Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Showing posts with label ဖြစ်ရပ်မှန်. Show all posts
Showing posts with label ဖြစ်ရပ်မှန်. Show all posts

Wednesday, January 13, 2010

ဘ၀မုန်တိုင်း ( ၆ )


အပိုင်း ( ၅ ) အဆက်...

အမည်မဖေါ်နိုင်သောခံစားမှုများက ရင်ထဲတိုးဝှေ့လာသည်။ ရင်းနှီးသော ခံစားမှုများကိုလဲ ခံစားလာရသည်။ သို့သော် အရင်လိုခံစားချက်မျိုးမဟုတ်သည်ကိုတော့ သိလိုက်သည်။ ရွာအ၀င်လှည်းလမ်းကြီးသည်ကား အရင်တိုင်းပင် မပြောင်းလဲ။ လမ်းဘေးတွင်ပေါက်နေသော ထနောင်းပင်ကြီးသည်လည်း သည်အတိုင်းပင်။

လမ်းဘေးတလျှောက် အစီအရီပေါက်နေသော တမာပင်များသည်လည်း အခြေနေမပျက်။ ပြောင်းလဲသွားသည်ကား ကျွန်တော်၏စိတ်နှင့် အခြေအနေပင်ဖြစ်လိမ့်မည်။ လမ်းမကြီးအတိုင်းလျှောက်ခဲ့ကြရာ တနေရာအရောက်တွင် မြစ်ထဲမှရေများကို သယ်လာသော လှည်းနှင့်တစ်စီးကို တွေ့လိုက်သည်။ လှည်းပေါ်မှ လှည်းသမားကြီးက အဝေးကပင် ကျွန်တော်တို့ကို ကြည့်နေသည်။ အနီးနားရောက်သောအခါ

“ဟာ ကိုဖိုးရွှေကြီးပါလား ကလေးတွေနဲ့ ဘယ်လိုဖြစ်လာတာတုန်း”

“ကျွန်တော်တို့ မိုးကုတ်ဘက်ကပြန်လာတာ ဒုကရောက်လာလို့”

“ဟုတ်လား ကလေးတွေလဲ သနားစရာပဲ ဒီမှာပဲနေမှာလား”

“ဟုတ်တယ် ကိုကျော်ညွန့် ဒီမှာနေဖို့ပြန်လာကြတာ”

“အေးဗျာ ပြန်လာတာကောင်းပါတယ် ကျွန်တော်လဲ လိုအပ်တာရှိရင် ကူညီမှာပေါ့ ကလေးတွေအမေကောဗျ”

“ကလေးတွေအမေက မိုးကုတ်မှာဆုံးသွားပြီ ကိုကျော်ညွန့်”

“အော် ဖြစ်မှဖြစ်ရလေ.. အေးဗျာအားမငယ်ပါနဲ့ လိုအပ်တာရှိရင်ပြောဗျာ အချင်းချင်းတွေပဲ ကူညီရမှာပေါ့”

“ကျေးဇူးတင်ပါတယ် ကိုကျော်ညွန့်စကားကိုကြားရတာ အားတက်မိပါတယ်”

“ခင်ဗျားယောက်ဖ ကိုညိုမောင်အိမ်မှာပဲ နေမှာမဟုတ်လား”

“အေးပေါ့ဗျာ လောလောဆယ်သူ့အိမ်မှာပဲ နေရမှာပေါ့ဗျာ”

“ကျွန်တော်အလုပ်ပြီးရင် လာခဲ့မယ်လေ”

“ဟုတ်ကဲ့ကိုကျော်ညွန့် သွားလိုက်အုံးမယ်”

“ဟုတ်ကဲ့ ကိုဖိုးရွှေ”

ကိုညိုမောင်ဆိုသည်မှာ အမေ၏အကိုဖြစ်သည်။ အဖေနှင့် ညီအကိုရင်းပမာ ခင်မင်ရင်းနှီးကြသူများဖြစ်သည်။ မိုးကုတ်မသွားခင်ကလဲ ကိုညိုမောင်တို့အိမ်တွင်ပင် နေခဲ့ကြသည်။ မိသားစုအချင်းချင်းသည်လည်း မိသားစုအရင်းများပမာ ချစ်ခင်ကြသည်။ ကိုညိုမောင်၏သမီး အိအိညိုသည် ကျွန်တော်နှင့်အရွယ်တူပင်ဖြစ်သည်။ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် ကစားလိုက်နှင့် တအိမ်ထဲနေသောကြောင့် သူ၏အမေအား အမေစိုး ဟုခေါ်ကာ ကျွန်တော်၏အမေကိုလဲ အိအိညိုက အမေ၀ိုင်းဟုခေါ်သည်။ ယခုသော် ကစားဖေါ်ကစားဖက် အိအိညိုနှင့်ပြန်တွေ့ရတော့မည်။ စိတ်ထဲတွက်ကြိတ်ကာ ၀မ်းသာနေမိသည်။

လမ်းအတိုင်းလျှောက်လာကြရာ တနေရာတွင် လမ်းပေါ်ရှိသဲများပေါ်တွင် ဆော့ကစားနေကြသော ကလေးများ ကိုတွေ့ရသည်။ သူတို့ကိုကြည့်ရသည်မှာ ပျော်စရာကောင်းနေသည်။ ယခင်ကဆိုလျှင် ထိုလမ်းမကြီးသည် ကျွန်တော်တို့ အမြဲဆော့နေကြ ကစားကွင်းပင်ဖြစ်သည်။ ဝေးကွာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ လမ်းမကြီးပေါ်တါင် ယာထဲမှပြန်လာ ကြသော လှည်းများကိုလဲ တွေ့ရသည်။ မြစ်ဘက်မှ ငါးဖမ်းပိုက်များကို ထမ်းပြီး ပြန်လာသောသူများကိုလဲ တွေ့ရသည်။ ကြည်နူးစရာကောင်းသော အညာဒေသ၏သဘာဝမှာကား လွမ်းမောစရာပင်။

လမ်းတလမ်းကိုချိုးကွေ့ပြီး သုံးအိမ်ကျော်လျှောက်လိုက်သောအခါ အရင်ကကျွန်တော်တို့ နေခဲ့သော အိမ်ကို တွေ့လိုက်ရသည်။ စိတ်ထဲတွင်ကား ဖေါ်မပြတတ်အောင် ၀မ်းသာသွားမိသည်။ အဘယ်ကြောင့်ဝမ်းသာသွားသည်ကို သေသေချာချာပင်မသိ။ အိမ်ရှေ့သို့ကြည့်လိုက်သောအခါ မန်ကျီးပင်အောက် ကွပ်ပြစ်တွင်ထိုင်နေသော အိအိညိုကိုတွေ့ လိုက်ရသည်။ တောင်းတစ်ခုထဲမှ ဘာတွေကိုရွေးနေသည်မသိ ခေါင်းငုံ့ကာရွေးနေသည်။ ပတ်ဝန်းကျင်ကိုလဲ သတိထားမိ ဟန်မရှိ။ ကျွန်တော်မြင်သောအခါ မနေနိုင်ပဲ အားရပါးရအော်မိသည်။

“အိအိညို”

ကျွန်တော့အော်ခေါ်သံကိုကြားသောအခါ လန့်သွားသည်ဟုထင်သည်။ ကျွန်တော်တို့ကို သေချာကြည့်နေသည်။ ပြီးမှ
“ဟယ်. . တောင်ပေါ်သားပါလား ဟယ် . . ဘကြီးလဲပါတယ် ကိုကြီးလဲပါတယ်. . ဖေဖေရေ ဒီမှာ ဘကြီးတို့လာတယ်”

အိအိညိုအော်ခေါ်လိုက်သောအခါ အိမ်ထဲမှ အိအိညိုအဖေနှင့်အတူ အမေပါထွက်လာသည်။ ကျွန်တော်တို့ကို မြင်သောအခါသေချာကြည့်နေသည်။ ပြီးမှ

