့် မြန်ဆန်စွာ တိုးတက်လာသည်။ ကျွန်တော်တို့ အနေနှင့် ထိုသို့တိုးတက်မှုများကို လက်လှမ်းမှီသလောက် လေ့လာနိုင်မှသာ သူများနောက်မကျန်နေခဲ့ပဲ သူများနှင့် ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ Chat ဆိုသည်မှာ မြန်မာအနက်အဓိပ္ပာယ်အရ အလ္လာပသလ္လာပ ၊ အပျင်းဖြေ စကားပြောသည်ဟု အဓိပ္ပာယ်ရပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့မှာ အလ္လာပသလ္လာပ ပြောဖို့ အချိန် ၃ နာရီလောက် သုံးတယ်ဆိုရင် သင့်တော်ပါ့မလား။ မြန်မာလူငယ် အများစုအနေနှင့် Chat ကိုအမုန်းသုံးစွဲ ကြတာကို အမြဲတွေ့နေရပါတယ်။ နေကောင်းလား၊ စားပြီးပြီလား ၊ ဘာတွေလုပ်နေသလဲ စသဖြင့် စကားစချီပြီး ပြောနေကြသည်။ အရှိန်လေး နည်းနည်းရလာလျှင် ရည်းစားစကား ဖွင့်ပြောမည်။ ဒါသည် တစ်ယောက်ထဲနှင့် မဟုတ် နောက် Account တစ်ခုမှ တစ်ယောက်အားလဲ Q လိုက်သေးသည်။ ဘေးမှ ကြည့်လိုက်လျှင် ကမ္ဘာ အလုပ်ရှုပ်ဆုံး လူသားဟုတောင် ထင်ရသည်။ စာဖတ်သူတို့အနေ နှင့် ကျွန်တော့်အား Chatting လုပ်ခြင်းအား မုန်းတီးသည်ဟု ထင်ကောင်း ထင်နိုင်ပေလိမ့်မည်။ ကျွန်တော် မမုန်းပါ ၊ မုန်းစရာအကြောင်းလဲ မရှိပေ။ ကျွန်တော် ဆိုလိုရင်းက လူငယ်တွေ အသုံးမှားနေခြင်းကိုသာ ဆိုလိုပေသည်။

မြန်မာ စကားပုံ တစ်ခုရှိသည် ။ " တစ်ရွာ တစ်ကျီဆောက်ပါ " ။ ခေတ်ကြီး တိုးတက်လာသည်နှင့်အမျှ တစ်နေရာမှ တစ်နေရာ ရောက်မှ မိတ်ဖွဲ့နေစရာ မလိုတော့ပဲ ပြည်နယ်နှင့် တိုင်းအသီးသီးမှာ ရှိတဲ့ ညီကိုမောင်နှမတွေ Online ပေါ်မှာ တွေ့ကြပြီး မိတ်ဆက်ရင်း ခင်မင်ရင်နှီးနိုင်ပေသည်။ ကွဲကွာနေသော သူငယ်ချင်းများ မိဘဆွေမျိုးများ Online ပေါ်မှာ လွယ်လင့်တကူ တွေ့ဆုံကြပြီး ဆက်သွယ်နိုင်ကြသည်။ မိတ်ဆွေရင်းကဲ့သို့သော ဘော်ဒါများလဲ ရရှိနိုင်ပေသည်။ ထိုသို့ အရမ်းအသုံးဝင်လှသော Chatting ကို အကျိုးရှိစွာ အသုံးချစေချင်သည်။

ကမ္ဘာပေါ်မှာ နေ့စဉ်ပြောင်းလဲ နေသမျှကိုလဲ သွားရောက်ကြည့်ရှုနေစရာ မလိုပဲ Internet ပေါ်မှပင် လွယ်လင့်တကူ ရှာဖွေကြည့်ရှုနိုင် သည်။ သူများနိုင်ငံတွေမှာ တိုးတက်ဖွံ့ဖြိုးနေသည်ကို သွားရည်ယိုခိုင်းသည် မဟုတ်ပါ။ သူတို့တွေ ဘယ်လိုကြိုးစားလို့ ဘယ်လိုအောင် မြင်သည်ဆိုတာကို အတုယူစေချင်သည်။ Internet တစ်နာရီ သုံးမည်ဆိုပါက ထိုသုံးသည့် အချိန်ထဲမှ မိမိအတွက် အကျိုးရှိမည့် အကြောင်းရာများကို လေ့လာရှာဖွေ မှတ်သားစေချင်သည်။ တစ်ချို့ Internet User များ G-talk နှင့် Gmail ဆက်စပ်သည်ဆိုတာကို တောင် သိပ်မသိဘူးဖြစ်နေသည်။ သူတို့တွေ Internet သုံးသည့်အချိန်တွေမှာ ဘာတွေလုပ်နေသနည်း။

ထိုသို့ပြောသောကြောင့် စာဖတ်သူများ မေးချင်ကြလိမ့်မည်။ " စာရေးသူကော ဘာသိသနည်း " ။ ကျွန်တော် ဖြေချင်ပါသည်။ ကျွန်တော် Internet နှင့်ပတ်သတ်၍ အပုံ ၁၀၀ ပုံ ၁ ပုံတောင် သိချင်မှ သိပါလိမ့်မည်။ သို့သော် ကျွန်တော်အားမငယ်ပါ ။ ဘာကြောင့်လဲ ? ကျွန်တော့်မှာ လေ့လာချင်စိတ် အပြည့်ဝရှိသည်။ အမြဲတစေလဲ လေ့လာသည်။ ဟိုလူ ဒါသိသည် ၊ ကျွန်တော်လဲ သိရမည် ၊ သိအောင်လဲ ကြိုးစားသည်။ ဟိုလူ ဟိုဟာသိသည် ၊ ကျွန်တော်လဲ သိရမည် ၊ သိအောင်လဲ ကြိုးစားမည် ။ စာရေးသူတို့လဲ သိကြမှာပါ Google ဆိုတာကကြီးက Internet ပေါ်က စာကြည့်တိုက်ကြီးတစ်ခုပါပဲ ။ စာဖတ်သူတို့ ဘာသိချင်လဲ ၊ ဘာတက်ချင်လဲ၊ ဘာတွေလေ့လာချင်လဲ ။ Google ထဲမှာ ရိုက်ထည့်လိုက်ယုံနဲ့ မိမိလိုချင်တာနဲ့ အနီးစပ်ဆုံးဖော်ပြပေးလိမ့်မည်။ ကဲဘယ်လောက်လွယ် သလဲ ။ ကျွန်တော် သိချင်သမျှ ဘာပဲလိုလို Google မှာပဲ ရှာကြည့်လိုက်သည်။ ရှာပေးနိုင်သည်။

စာဖတ်သူတို့ကို ဟာသအနေနဲ့ ကျွန်တော်တစ်ခုပြောပြ ပါမည်။ ကျွန်တော် Network နှင့် ပတ်သတ်သမျှကို Google ထဲမှာပဲ ရအောင် ရှာသည်။ သူငယ်ချင်းတစ်ယောက် ကျွန်တော့်နားလာပြီး ဆိုင်ကယ်သော့ပျောက်သဖြင့် လာငြီးနေသည်။ ကျွန်တော်ပြောလိုက်သည် မင်း Google ထဲမှာ My Motorcycle Key လို့ ရိုက်ထည့်လိုက်ပါလားလို့ ဟာသအနေနဲ့တောင် ပြောမိပါသည်။ ထိုမျှလောက် အသုံးဝင် သည်ကို စာဖတ်သူတို့ အကျိုးရှိရှိ အသုံးချစေချင်သည်။ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးနေသည့် Social Website ကြီးတွေ ဖြစ်တဲ့ Facebook တို့ Tagged တို့ကိုလဲ ၀င်ရောက် အသုံးပြုစေလိုသည်။ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လဲ မိမိတို့ ပညာအရေးနဲ့ ပတ်သတ်သမျှကို Internet ပေါ်မှာ ရှာဖွေလေ့လာစေချင်သည်။