“ဟာ . . ကိုဖိုးရွှေတို့ပါလား ဘယ်လိုဖြစ်လာကြတာတုန်း မ၀ိုင်းကော မပါဘူးလား”

“အေးဗျာ ကလေးတွေအမေတော့ပါမလာတော့ဘူး နောက်မှအကြောင်းစုံပြောပြမယ်”

“အေးဗျာ လာလာ သမီးရေ သမီးအကိုတွေကိုခေါ်”

“ဟုတ်ကဲ့ဖေဖေ” “လာတောင်ပေါ်သားနဲ့ ကိုကြီး”

“လာလာ သားတို့အိမ်ထဲဝင်ကြ”

အဖေနှင့် အိအိညိုတို့အဖေသည် စကားပြောကာအိမ်ထဲဝင်သွားကြသည် ကျွန်တော်တို့လဲ နောက်မှလိုက်ကာ အိမ်ထဲကို ၀င်ခဲ့ကြသည်။ အိမ်ကြီးသည်အရင်ကနှင့်မတူ အသစ်ပြန်ဆောက်ထားဟန်ရှိသည်။ အရင်ကထက်ကြီးပြီး ကောင်းနေသည်။ ကျွန်တော်တို့ကစားနေကျ အိမ်ရှေ့မှ မန်ကြီးပင်ကြီးအောက်ရှိ ကွပ်ပစ်သည်လည်း အသစ်ပြန်လုပ် ထားသည်။ မန်ကြီးပင်ကြီးကတော့ သည်အတိုင်းပင်။ အိမ်ရှေ့ခန်းတွင် ထိုင်မိကြသည်နှင့် အိအိညိုအဖေက မေးသည်။

“ကိုဖိုးရွှေမိန်းမကကော ဘယ်ကျန်ခဲ့တုန်းဗျ”

“ငါ့မိန်းမ မိုးကုတ်မှာပဲဆုံးသွားပြီ ငါတို့လဲ ဒုကရောက်လာလို့ ပြန်လာကြတာ”

“ဟင် အမဆုံးသွားပြီ ဟုတ်လား အမလေး ဖြစ်မှဖြစ်ရလေ အမရယ် သွားရှာပြီပေါ့ ကလေးတွေကိုလဲ ထားသွားပြီပေါ့”
အိအိညိုအမေသည် ပြောပြီးငိုနေသည်။ အိအိညိုအဖေသည်လည်း မျက်နှာမကောင်း။ ကျွန်တော်လည်း ထိုအသံကိုကြားမှပင် ၀မ်းနည်းသည့်စိတ်များ ရင်ထဲတွင် အလုံးလိုက်တက်လာသည်။

“ဖြစ်မှဖြစ်ရလေ အမရယ်”

အိအိညို၏အဖေ ကိုညိုမောင်က ၀မ်းနည်းစွာဖြင့် မြည်တမ်းလိုက်သည်။ ကျွန်တော်သည်လည်း စိတ်ကိုထိန်းထား သည့်ကြားမှ မျက်ရည်များသည် အလိုလိုစီးကျလာသည်။ ဘယ်သူမှမမြင်အောင် တဖက်သို့လှည့်ကာ မျက်ရည်များကို အသာသုတ်လိုက်သည်။ ထိုအရာကို အိအိညိုမြင်ပြီး ၀မ်းနည်းနေသည်။ ကျွန်တော်မသိချင်ယောင်ပြီး ဘာမှမဖြစ်သလို နေလိုက်သည်။ ရင်ထဲတွင်ကား ဆို့နင့်လျှက်။ အဖေသည်လည်း ကိုညိုမောင်နှင့် ကိုညိုမောင်၏ဇနီး ဒေါ်စိုးစိုးတို့နှင့် စကားပြောနေသည်။ အဖေသည် မျက်နှာကိုအောက်သို့ငုံ့လျှက်စကားပြောနေသည်။ အဖေငိုနေမည်လား။ ကျွန်တော်တို့ ၀မ်းနည်းမည် စိုးသောကြောင့် ကြိတ်ကာငိုနေမည်ထင်သည်။ ကျွန်တော်အဖေ့ကို မကြည့်ရက်တော့ အိမ်ရှေ့ မန်ကျဉ်းပင် အောက်ရှိ ကွပ်ပစ်သို့ထွက်လာမိသည်။ အကိုနှင့်အိအိညိုလည်း နောက်မှထွက်ကာလိုက်လာကြသည်။

ကျွန်တော် မန်ကျဉ်းပင်ကြီးကို ခံစားချက်မဲ့သောအကြည့်ဖြင့် အတန်ကြာမော့ကြည့်နေမိသည်။ ဘာကြောင့် ကျွန်တော် ကြည့်နေမိသည်ကိုကား မပြောတတ်။ အတန်ကြာသောအခါ ကွပ်ပစ်ပေါ်တွင်ဝင်ထိုင်လိုက်သည်။ စိတ်ထဲတွင်လည်း ဘာကိုလုပ်ရမည် ဘာကိုတွေးရမည်မသိ။ ထုံနေသလိုလိုကြီးဖြစ်နေသည်။ အကိုနှင့်အိအိညိုသည်လည်း ကျွန်တော့်ဘေးတွင် ၀င်ထိုင်နေကြသည်။ ကျွန်တော် အိအိညိုကိုတစ်ချက်ကြည့်လိုက်သည်။ ကျွန်တော့်ကို ညှိုးငယ်သောအပြုံးဖြင့် ပြုံးပြနေသည်။ ကျွန်တော်သည်လည်း သူ့ကိုပြန်ပြုံးပြမိသည်။

“ရေသောက်မလား”

“အင်း . .”

တစ်လုံးထဲသာဖြေမိသည်။ ထိုထက်ပိုပြီး ဘာပြောရမှန်းမသိ။ အိအိညိုအိမ်ထဲသို့ဝင်သွားသည်။ ပြန်ထွက် လာသောအခါ လက်ထဲတွင် ရေခွက်နှင့် ရေခပ်လာသည်။ ကျွန်တော့်ကိုလှမ်းပေးသည်။ ကျွန်တော်တ၀က်သောက်ပြီး ကျန်တ၀က်ကို အကို့ကိုပေးလိုက်သည်။ အကိုလည်းကျွန်တော်ပေးသောရေကို အားရပါးရ သောက်နေသည်။

“နင်တို့မိုးကုတ်က ပြန်လာတာလား”

“အင်းဟုတ်တယ်”

“အဲဒီမှာပျော်လား”

“အရင်ကတော့ပျော်တယ် အခုမပျော်ဘူး”

“ကိုကြီးကော အဲလိုပဲလား”

“အင်းဟုတ်တယ် အဲလိုပဲ”

ဘာကိုမှန်းတော့မသိ အကိုကလည်း အိအိညိုမေးတာကို ဖြေလိုက်သည်။ အိမ်ရှေ့လမ်းမကြီးသို့လှမ်းကြည့်လိုက်သော အခါ မြစ်ဆိပ်ဘက်သို့သွားနေသော လူများနှင့် လှည်းများကိုတွေ့နေရသည်။ အနောက်ဘက်ကောင်းကင်တွင်လည်း နေမင်းကြီးက မေးတင်တော့မည်။ အညာဒေသ၏အလှကား ကြည်နူးဖွယ်လား လွမ်းမောဖွယ်လား။ မည်သို့ခံစားရမည်မသိနိုင်။ ခဏကြာသောအခါ အမေစိုး အိမ်ထဲမှထွက်လာပြီး ကျွန်တော်တို့ဆီသို့လာနေသည်။ ကျွန်တော်တို့နားရောက်သော်

“ကဲကလေးတို့ အိမ်ထဲကိုလာကြ ထမင်းစားကြမယ် ဗိုက်ဆာနေကြရောပေါ့”

“လာ ထမင်းသွားစားကြမယ်”