နောက်တစ်ခု ကျွန်တော်ပြောချင်ပါသည်။ မြန်မာ Internet user တွေ အသုံးပြုနေတဲ့ Word ပိုင်းနဲ့ ပတ်သတ်လို့ပါ။ အသုံးပြုသူ တော်
တော်များများမှာ Broken English ( မြန်မာအသံထွက်အား English စာလုံးနှင့် ရေးသားသည်။) ကို အသုံးပြုနေတာကိုပါ။ ဒါကလဲ လွဲမှားနေတာ တစ်ခုပါပဲ။ အချိန်အများကြီး အသုံးပြုသည့် တိုင်အောင် ကိုယ့်အတွက် အကျိုးမရှိတာမျိုး ဖြစ်နိုင်ပါသည်။ ကမ္ဘာတစ်ဝှမ်း ရှိ လူမျိုးကြီး တော်တော်များများမှာ ကိုယ့်လူမျိုး စာလုံးကိုသာ အသုံးပြုကြပါသည်။ ကျွန်တော်တို့ အနေနှင့်လဲ English word သုံးသည့် အခါမှာ English စာသုံးတိုင်းသာ အသုံးပြုစေလိုပါသည်။ ပုံမှန်ပြောဆိုမှုကို Simple English မျိုးကို အသုံးပြုလို့ ရပေသည်။ နောက်တခုက ကိုယ့်လူမျိုး စာလုံးကိုလဲ အသုံးပြုစေချင်သည်။ Myanmar word ကိုလဲ ကြိုးစားရိုက်စေချင်သည်။ ခက်သည်ဆိုပြီး မရိုက်လျှင် တစ်သက်လုံး တက်မည် မဟုတ်ပေ။ မည်သူမှ မွေးကတည်းက မတက်သည်ကို သတိပြုစေလိုသည်။ အဓိကကျသည်မှာ မိမိ၏ စူးစမ်းချင်စိတ် လေ့လာလိုစိတ်ပေါ်သာ မူတည်ပါသည်။ အစပိုင်းမှာ ခက်ခဲသော်လဲ နောက်ပိုင်းတွင် လွယ်ကူစွာ ရိုက်နိုင်ပေလိမ့် မည်။ နောင်တစ်ချိန်တွင်လဲ အသုံးဝင်ပေလိမ့်မည်။

တိုးတက်မှုတိုင်းမှာ ကောင်းကျိုး နှင့် ဆိုးကျိုး ထိုနှစ်မျိုးဟာ ဒွန်တွဲနေတက်ပါတယ်။ စာဖတ်သူတို့ကို သတိပြုစေလိုစေချင်သည်က မိမိကုန်ခဲ့သော အချိန် နှင့် ငွေ အပေါ်တွင် ကောင်းကျိုးများသာ သက်ရောက်ဖို့ပါပဲ ။ Internet ပေါ်မှာ လူငယ်တို့လမ်းမှား ရောက်စေ နိုင်သော ညစ်ညမ်း Website များ သိန်းပေါင်းများစွာ ရှိပေသည်။ ထိုအတွက်သာ သင့်ရဲ့ အချိန် နှင့် ငွေကို ကုန်ဆုံးစေပါက သင့်အတွက် အကျိုးယုတ်ယုံ သာဖြစ်ပေလိမ့်မည်။ ထိုသို့ပါက Internet မသုံးတက်သည်ကပင် သင့်အတွက် ကောင်းပေလိမ့်မည်။ Internet ပေါ်တွင် တန်ဖိုးရှိသော Website များကို လေ့လာနိုင်ယုံသာမက ထို Website တည်ဆောက်ပုံများကိုလဲ အချိန်ပေးနိုင်လျှင် ပေးနိုင်သလို လေ့လာနိုင်ပေသည်။

ပညာ နှင့် ပတ်သတ်လျှင် ရှက်ကြောက်သည့် စိတ်မထားသင့်ပါ။ "ပညာရှာ ပမာ သူတောင်းစား" ဆိုသော မြန်မာ စကားပုံအား လူငယ်တို့ လက်ကိုင်ထား သင့်ပေသည်။ သင် မသိခဲ့သည်ရှိသော သင်အသုံးပြုသော Cyber မှ တာဝန်ရှိသူများကို ပြခိုင်း၍ ရပါသည်။ သင့်အနေနှင့်လဲ သူတစ်ခါ လုပ်ပြသည်ကို အတွေးထဲမှာ ဆွဲမြဲအောင် မှတ်ထားသင့်သည်။ တစ်ခါခေါ်ပြခိုင်းသည် ၊ နှစ်ခါခေါ်ပြခိုင်း
သည် ၊ အကြိမ်များလာလျှင် သင်ကိုယ်တိုင် ဆိုလျှင်လဲ စိတ်ရှည်နိုင်မည် မဟုတ်တော့ပေ။ အခွင့်ခါ သင့်တိုင်းမှာ သင့်ရဲ့ Network ပိုင်းအသိပညာကို တိုးတက်အောင် ကြံဆောင်နိုင်အောင် သင်ကိုယ်တိုင်သာ စွမ်းဆောင်ရပေမည်။
မြန်မာ Internet User များ တိုးတက်ရေးကို အစဉ်ရှေးရှုလျှက်....

မျှော်လင့်သူ..

Thursday, October 29, 2009

သူတို့အချစ်

အသံများဆူညံနေမှုကြောင့် မျက်စိနှစ်လုံးဖွင့်ကာ အိပ်ရာမှမထချင်ထချင်နှင့်
ကုန်းရုံးထထခဲ့သည်။ နေတောင်အတော်မြင့်ပေါ့။ မျက်နှာသစ်ဖို့ အခန်းအပြင်
ထွက်လာတော့ ဧည့်ခန်းထဲကြည့်လိုက်မိသည်။ သြော် ဖေဖေရဲ့အချစ်ဆုံးမွေး
စားသား စုံတွဲရောက်နေတာကိုး၊ ဒါကြောင့် ဆူညံနေပါလားဟု တွေးမိလိုက်
သည်။ရေမိုးချိုးပြီးချိန်တွင် ထိုစုံတွဲမရှိတော့ကျောင်းသွားကြလေပြီ။

လောက၌ အချစ်သည် အလွန်ဆန်းကြယ်လှသည်။ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေ
တက်သည်။အသက်ကြီးကြီးငယ်ငယ် မည်သည့်အရွယ်၌ဖြစ်စေ ပုံစံအမျိုးမျိုး
အဓိပ္ပာယ်အမျိုးမျိုးနဲ့တည်ရှိနေတက်ပါသည်။ ထို့ကြောင့်လဲ လူသားတို့ အချစ်
နဲ့တွေ့လျှင် မှင်တက်အံ့သြသွားကြသည်။

ဖေဖေ၌ မွေးစားထားသော သားတစ်ယောက်ရှိသည်။ ထိုကောင်လေး တစ်နှစ်
သားအရွယ်လောက်က ကျန်းမာရေးချူချာသဖြင့် ဗေဒင်ကိန်းဂဏန်းအရ မွေး
စားထားခြင်းဖြစ်သည်။ ဖေဖေနှင့်မေမေက ထိုကလေးအား အရမ်းချစ်သည်။
နာမည်က "ထက်အာကာဟိန်း"..မေမေတို့က ချစ်စနိုးဖြင့် "ကိုထက်" ဟုခေါ်
ကြသည်။ ကျွန်တော်ကတော့"ကုလားလေး"လို့ခေါ်ခဲ့သည်။ညီလေးက အသား
ညိုညိုလေး နှင့် အရမ်းချစ်ဖို့ကောင်းသည်။

အခုဆိုရင် ကုလားလေးတောင် ၄ နှစ်ကျော်ခဲ့ပြီ။ ကုလားလေးမှာလူလည်လေး
ဖြစ်သည်။ အရွယ်နှင့်မလိုက်အောင် ဥာဏ်ကောင်းလှသည်။ ဟိုအရာလဲသူသိ
သည်။ ဒီအရာလဲသူတက်သည်။ သူ့၏ မိဘအရင်းများကလဲ အရမ်းချစ်ကြသည်။
ကျွန်တော်တို့နှင့် အိမ်နီးချင်းများပင်ဖြစ်သည်။ ကျွန်တော်တို့အိမ်ရဲ့တစ်အိမ်ကျော်
မှာ ကုလားလေးထက် ၁ နှစ်မျှကြီးသော ကောင်မလေး တစ်ယောက်ရှိသည်။
ကုလားလေးလိုပင် ဂျင်လေးဖြစ်သည်။ကောင်မလေး နာမည်က" အိရွှေဇင်ဗိုလ်" ။
မိုးလင်းလို့ မျက်နှာသစ်ပြီးပြီဆိုသည်နှင့်ကုလားလေးအား တခြားမှာမရှာတော့နှင့်။
ကောင်မလေး အိမ်သို့ ရောက်နှင့်လေပြီ။