အမေစိုးက ကျွန်တော့လက်ကိုဆွဲကာ အိမ်ထဲဝင်လာသည်။ အမေစိုး၏အကြည့်တွင် သနားဂရုနာအပြည့်ရှိနေသည်။ ကျွန်တော်သည်လည်း အမေကိုသတိရမိပြီး အမေစိုး၏လက်ကို တင်းတင်းဆုပ်ထားမိသည်။ အိမ်ထဲသို့ဝင်လိုက်သောအခါ ထမင်းဝိုင်းတွင် အဖေနှင့် ဦးညိုမောင်တို့ထိုင်ပြီးစားနေကြသည်။ ကျွန်တော်သည်လည်း ထုံးစံအတိုင်း လက်ဆေးရည်ဇလုံတွင် ၀တ်ကျေတန်းကျေလက်ကိုဆေးကာ ထမင်းဝိုင်းတွင် အမြန်ဝင်ထိုင်လိုက်သည်။


ဖတ်ရှုရန် အပိုင်း ( ၁ )အပိုင်း ( ၂ ) အပိုင်း ( ၃ ) အပိုင်း ( ၄ ) အပိုင်း ( ၅ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)

Monday, January 4, 2010

ဘ၀မုန်တိုင်း ( ၅ )

အပိုင်း ( ၄ ) အဆက်...

အတန်ကြာလျှောက်လာမိသောအခါ အိမ်တအိမ်၏ ခြံစည်းရိုးရှေ့ရောက်သော်

"ကိုခင်မောင်ရေ.. ကိုခင်မောင်"

သုံးလေးခွန်းအော်သောအခါ အိမ်အတွင်းမှလူတစ်ယောက်ထွက်လာပြီး ကျွန်တော်တို့ကို သေချာကြည့်နေသည်။ ပြီးမှ

"ဟာ ကိုဖိုးရွှေကြီးပါလား.. ခင်ဗျားမိန်းမကော . ကလေးတွေလဲဖိနပ်မပါနဲ့ ဘယ်လိုဖြစ်လာတာတုန်း"

"ကျွန်တော်တို့ ဒုက္ခရောက်လာလို့ပါ ကိုခင်မောင်ရေ."

"ဟုတ်လား လာလာ အိမ်ထဲကိုအရင်ဝင်ကြ ကလေးတွေကောလာ"

အိမ်ထဲတွင် နေရာချထားပေးပြီး ရေသောက်ရန် ရေခပ်လာပေးသည်။ စားစရာမုန့်များကိုပါ ချပေးသည်။ ကျွန်တော်တို့သည်လဲ ဟန်ပင် မဆောင်နိုင်တော့၊ ချလာပေးသော မုန့်များကို အားရပါးရစားကာ ရေကိုအ၀သောက်လိုက်သည်။ ပြီးမှ ကျွန်တော်တို့ညီအစ်ကို တစ် ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးမိကြသည်။ အဖေနှင့်ဦးခင်မောင်ကတော့ စကားပြောနေကြသည်။ အဖေက ဖြစ်ကြောင်း ကုန်စင်ကို ပြောပြနေသည်ထင်သည်။ ထိုအခိုက်အပြင်မှ အမျိုးသမီးတစ်ယောက်ဝင်လာသည်။

"ဟောတော့ ကိုဖိုးရွှေကြီးပါလား ဘယ်တုန်းကရောက်လဲ

ကလေးတွေတောင် ဒီအရွယ်ရောက်နေကြပြီကိုး မိန်းမကော ပါမလာဘူးလား"


"သူ့မိန်းမဆုံးသွားပြီး ဒုက္ခရောက်လာကြလို့တဲ့ မိန်းမရေ."

ဦးခင်မောင်ပြောသော စကားကိုကြားသောအခါ ထိုအမျိုးသမီးက

"အော် ကလေးတွေလဲ သနားစရာပါလား မ၀ိုင်း ... မ၀ိုင်း သွားရှာပြီပေါ့.."

"ကဲ ကျွန်မ ထမင်းစားဖို့ ပြင်လိုက်အုံးမယ် ရှိတာနဲ့ စားကြပေါ့.."

ထိုအသံကိုကြားသောအခါ ဗိုက်သည်ပို၍ ဆာလောင်လာသည်ဟု ထင်ရသည်။ အဖေ့ကိုလှမ်းကြည့်လိုက်သောအခါ ဦးခင်မောင်နှင့် စကားပြောနေသော အဖေ့မျက်လုံးထဲတွင် မျက်ရည်များ ၀ိုင်းနေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော်တို့၏ တသက်တာတွင် ကျွန် တော်တို့အတွက် မားမားမတ်မတ် ၊ တည်တည်တံ့တံ့ရပ်တည်ပေးခဲ့သော အဖေသည် ယခုအခါ ၀မ်းနည်းပူဆွေးခြင်း သောကများကို အပြည့်အနှက်ခံစားနေရသောကြောင့် အဖေ့၏ မျက်နှာသည် ညှိုးနွမ်းနေသည်။ ကျွန်တော်တို့ညီအစ်ကို စိတ်အားငယ်သွားမည် စိုးရိမ် သောကြောင့်သာ အဖေစိတ်ကိုထိန်း၍ ဘာမှမဖြစ်သကဲ့သို့ ကြိုးစားပြီးနေနေသည်။ အားတင်းထားပါအဖေ။ ကျွန်တော်တို့ မှီခိုနေရ သော မြင့်မိုရ်တောင်ကြီး ပြိုလဲမသွားပါစေနဲ့။

ထမင်းစားပြီးသည်နှင့် လောက၏ဒဏ်ကို ခံစားလာရသည်မှာ ပင်ပန်းလာသည်နှင့် ဧည့်ခန်းမှာပင် ညီအစ်ကိုနှစ်ယောက်အိပ်ပျော် သွားကြသည်။ မည်မျှကြာသွားသည်မသိ ၊ အိမ်ယာမှနိုး၍ ကြည့်လိုက်သောအခါ အခန်းတစ်ခုအတွင်းရောက်နေပြီ အပြင်ဘက်တွင် မိုးပင်လင်းနေသည်။ အခန်းအပြင်သို့ထွက်လိုက်သောအခါ

"ဟော နိုးပြီးလား .. မျက်နှာသစ်လိုက် ပြီးရင် ကောက်ညှင်းပေါင်းနဲ့ အကြော်စား"

"မင်းအဖေနဲ့ အစ်ကိုကတော့ စားပြီးသွားလို့ အိမ်ရှေ့မှာ မင်းဦးလေးနဲ့ စကားပြောနေတယ်.."


အမေ့ကဲ့သို့ပင် ကြင်နာတက်သော အမျိုးသမီးတစ်ဦးပါလား။ အမေ့ကို သတိရလာပြန်သည်။ စားပြီးအိမ်ရှေ့သို့ထွက်လာခဲ့သည်။ အိမ် ရှေ့တွင် ဦးခင်မောင်နှင့် အဖေတို့ စကားပြောနေသံကြားရသည်။

"မနက်ဖြန်မှသွားပါလား ကျွန်တော်လှည်းနဲ့လိုက်ပို့မှာပေါ့. ဒီနေ့တော့ လယ်ထဲက ပဲတွေသွားသယ်ရမှာဖြစ်နေလို့."

"ကိုခင်မောင်ကို အားနာလှပါပြီ ကျွန်တော်တို့ကို ဒီလောက်ထိကူညီတာပဲ အရမ်းကျေးဇူးတင်လှပါပြီ

လိုက်မပို့ပါနဲ့တော့ ဒီနေ့ပဲသွားလိုက်ပါမယ်..."