သူတို့နှစ်ယောက်ကို ဘေးအိမ်က လူများက သာမာန်ကလေး အပေါင်းသင်းလို့
မသတ်မှတ်ရဲ။ ဘာကြောင့်လဲဆိုတော့ အတွင်းသိများဖြစ်သောကြောင့်ဖြစ်သည်။
သူတို့နှစ်ယောက်ရဲ့ပြောဆိုပုံ နေထိုင်ပုံအပြုမူလေးတွေဟာ လူကြီးစိတ်နဲ့ကလေး
ကိုယ်တွဲထားလားမှတ်ရသည်။ သူတို့နှစ်ယောက်ရဲ့ အချစ် (၀ါ) သံယောဇဉ်မှာ
ခိုင်မြဲလွန်းလှသည်။ ကုလားလေး သုံးနှစ်ပြည့်တဲ့နှစ်မှာ မူကြိုကို စတင်တက်ခွင့်ရ
သည်။ ထိုအချိန်မှာ ကောင်မလေးမှာ မူကြိုကို ဒုတိယနှစ်တက်နှင့်ပြီ။မိုးလင်းသည်
နှင့် ကုလားလေးမှာ အိမ်မှသုတ်ခနဲ ထွက်လာပြီးကောင်မလေး အိမ်အ၀မှာ ပြူတစ်
ဲပြူတစ်လုပ်နေတယ်သည်။ အထဲသို့လဲ တန်းမ၀င်ရဲ.....။ကောင်မလေး၏ ဖခင်အား
ကြောက်ရွံ့ခြင်းဖြစ်သည် ။ ကောင်မလေးမှာ ကုလားလေးကိုမြင်သည်နှင့် တန်းထွက်
လာသည်။ ထိုအကြောင်းကို လူကြီးပြောနေကြသည်ကို ကျွန်တော်မယုံခဲ့ပေ။
တစ်နေ့မှာ ကျွန်တော့်မျက်လုံးနှင့် သေချာတွေ့မှပင် ယုံခဲ့ရတော့သည်။ သူတို့နှစ်
ယောက်တွေ့ပြီဆိုတာနှင့် လက်ချင်းချိတ်ပြီး ကစားသည်လဲမဟုတ်။ စကားပြောနေ
တက်ကြသည်။ ကျွန်တော်တို့ နားမလည်တဲ့ စကားတွေနဲ့ပေါ့။ အချိန်အတော်ကြာမြင့်
လို့ အိမ်ကမနက်စာစားဖို့ လိုက်ခေါ်မှ သူတို့ပြောတာရပ်သွားတော့သည်။

ဒီလိုအဖြစ်ပျက်လေးတွေ မြင်မှသူတို့ရဲ့ သံယောဇဉ်လေးတွေကို အံ့သြမှင်တက်
ခဲ့ရသည်။ကုလားလေး ကောင်မလေးအိမ်မှာ ထမင်းစားမည်ဆိုပါက ကောင်မလေး
မှာ အရွယ်နဲ့မလိုက်အောင် ပျာယာခက်နေတက်သည်။ လက်ဆေးရေ မနိုင်တနိုင်ထ
ယူပေးသည်။ယပ်တောင်နှင့် ဘေးမှ ခတ်ပေးနေတက်သည်။ ကျွန်တော့်အိမ်ကို
နှစ်ယောက်သားရောက်လာရင်လဲ အမြဲစဖြစ်သည်။ ကောင်မလေးအား ကျွန်တော်က
ကိုကြီးကို အာဘွားပေးပါလားလို့ပြောရင် ကောင်မလေးက ကုလားလေးအား
"နာတိုကြီးကို အာဘွားပေးရမှာလား " ဟုအမြဲမေးတက်သည်။ ထိုအခါမျိုး၌ ကုလား
လေးက မျက်မှောင်ကျုတ်ကြီးနဲ့ကြည့်ပြီး အံကိုကြိတ်ကာ အာလုပ်သံကြီးနှင့် " ပေး
ရင် နင့်ကိုထော်ဝူး " လို့ပြောတက်သည်။ ကျွန်တော်က ရှေ့ဆက်ပြီး ပြောနေမိလျှင်
ကုလားလေးမှာ ကျွန်တော့်ဆီပြေးလာပြီး ကိုက်ဆွဲပါတော့သည်။