"အေးဗျာ နောက်နေ့ ကျွန်တော်လဲ လာခဲ့ပါ့မယ် ဘာမှအားမငယ်ပါနဲ့ဗျာ"


အဖေက ကျွန်တော်တို့ကို တချက်ကြည့်ပြီး " ကဲသားတို့ ခရီးဆက်ရအောင် "

အဖေသည်ပြောပြီး ဦးခင်မောင်ပေးလိုက်သော အထုပ်တစ်ထုပ်ကိုထမ်းပြီး နှုတ်ဆက်ကာ ထွက်လာခဲ့ကြသည်။ အဖေသည် ဖိနပ်မပါ သော ကျွန်တော်တို့ ညီအစ်ကိုကိုကြည့်ပြီး အဖေစီးသော ဖိနပ်ကိုချွတ်၍ အကို့ကိုစီးခိုင်းသည်။ ထမ်းလာသော အထုပ်တစ်ခုကို အကို့ အားပေး၍ ကျွန်တော့်အား

"သားလာ အဖေချီမယ်."

ပူပြင်းသော သဲများပေါ်တွင် ဖိနပ်မပါပဲလျှောက်ရသော ဒုက္ခမှာ မသက်သာလှ။ သို့သော် အဖေ့အား သနားမိသောကြောင့်

"ရပါတယ်အဖေ သားဒီအတိုင်းပဲ လျှောက်ချင်တယ်."

အဖေသည် ကျွန်တော့်အားတစ်ချက်ကြည့်ပြီး စိတ်မကောင်းစွာနှင့် ကျွန်တော့လက်ကိုဆွဲပြီး ခရီးဆက်ကြသည်။ အတန်လျှောက်မိ သောအခါ ခပ်လှမ်းလှမ်းမှာ ရွာတစ်ရွာကိုတွေ့လိုက်ရသည်။ ဤရွာသည် တစ်ချိန်က အဖေ၊အဖေ အစ်ကိုတို့နှင့် ပျော်ရွှင်စွာ နေထိုင် လာခဲ့သော အမေ့၏ ဇာတိရွာဖြစ်သည်ကို ပြန်မှတ်မိလေသည်။ ရွာကိုလှမ်းမြင်သောအခါ စိတ်ထဲတွင်ပျော်သွားမိသည်။ ခရီးဆုံးရောက် တော့မည်။ သို့သော် ရှည်လျားလှသည့် ဘ၀ခရီးကိုတော့ ဘယ်လိုကြမ်းတမ်း ခက်ခဲ ပင်ပန်းစွာဖြင့် ဖြတ်သန်းရမည်ကိုတော့ မသိနိုင် သေးပေ။

မည်သို့ပင်ဖြစ်စေ ရွာ၏အရိပ်ရောင်ကို မြင်တွေ့ရသောအခါ အားအင်များပင် ပြန်ပြည့်လာသည်ဟုပင် ထင်ရသည်။ နွမ်းနယ်နေသော ဘ၀၏ နားခိုရာတစ်နေရာကို ရေးရေးလှမ်းမြင်နေရပြီ မဟုတ်ပါလော။

အဖေနှင့် အစ်ကိုတို့၏ မျက်နှာများတွင် ၀မ်းသာသောအပြုံးများကို တွေ့မြင်နေရသည်။ အဖေသည်လှမ်းမြင် နေသော ရွာကိုခေတ္တမှ မျက်တောင်မခတ် စိုက်ကြည့်နေသည်။ အဖေ့စိတ်ထဲတွင် မည်သို့တွေးနေမည်မသိပေ။ ဘာအတွက်ကြည့်နေသည်ကိုလဲ မသိပေ။

ရွာထဲဝင်လိုက်သောအခါ ထနောင်းပင်နှင့် အရိပ်များကို ကြိုဆိုနေပြီး ထန်းပင်များကလဲ ဘယ်ညာယိမ်းကာ နှုတ်ဆက်နေကြသည်။ ခြောက်ကပ်နေသော ရင်ထဲတွင် နွေးထွေးမှုများ ပြန်လည်သက်ဝင်လာခဲ့သည်။

အပိုင်း ( ၆ ) ဆက်လက်ဖတ်ရှုရန် ...

ဖတ်ရှုရန် အပိုင်း ( ၁ )အပိုင်း ( ၂ ) အပိုင်း ( ၃ ) အပိုင်း ( ၄ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)

Wednesday, December 30, 2009

ဘ၀မုန်တိုင်း ( ၄ )

အပိုင်း ( ၃ ) အဆက်..

" သားထတော့ ရောက်ပြီ "

အဖေ့၏ လှုပ်နိုးသောအခါမှ မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ လောကကြီး တစ်ခုလုံးလင်းထိန်နေပြီး အသံမျိုးစုံကို ကြားနေရ သည်။ မည်သည့်လောကထဲ ရောက်လာသည်မသိ။ ကားခေါင်မိုးပေါ်မှ ဘေးပတ်ဝန်းကျင်ကို ကြည့်မိသောအခါမှ စည်ကား၍ လူများ၊ ကားများနှင့် ရှုပ်ထွေးနေသော နေရာတစ်ခုကို ရောက်သည်ကို သတိပြုမိသည်။

" ဒါဘယ်နေရာလဲ အဖေ "

" အခုအဖေတို့ မန္တလေးရောက်နေပြီ "

" ဒီမှာနေမှာလား "

" သားအမေရဲ့ ရွာရှိတဲ့ မြစ်ငယ်ဘက်ကိုသွားမှာ "


ထိုစကားကိုကြားမှ အမေ့ကို ပို၍သတိရလိုက်မိသည်။ ဒီတစ်ခါ အမေမပါနိုင်တော့ပြီကော။ ကားခေါင်မိုးပေါ်မှ ဆင်းကာ ကားသမား ကြီးအား ကျေးဇူးတင်ကြောင်းပြောသည်။ ကားသမားကြီးက အဖေနှင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ကြည့်ကာစိတ်မကောင်း ဖြစ်နေသည်။

" ဒီကနေ မြစ်ငယ်ဘက်ကို ဘယ်လိုသွားမလဲ "

ကားသမားကြီးက မေးသည် ။ ထိုအခါအဖေသည် လေးတွဲသောအသံများနှင့်

" ကျောက်ဆည်ကိုသွားမယ် ၊ အဲဒီ့မှာ အမျိုးတွေရှိတယ်။ သူတို့ဆီကိုရောက်ရင် အဆင်ပြေသွားမှာပါ. "

ထိုအခါ ကားသမားကြီးသည် ဂရုဏာသက်သော အသံဖြင့်.

" ကျွန်တော်လမ်းစရိတ်တော့ ကူညီလိုက်ပါမယ် ၊ ကလေးတွေကရှိသေးတော့ လမ်းဒုက္ခရောက်နေအုံးမယ်။ "

ထိုစကားကိုကြားသောအခါ အဖေသည် မျက်ရည်ဝဲလာကာ..

" ကျေးဇူးတင်ပါတယ် ကားဆရာရယ်."

" ရပါတယ်ဗျာ၊ ဒုက္ခရောက်နေသူကို ကူညီရတော့ ကျွန်တော်လဲ ကုသိုလ်ရတာပေါ့.

ကဲကဲ အချိန်ရှိတုန်း ခရီးဆက်ကြအုံး...."

" ဟုတ်ကဲ့ခင်ဗျ.."


အဖေသည် ကားဆရာကို နှုတ်ဆက်ပြီး တစ်ယောက်လက်ကို တစ်ယောက်ဆွဲကာ လမ်းလျှောက်လာကြသည်။ ပူပြင်းသောနေရောင် အောက်တွင် အပေါ်မှ အပူဒဏ်ပါမက အောက်မှ အပူဒဏ်ကိုပါ ခံစားရသည်။ ခြေထောက်ကို ငုံကြည့်သောအခါ ဖိနပ်မပါ။ အိမ်မီးမ လောင်က အမေ၀ယ်ပေးထားသော ဖိနပ်အသစ်လေးသည်လဲ မီးထဲတွင် ပါသွားလေသည်။ ယခုအခါမှ ထိုဖိနပ်လေးကိုလဲ သတိရ လိုက်မိသည်။ အစ်ကို့တွင်လဲ ဖိနပ်မပါ။ အကို့ဖိနပ်ကတော့ ဘယ်ရောက်သွားသည်မသိ။ အဖေ့ခြေထောက်ကို ကြည့်မိသောအခါ အ လုပ်ထဲတွင်စီးသော အနားများ လန်နေသည့် ဖိနပ်ပါနေသေးသည်ကို သတိပြုမိသည်။

အဖေသည် ကျောက်ဆည်သွားသော ကားဂိတ်ရှိရာဘက်သို့ ကျွန်တော်တို့ကိုခေါ်လာသည်။ ကားဂိတ်ရောက်သောအခါ လူတစ်ချို့ကို အဖေမေးမြန်းနေသည်။ ဘာတွေမေးမြန်းနေသည်ကိုတော့ မသိပေ။ မေးမြန်းပြီးသောအခါ အဖေကျွန်တော်တို့ဆီကို ပြန်လာသည်။ ထို့နောက် ကားဂိတ်နားရှိ မုန့်ဆိုင်တစ်ဆိုင်မှ မုန့်ကိုဝယ်ကာ သားအဖသုံးယောက် မနက်စာအဖြစ် ဗိုက်ကိုဖြည့်ကြသည်။ အဖေ၀ယ် ကျွေးသောမုန့်သည် ဗိုက်၏ဆာလောင်ခြင်းကို အပြည့်အ၀မဖြည့်ဆည်းနိုင်။ သို့သော် ယခုဘ၀နှင့် ယခုအခြေနေသည် ဆာလောင်ခြင်း တမ်းတခြင်းများကို ဦးစားပေးရမည့် အချိန်မဟုတ်။ အဖေသည် ကျွန်တော်တို့အပေါ် ဘယ်သောအခါမှ စေတနာပျက်ခြင်းမရှိ။ စားချင် သည်၊ လိုချင်သည်များကို ကျေနပ်သည်အထိ ၀ယ်ပေးလေ့ရှိသည်။ ယခုအခါတွင် အဖေ၏ အိတ်ထဲ၌ ခရီးစရိတ်အတွက် ငွေအလုံ လောက်မရှိသောကြောင့်ပင် ဖြစ်လိမ့်မည်။

ကားပေါ်တွင် အတန်ကြာ စောင့်ပြီးသောအခါ ကားစထွက်လေသည်။ လမ်းတစ်လျှောက်တွင် ခွဲခွာခဲ့သည်မှာ အတန်ကြာပြီဖြစ်သော ရာသီဥတု ၊ ပတ်ဝန်းကျင် ၊ သစ်ပင်တို့ကို ပြန်လည်ခံစားမိလာသည်။ ထိုအခါ စိတ်ထဲတွင် အမည်ဖော်မရသော ခံစားမှုတစ်ခုကို ခံစား ရလေသည်။

ကျောက်ဆည်မြို့သို့ ရောက်သောအခါ ရင်းနှီးဖူးသောဒေသတစ်ခုအဖြစ် ပြန်လည်အသက်ဝင်လာသည်။ ကားဂိတ်တစ်ခုတွင် ကားရပ် သောအခါ သားအဖသုံးယောက် ကားပေါ်မှဆင်းကြသည်။ ထို့နောက် အဖေသည် ကျွန်တော်တို့ လက်ကိုဆွဲကာ အသစ်ဖန်တီးပေး ထားသော ဘ၀၏ ကံကြမ္မာအတိုင်း ခြေဗလာဖြင့် အပူဒဏ်ကိုအံတု၍ လမ်းလျှောက်ခဲ့ကြသည်။

အပိုင်း ( ၅ ) ဆက်လက်ဖတ်ရှုရန်..

ဖတ်ရှုရန် အပိုင်း ( ၁ )အပိုင်း ( ၂ ) အပိုင်း ( ၃ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)

Tuesday, December 29, 2009

Accident

အခုရေးမယ့် ပို့စ်လေးက တကယ်ဖြစ်ပျက်ခဲ့တာပါ။ စာဖတ်သူတို့ အနေနဲ့လဲ ဒီစာဖတ်ကို ဖတ်ပြီး နားလည်ပေးစေလိုပါတယ်။ စာရေးသူ ပုတ်ခတ်ရေးသားခြင်းမျိုးလဲ မဟုတ်ပါဘူး။ ဘယ်သူကမှားတယ် မှန်တယ်ကို ထောက်ပြလိုခြင်းလဲ မရှိပါ။ စော်ကားလိုခြင်းလဲ မရှိပါ။

လွန်ခဲ့သော နှစ်လပတ်ဝန်းကျင်က ကျွန်တော့်ဆီကို သူငယ်ချင်းရောက်လာတယ် ။ သူကပြောတယ် ငါဆိုင်ကယ်တိုက်လို့တဲ့။ ဘယ်မှာလဲ ဆိုတော့ မင်းတို့ဆိုင်အရှေ့မှာတဲ့။ ဟုတ်ပါတယ် ကျွန်တော့်ဆိုင်က ထွက်သွားတဲ့ ကောင်မလေးနဲ့ သူနဲ့ ဆိုင်အပေါက်ဝမှာ တိုက်တာပါ။ ဖြစ်ပျက်တာကို မြင်တဲ့သူတွေက ပြောပါတယ်။ ကောင်မလေးနှစ်ယောက် စက်ဘီးစအထွက်မှာ ငေးနေတဲ့ ကျွန်တော့် သူငယ်ချင်းဆိုင် ကယ်က နောက်ကနေ ၀င်ချိတ်သလိုဖြစ်သွားတာပါ။ ရှေ့ကကောင်မလေးက လက်ကိုင်မနိုင်တော့ လဲမလိုဖြစ်ပြီး နောက်က ကောင်မ လေးက ဘေးကိုအသာပြုတ်ကျခဲ့ပါတယ်။ ဒါပေမယ့် အခန့်မသင့်တော့ လက်ကောက်ဝတ်အကြောမျက်သလို ဖြစ်သွားတယ်။ ကောင် လေးတွေ ဘောလုံးကစားရင်း ဖြစ်နေကြပါ။ ကောင်မလေးဆိုတော့ လန့်သွားတာပေါ့။ ဒါနဲ့ ကျွန်တော်ဆိုင်ကယ်ထုတ်ပြီး အရိုးကြောဆရာ ၀န်ကြီးဆီကို လိုက်ပို့ပါတယ်။

ဆရာဝန်ကြီးက ခဏစမ်းသပ်ပြီး စမ်းသပ်ခ 3500 Kyats ယူကာ သူ့ရဲ့ ဓာတ်မှန်ခန်းမှာ ဓာတ်မှန်ရိုက်စေပါတယ်။ ဒါနဲ့ ဓာတ်မှန်သွားရိုက် တယ်။ ဓာတ်မှန်ခ 4000 kyats ယူတယ်။ ဆရာဝန်ကြီးဆီ ပြန်သွားရတယ်။ သူက ဓာတ်မှန်ကိုကြည့်တယ်။ ဘာမှမဖြစ်ပါဘူး အကြော ရောင်သွားတာပါတဲ့။ သူက ဒီလိုသာ ပြောတယ် ဆေးစာရွက်ရေးလိုက်တာ တစ်ရွက်အပြည့်ပဲ ။ ရှေ့မှာ ဆေးဝယ်လိုက်ပါတဲ့။ ကျွန်တော် လဲ နားတော့မလည်ပါဘူး ဆေးအကြောင်းကို ။ ဒါပေမယ့် အားဆေးကတော့ သုံးမျိုးလောက်ပါနေ တယ်။ ငွေရှင်းတော့ 7000 kyats ကို 100 kyats ပဲ လျော့တယ် ။ မနက်ဖြန် ပြန်လာပြပါတယ်။