ယခုနှစ်ဆိုလျှင် ကောင်မလေးမှာ ၅ နှစ်ပြည့်သောကြောင့် မူကြိုမှ သူငယ်တန်းသို့
ပြောင်းတက်ရလေသည်။ ကုလားလေးမှာ အသက်မပြည့်သေးသောကြောင့် မူကြိုပဲ
ထပ်တက်ရလေသည်။ ဘယ်လိုမှမနေ ကုလားလေးမှာ ကောင်မလေးနှင့်သာ ကျောင်း
အတူတူတက်ချင်နေသည်။ လူကြီးတွေလဲပြောမရသည့်အဆုံး ကျောင်းကဆရာမ
တွေကိုပြောပြပြီး တက်ခွင့်တောင်းရလေသည်။ ဆရာမများလည်း အကျပ်ရိုက်နေလေ
သည်။နောက်ဆုံးတွင် တရားမ၀င်သော်လည်း ကျောင်းရန်ပုံငွေထည့်ခိုင်းကာ အပျော်
သူငယ်တန်း တက်ခွင့်ပြုရလိုက်တော့သည်။ အခုတော့ အဆင်ပြေနေပေမယ့် နောင်
နှစ်ကြရင်ကုလားလေး ဘယ်လိုပြဿာနာရှာမည်ဆိုတာကိုတော့ ကျွန်တော်မတွေးရဲ
တော့ပေ။

ကလေးလေးတွေဖြစ်ပေမယ့် သူတို့သံယောဇဉ်မှာ ခိုင်မြဲလွန်းလှသည်။ ကျွန်တော့်၏
စာအရေးသား ညံ့ဖျင်းမှုကြောင့် သူုတို့ရဲ့ သံယောဇဉ်ကလေးကို ပုံဖော်နိုင်စွမ်းမရှိသော်
လဲ စာဖတ်သူတို့်အပြင်မှာ တွေ့ပါက အတော်တန်ပင်အံ့သြသွားကြမည်။
အော် အချစ်မေတ္တာတရား ဆန်းကြယ်လှပါကော...
မျှော်လင့်သူ....