ဒါနဲ့ မနက်ဖြန်ပြတော့ နောက်ရက် ပြန်လာပြဖို့ချိန်းလာတယ်။ လူနာက သက်သာပါတယ် မလိုက်ချင်ဘူး ။ ဒါပေမယ့် ဆရာဝန်ကြီးက လိုက်ဖို့တိုက်တွန်းတယ်။ နှစ်ရက်မြောက်တဲ့ နေ့မှာ လူနာက ဆေးအစွမ်းပြလာပါတယ်။ ဆရာဝန်ကြီး အွန်တဲ့ဆေးကြောင့်ပဲ ထင်တယ်။ လူနာက အန်တာ မရပ်တော့ဘူး။ ခေါင်းတွေလဲ မူးဝေလာတယ်။ နောက်တစ်ရက် ဆရာဝန်ကြီး ပြဖို့သွားခေါ်တော့ မျော့မျော့ပဲ ကျန် တော့တယ်။ တော်တော်လေး စိတ်လေသွားတယ်။ လူနာက လက်က သက်သာနေပြီး အကြောရောင်ရုံဆိုတော့။ ဒီလို အန်တာကို ဆ ရာဝန်ကြီးကို ပြောပြတယ်။ သူကတော့ ပြုံးပြုံးပဲ ဆေးထပ်ပေးတယ် ၊ သူ့ရဲ့ အနှိပ်ခန်းမှာ လက်သွားနှိပ်ရတယ်။ တစ်နေ့ကို 10000 kyats လောက်ဖြုန်းပေးရတယ်။

နောက်တစ်ရက်မှာတော့ လူနာက မခံနိုင်တော့ပဲ အန်ရုံတင်မကဘူး ၊ ၀မ်းပါ အမဲရောင်တွေသွားပြီး မေ့မတက်ကိုဖြစ်သွားတယ်။ ကျွန် တော်တို့လဲ လန့်သွားတယ်။ ဆရာဝန်ကြီး သူ့ဘာသာသူ အင်္ဂလန်ပြန်မကလို့ ဘာကြီးဖြစ်ဖြစ် မပြရဲတော့ဘူး။ ပုဂ္ဂလိကဆေးရုံ တစ်ခုကို ပြေးရတော့တယ်။ ဟိုရောက်တော့ ပါရဂူကြီးနဲ့တွေ့တယ် ။ ဆေးထပ်ညွှန်းလိုက်တယ်။ မသက်သာနောက်ရက်ပြန်ပြတဲ့။ မသက်သာလို့ သူတို့ ချိန်းတဲ့ အချိန်သွားလိုက်တယ်။ ဟိုရောက်တော့ ဆရာဝန်ကြီးက ခွဲခန်းဝင်နေလို့တဲ့ ။ လူနာကိုခေါ်ပြီး ဓာတ်မှန်ရိုက်တယ်။ ခဏ နေအဖြေထွက်တော့ ဆရာဝန်လေးက အခန်းထဲခေါ်ပြီး ပြောတယ်။ အူအတက်ရောင်တာတဲ့ ဒီညပဲ ခွဲခန်းဝင်ရမယ်တဲ့။ ဒါနဲ့ လူနာကို ထား ဆေးရုံတက်ရမယ့် လိုအပ်တာတွေကို ပြင်ဆင်ရတယ်။

ကျွန်တော်တို့ ပြန်ရောက်တော့ လူနာက မျက်နှာလေးဝင်းလို့ ။ မေးကြည့်တော့ ခွဲခန်းက ထွက်လာတော့ ဆ၇ာဝန်ကြီးက သေချာစမ်း ပေးတယ်တဲ့။ အူအတက်ရောင်တယ်ဆိုတာ မဟုတ်ပါဘူးတဲ့။ အရိုးဆေးတွေကို မလိုအပ်ပဲ အလွန်အကျွန်သုံးစွဲတဲ့ အတွက် အစာအိမ် ထိတာပါတဲ့။ ဒါဆိုကျွန်တော်တို့က စိတ်ချရမှာလား ပြောတော့ စိတ်ချရပါတယ်တဲ့။ နှစ်ရက်လောက် ဆေးရုံလာပြလိုက်ရင် သက်သာ သွားပါမယ်တဲ့။

ဒီလိုနဲ့ ဆိုင်ကယ်စဖြစ်ပြီး နှစ်ပတ်လောက်အကြာမှာ အားလုံးကင်းရှင်းပျောက်သွားပါတယ်။ ကျွန်တော်စဉ်းစားမိတယ်။ အဲနေ့ကသာ ဆေးခန်းမလိုက်ခဲ့ရင် နှစ်ရက်ဆို အကြောတင်တာက သက်သာပြီလို့း) တော်သေးတာပေါ့ အသိတွေဖြစ်နေလို့လဲ လျှော်ကြေးစ ကားမပြောခဲ့ရဘူး ဆေးကုစရိတ် 200000 Kyats လောက်ကျသွားတယ် သြော် ဖြစ်ကံပါလို့ပဲ တွေးရတော့မှာပေါ့နော်.....

စာဖတ်သူတို့ အဆင်ပြေနိုင်ပါစေ..

မျှော်လင့်သူ

ဘ၀မုန်တိုင်း ( ၃ )

အပိုင်း ( ၃ ) အဆက်..

အတိတ်ဘ၀၏ ၀ဋ်ကြွေးများကို အံတုနိုင်စွမ်း မရှိတော့ပါ။ အမေသွားနှင့်ပြီဖြစ်သော တမလွန်သို့ပင် လိုက်သွားချင်စိတ်များ ဖြစ်ပေါ်မိ သည်။ သို့သော် ကံကြမ္မာက ကျွန်တော့်အား ခွင့်မပြု။ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာသော လူ့ဘ၀ကြီးတွင် ဖြစ်ချင်ရာ ဖြစ်စေတော့ဟုပင် စိတ်ထားရပေတော့မည်။ လူ့ဘ၀သည်လည်း ဒီလိုနှင့်ပြီးသွားမည်မဟုတ် ၊ တစ်ခုခုတော့ ရှိအုံးမှာပဲ အတွေးနှင့်ပင် မာန်ကိုပြန်တင်းရသည် အဖေ၏ ကျွန်တော့်ကို ကြည့်၍ ခံစားရသော ခံစားမှုများကို မမြင်လိုတော့....

အဖေ့အသိများ ကူညီမှုကြောင့် အမေ့၏ ရက်လည်အခမ်းနားသည် ဖြစ်သလိုနှင့်ပြီ ပြီးသွားခဲ့ပြီ။ အဖေသည်လဲ ဤအရပ်တွင်ပင် မနေလို တော့။ အမေ၏ ဇာတိဖြစ်သော မြစ်ငယ်သို့သွားရန်ပြောသည်။ အဖေ့၏ အိပ်ထဲတွင်လဲ စားဖို့ပင်အနိုင်နိုင် လမ်းစရိတ်ဆိုသည်ပင် ဝေးစွ။ ထို့ကြောင့် မန္တလေးသို့ သွားမည့်ကားကို လူကြုံလိုက်ရန် စောင့်ကြသည်။ ဒီလိုနှင့် သုံးရက်မြောက်သောနေ့တွင် မန္တလေးကို သွားမည့် ကားကြုံကို ဆက်သွယ်မိ၍ မန္တလေးသို့ လိုက်ခွင့်ပြုရန် အဖေက အကျိုးအကြောင်း ပြောသောအခါ စာနာသနားသောကားသမားကြီးသည် ကျွန်တော်တို့ သားအဖအား လိုက်ရန်ခွင့်ပြုလိုက်သည်။ ထိုနေ့ညနေတွင် ကုန်အပြည့်တင်ထားသော ကားကြီးတစ်စီးနှင့် မန္တလေးသို့လိုက် ရန် ပြင်ဆင်ကြသည်။ အဖေသည် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်အား ကားခေါင်မိုးပေါ်သို့ဆွဲတင်ပြီး အောက်မှ ကားသမားကြီးကလဲ တွန်းတင်ပေးသည်။ ထို့နောက် ကားသမား ကြီးသည် ကျွန်တော်တို့ထိုင်ရန် ဂုန်နီအိတ်အခွံသုံးလုံးကို အပေါ်သို့ ပစ်တင်ပေး၍ ကျွန်တော်တို့လဲ ကားသမားကြီးပေးသော ဂုန်နီအိတ်များကို ကားခေါင်မိုးပေါ်တွင် ခင်းထိုင်လျှက် လိုက်ပါခဲ့ကြသည်။

ကုန်ကားကြီးသည် တအိအိမောင်းနှင်လာရာ ခရီးအတော်တန်ရောက်သောအခါ ညသည်ပင် မှောင်စပြုလာသည်။ လမ်းတလမ်းလုံး တွင်အဖေသည် ရှေ့တည့်တည့်ကိုသာ ကြည့်၍ လိုက်ပါလာသည်။ ပတ်ဝန်းကျင်ကိုလဲမကြည့် တချက်တချက်မှပင် ကျွန်တော်တို့ကို လှမ်းကြည့်သည်။ အဖေသည် ကျွန်တော်တို့၏ ရှေ့ရေးကို ကြည့်ပြီး စိတ်လေးနေဟန်ရှိသည်။ အဖေခံစားရသော စိတ်ဒုက္ခများပြေ လျော့စေရန် အဖေ့ကို ပြုံးပြမိသည်။ ထိုအခါ အဖေသည် ကျွန်တော့်ခေါင်းကို ပုတ်၍ " ဆာနေပြီလား " ထိုတစ်ခွန်းသာ မေးသည်။ ကျွန်တော်ခေါင်းခါပြသောအခါ အဖေပြုံးနေသည်။ ကျွန်တော့်အတွက် အားအင်ဖြစ်စေသည်။

ကောင်းကင်ယံမှာ ကြယ်ကလေးများသည် မှိတ်တုတ်မှိတ်တုတ်နှင့် အစွမ်းရှိသလောက် လင်းလက်နေကြသည်။ ထိုကြယ်ကလေးများ ကို မော့ကြည့်ရင်း ခံစားမိသည်က ကြည်နူးခြင်းလော၊ ၀မ်းနည်းခြင်းလော ၊ ၀မ်းသာခြင်းလော ဘာကိုမှ တိတိကျကျမသိ။ အရင်က ဆိုလျှင် ကောင်းကင်မှ ကြယ်ကလေးများကို မြင်လျှင် စိတ်ထဲတွင် ကြည်နူးမိ၍ ထိုကြယ်ကလေးများကို ကြည့်ကာ အမျိုးမျိုး စိတ်ကူး ယှဉ်ခဲ့ဖူးသည်။ ယခုသော် ထိုခံစားမှုမျိုး ခံစားကြည့်သည် ခံစား၍ မရ။ လောကကြီးက ကျွန်တော်တို့အပေါ် ပြောင်းလဲသွားပြီလား၊ ကျွန်တော်တို့ကပဲ လောကကြီးပေါ် အတွေးအမြင် ပြောင်းလဲသွားပြီလား ဝေခွဲ၍ပင် မရနိုင်တော့ပြီ။

ခေါင်းထဲတွင် ရှုပ်ထွေးနေသော အတွေးများနှင့် ရုံးထွက်၍ မရဖြစ်နေသည်။ လောကကြီးထဲတွင် လူဖြစ်နေရသည်မှာ ထိုမှပင်ကြမ်း တမ်းခက်ထန်၍ ပင်ပန်းလွန်းလှသည်ကို ကံကြမ္မာကသိအောင် သင်ခန်းစာပေးလိုက်သည်လား။ ကျွန်တော့်အတွက် မစောလွန်းဘူး လား ကံကြမ္မာ အတွေးနယ်ထဲတွင် မည်မျှထိ ခရီးသွားနေသည် မသိ။ တွေးနေရင်းနှင့်ပင် အိပ်ပျော်သွားခဲ့သည်။

အပိုင်း ( ၄ ) ဆက်လက်ဖတ်ရှုရန်...

ဖတ်ရှုရန် အပိုင်း ( ၁ )အပိုင်း ( ၂ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)

Monday, December 28, 2009

ဘ၀မုန်တိုင်း ( ၂ )

အပိုင်း ( ၁ ) အဆက်..

နောက်တစ်နေ့တွင် အဖေသည် အနီးနားရှိ ၀ါးရုံမှ ၀ါးများကိုခုတ်လေသည်။ အစ်ကိုနှင့် ကျွန်တော်သည် အဖေခုတ်ထားသော ၀ါးများကို မနိုင့်တစ်နိုင်သယ်ကာ အဖေထားစေလိုသည့် နေရာတွင် စုပုံထားကြသည်။ အဖေ ဘာလုပ်မည်မသိ။ သားအဖသုံးယောက်သည် ဆွံ့အသူ များနှယ် တစ်ယောက်ကိုတစ်ယောက် စကားမပြောပဲ အလုပ်လုပ်နေကြသည်။ ထို့နောက်အဖေသည် ၀ါးများကို အတိုအရှည်တိုင်းဖြတ် ကာ မြေကြီး ကျဉ်းတူး၍ တိုင်စိုက်လေသည်။ ထို့နောက် စိုက်ထားသောတိုင်များပေါ်တွင် ၀ါးတန်းများတင်ပြီး အနီးနားရှိ အင်ဖက်များကို ခူးကာ အမိုးမိုးလေသည်။ ထိုအခါမှပင် အဖေသည် ကျွန်တော်တို့မိသားစုနေထိုင်ရန် တဲတစ်လုံးဆောက်နေသည်ကို သိကြသည်။ ပြီးလျှင် အမေ့ကို တဲအတွင်းရှိ ၀ါးကွပ်ပြစ်ပေါ်တွင် အိပ်နေစေပြီး အဖေအပြင်သို့ထွက်သွားလေသည်။

ခဏကြာသောအခါ အဖေပြန်လာသည်။ လက်ထဲတွင်လည်း ဂုန်နီအိတ်နှင့် ပစ္စည်းအချို့ ထည့်ကာပါလာသည်။ ဂုန်နီအိတ်ကို ချ၍ ပစ္စည်း များထုတ်လိုက်သောအခါ ဒန်အိုးတစ်လုံး ပန်းကန်နှစ်ချပ်နှင့် ဆန်အနည်းငယ် ပါလာသည်ကို တွေ့ရသည်။ အဖေသည် ဘာမှမဖြစ်သည့် သူအလား မိသားစုအတွက် မပင်မပန်းအလုပ်လုပ်နေသည်။ ထိုအချိန်တွင် ကျွန်တော်တွေးမိသည်ကား လောကတွင် သတ္တိအရှိဆုံး ကျွန်ုပ် တို့၏ သူရဲကောင်းကို ပြပါဆိုလျှင် အဖေ့ကိုပင်လက်ညှိုးထိုးမိပေလိမ့်မည်။

အဖေ့အလုပ်သည် ထိုမျှနှင့်မပြီး ၀ါးရုံမှအကြီးဆုံးဝါးကိုခုတ်ပြီး ရေထည့်ရန် ကြည်တောက်လုပ်ကာ ချောင်းရှိရာဘက်သို့ ထွက်သွား လေသည်။ ရေများထည့်ထားသော ၀ါးကြည်ထောက်ကို ထမ်း၍ အဖေပြန်လာသည်။ ထို့နောက် ဒန်အိုးထဲ ဆန်အနည်းငယ်ထည့်ဆေး ပြီး ကျောက်ခဲသုံးလုံးဆိုင်ကာ ထမင်းအိုးတည်လေသည်။ ထမင်းကျက်သောအခါ ပါလာသော ပန်းကန်နှစ်ချပ်တွင် အဖေနှင့်အမေအ တွက်ထည့်ကာ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်အတွက် အနီးရှိအင်ဖက်ကို ခူးပြီး ထမင်းကို ထည့်ပုံ၍ စားကြသည်။ ဘ၀မှာ ဟင်းမ ပါပဲ ထမင်းစားရခြင်းမှာ ယခုပထမဆုံးဖြစ်သည်။