Wednesday, October 28, 2009

ကျွန်တော့်ဘ၀၏ နေ့စဉ်မှတ်တမ်းများ

နှစ်ပေါင်း ၂၁ နှစ်ဖြတ်သန်းလာသည့်တိုင်အော် ကျွန်တော့်ဘ၀မှာ
ထူးခြားဖြစ်စဉ်ဆိုတာ နည်းပါးလှပါတယ်။အမှန်တိုင်းဝန်ခံရရင် မရှိဘူးပေါ့။
တက္ကသိုလ်ကျောင်းပြီးသွားသည့်တိုင်အောင် သူငယ်ချင်းများနှင့် လည်သည်
ပတ်သည်။ ထိုမျှထက်မပိုခဲ့ပါ။ အခုဒီ Blog ကလေးကို ရေးရပြီဆိုတော့
ကျွန်တော့်ဘ၀မှာ ထူးခြားဖြစ်စဉ်လေးဖြစ်ပေါ်လာသည်ကို ၀န်ခံရပေတော့မည်။
္က္ကဤ Blog လေးဟာ နောင်တစ်ချိန်မှာ ကျွန်တော့်ဘ၀ရဲ့ နေ့စဉ်မှတ်တမ်းလေး
ဖြစ်လာနိုင်သလို ဒီ Blog လေးရေးဖြစ်အောင် ခွန်အားတွေပေးခဲ့တဲ့
ကျွန်တော်ချစ်ရတဲ့ ကောင်မလေးအတွက်ဖွင့်ဟထားတဲ့ မှတ်တမ်းတင်
စာအုပ်လေးလဲ ဖြစ်လာနိုင်ပါတယ်။
ကျွန်တော်ဟာ အချစ်ကံခေသူလို့ ဆိုရအောင်ပင် အချစ်ရေးမှာ နုံချာခဲ့ပါတယ်။
ကျွန်တော်အထက်တန်းကျောင်းသားဘ၀မှာ အချစ်ကိုစတင်တွေ့ရှိခဲ့ပါတယ်။
ဆယ်ကျော်သက်ရင်ခုန်မှု ဆိုသည်တိုင်အောင် ကျွန်တော့်ရဲ့ အချစ်ဦး
ဖြစ်ခဲ့ပါတယ်။ ထိုကောင်မလေးက ကြိုက်နိုင်ဖွယ်အလျဉ်းမရှိ။
ကျွန်တော့်ရဲ့ သေးကွေးလှသော(ယခုမဟုတ်တော့ပေ)ခန္ဓာကိုယ်နှင့်
ထုံအလှသော စရိုက်များကြောင့် ဖြစ်သည်။ထိုအချစ်ဇာတ်လမ်းအား
တဖက်သတ်အချစ်နှင့်သာ ပြည်ဖုံးကားချခဲ့ရသည်။ နှောင်နှစ်ပေါင်းများစွာတွင်
ကျွန်တော်၏ အိမ်သူအဖွားကြီးက ဒီအကြောင်းတွေကို စကားနာထိုးမှာ
တွေးနေမိပါသည်။ယနေ့ ကျွန်တော်ထိုကောင်မလေးကို ချစ်ခင်စုံမက်ခြင်း
မရှိတော့ပေမယ့် တိုက်ဆိုင်သော အကြောင်းကိစ္စများ ပေါ်ပေါက်လာပါက
သတိရခြင်း အနည်းငယ်တော့ရှိနေပါသေးသည်(၀န်ခံချက်)။
အထက်တန်းကျောင်းသားဘ၀မှ တက္ကသိုလ်ကျောင်းသားဘဝ
နောက်အလုပ်ထဲ ရောက်သည့်တိုင်အောင် အချစ်ဆိုသော
ပုဂ္ဂိုလ်နှင့် အဆက်သွယ်ဖြတ်ထားခဲ့မိသည်။နှစ်ပေါင်းများစွာ ကြာသည့်တိုင်
သူငယ်ချင်းများနှင့် ဂိမ်းဆိုင် ၊ လ္ဘက်ရည်ဆိုင်တွင်သာအချိန်များကိုကုန်ဆုံးစေခဲ့သည်။
ထိုသို့အနေကြာလာသည်နှင့်အမျှ အချစ်ဆိုသော ပုဂ္ဂိုလ်အား မေ့လျော့နေခဲ့သည်။
တစ်နေ့မှာ ထိုအချစ်ဆိုသော ပုဂ္ဂိုလ်နှင့် အမှတ်မထင်ဆုံတွေ့ခဲ့သည်။
ကျွန်တော်အံ့သြပျော်ရွှင်ခဲ့ရသည်။ ထိုတွေ့ဆုံမှုမှာ အိမ်မက်သယောင်ဆိုသည့်တိုင်
မဖြစ်လာနိုင်ဖွယ် အကြောင်းမရှိအံ့။ ၂၁ လုံးခေလာသည့်ကံကို အပြစ်မတင်ပေမယ့်
နောက်ပိုင်းကံများ ကောင်းလာပါစေလို့ အကြိမ်ကြိမ်ဆုတောင်းမိပါတယ်။
ယခုဖြစ်ပျက်နေသောအကြောင်းများသည် နှောင်နှစ်ပေါင်းများစွာတိုင်
အသက်ဝင်လှုပ်ရှားပြီး ပြန်လည်ဖတ်ရှုတဲ့အခါမှာ ရင်သပ်ရှုမောရှိစေရန်
ဤ Blog ၌ မှတ်တမ်းတင်းရေးသားခဲ့ပါသည်။
မျှော်လင့်သူ.
Related Posts with Thumbnails