ကျွန်တော်တို့မိသားစုသည် ထမင်းများကိုကြည့်ကာ မည်သူမှ မစားကြပေ။ ဟင်းမပါ၍မဟုတ် ၀မ်းနည်းခြင်းများ ၊ဆို့နင့်ခြင်းများနှင့် ပြည့်နေသောကြောင့်ပင် ဖြစ်သည်။ အဖေသည်လဲ ကျလာသော မျက်ရည်များကို ကျွန်တော်တို့ မြင်မှာစိုး၍ တစ်ဖက်သို့လှည့်ကာ မျက်ရည်များကို သုတ်နေသည်။ ဤသို့ဖြစ်ပင် လောကကြီးသည် အမှောင်ဘက် စတင်ဝင်ရောက်ခဲ့လေပြီ။

ညအမှောင်သည် ယခုမှပင်ပို၍ မှောင်သည်ဟု ခံစားရသည်။ လောကကြီးတွင် ဘယ်အရာမှမရှိတော့သည့်နှယ်ပင် အမှောင်ထုကြီးက လွှမ်းရုံသွားပြီးလားဟု တွေးမိသည်။ အဖေနှင့်အစ်ကိုသည် အသိများထံ အကူညီတောင်းရန်ထွက်သွားကြသည်။ ထိုအချိန်တွင် အမေ့ ငြီးသံကိုကြားလိုက်ရသည်။ အမေချမ်းနေမည်စိုး၍ အဖေ၏ ကျန်ရစ်သော တစ်ထည်ထဲသော ပုဆိုးကို အမေ့အား ခြုံပေးလိုက်သည်။ အမေနွေးပါစေတော့...............


အမေသည် စိတ်ဖိစီးမှုဒဏ်ကို ပို၍ပို၍ခံစားလာရပြီး လောကကြီးကို အံမတုနိုင်တော့ပဲ ငါးရက်မြောက်သောနေ့တွင် ဘ၀၏ နိဂုံးဆို သောအရာကို ပိုက်၍ တမလွန်ခရီးကို သွားခဲ့လေပြီ။

လောကကြီးတွင် အကြီးမားဆုံးအရာတစ်ခုရှုံးဆုံးခြင်းကို ဒုတိယတစ်ကြိမ်ခံစားလိုက်ရပြီး လောကကြီးတစ်ခုလုံး ချာချာလည်သွား သည်ဟုပင် ထင်ကာ သတိပင်မေ့မျောသွားခဲ့သည်။

သား .... သတိရပြီလား.

အဖေ့၏ ဆို့နင့်ကြေကွဲသံကိုကြားလိုက်ရသည်။ အဖေ့၏အသံကို ကြားလိုက်ရမှ ကျွန်တော်မေ့လျောသွားမှန်းသိလိုက်ရသည်။ သတိရ သည်နှင့် ကျွန်တော်ဆုတောင်းမိသည်ကား....

" ၀ဋ်ကြွေးများရှိခဲ့ရင် ဤမျှနှင့် ကြေပါစေတော့.. "

အပိုင်း ( ၃ ) ဆက်လက်ဖတ်ရှုရန်....

ဖတ်ရှုရန် အပိုင်း ( ၁ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)

Sunday, December 27, 2009

ဘ၀မုန်တိုင်း ( ၁ )

လောကကြီးထဲမှာ လူရယ်လို့ဖြစ်လာရင် လောကကြီးကပေးတဲ့ လောကဓံတရားကို ရင်ဆိုင်ကြုံတွေ့ရပေမည်။ လောကဓံတရားက အ ကောင်းချည်းပဲ ဖန်ဆင်းပေးထားတာမဟုတ်သလို အဆိုးချည်းလဲဖန်ဆင်းမပေးပဲ ညီမျှစွာကြုံတွေ့စေသည်။ အကောင်းများနှင့် ရင်ဆိုင်
တွေ့တဲ့အခါမျိုး မှာ လောကကြီးရဲ့ ဆင်းရဲပင်ပန်းမှုတွေကို မသိပဲ တကယ်တမ်း အဆိုးများနှင့် ရင်ဆိုင်လာတဲ့အခါမှာ ဘ၀ကို အရှုံးပေး
လိုက်တဲ့သူတွေ များစွာရှိနေပါတယ်။ သိုနှင့် ဆန့်ကျင်ဘက် အဆိုးများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး လုံ့လ၀ီရိယ၊ အားအင်အပြည့်နှင့်ငယ်
ရွယ်တဲ့ဘ၀ကို လမ်း မှန်ပေါ်ကနေဖြတ်သန်းလာတဲ့ လူတစ်ယောက်အကြောင်းကို စာရေးသူ အနေနဲ့ စာဖတ်သူတို့ သိစေလို့ငှာဖော်
ပြချင်ပါတယ်။ အခု စာရေးသူ ဖော်ပြသည့် မှတ်တမ်းလေးမှာ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က လူတစ်ယောက် ကိုယ်တိုင်
ကြုံတွေ့ရသည် များဖြစ်ပါသည်။


အပိုင်း ( ၁ )

နေမင်းကြီးသည် အနောက်ဘက်တောင်စောင်းတွင် မေးတင်ပြီး လောကတခွင်အား နှုတ်ဆက်ရောင်ခြည်များဖြင့် ဖြန်းပက်လျှက်ရှိရာ နေရောင်ခြည်၏ အလှအပရောင်စုံများကို ခံယူလျှက် လေညှင်းလေးများ၏ တေးသွားအတိုင်း ညိမ်းနွဲ့လျက်ရှိသော အညာဒေသ၏ အမှတ်သညှာ ထန်းပင်များမှာ လယ်ကွင်းများထဲတွင် အစီရီရှိနေသည်။

ထိုသို့ လောက၏ သဘာဝအလှတရားများကို ခံစားရင်း စိတ်အစဉ်သည် အဆုံးမရှိ မျောလွင့်နေမိသည်။ အပူပင်ဟူသည်ကို ဘာမှမသိ သေးသော အရွယ်တွင် သူငယ်ချင်းများနှင့်အတူ ဤနေရာတွင် ဆော့ကစား၍ ပျော်ပါးခဲ့ကြဖူးသည်။ ယခုသော် ဤနေရာသည် ကျွန် တော့်အတွက် အမှတ်ရစရာပင်လား လွမ်းမောစရာပင်လား ကြေကွဲစရာလား ဆိုသည်ကိုပင် မဝေခွဲနိုင်တော့ပေ။

ဤနေရာလေးကို ရောက်မှပင် အမေ့ကိုတမ်းတခြင်းများနှင့်အတူ အတိတ်ကိုပြန်သတိရစေသည်။ ဤနေရာလေးသည် ငယ်စဉ်က သူ ငယ်ချင်းများနှင့်အတူ ဆော့ကစားနေစဉ် အမေသည် အမြဲတမ်းရောက်လာတက်ပြီး ကစားရာမှပေကျံနေသော ဖုန်များကို အမေ့၏ ကြင်နာသောလက်ဖြင့် တယုတယသုတ်ပေးရင်း အိမ်ကိုပြန်ခေါ်သွားစမြဲပင်ဖြစ်သည်။ အမေ့ကို သတိရမိသောအခါ အတိတ်ကခါးသီး စွာခံစားခဲ့ရသော ဘ၀ကို ပြန်လည်တမ်းတ သတိရမိသည်။

လွန်လေခဲ့ပြီးသော နှစ် ( ၃၀ ) ကာလ........

အညာဒေသမှ အမေ့ဆွေမျိုးများအား နှုတ်ဆက်ကာ မိသားစုအလိုက် မိုးကုတ်နယ်မြေသို့ ထွက်လာခဲ့ကြသည်။ နယ်မြေသစ်က နေ သားမကျ။ ကျွန်တော့်အတွက်တော့ ဘာလုပ်ရမည်မသိ။ သူငယ်ချင်းများလဲမရှိ၊ သူငယ်ချင်းများနှင့် အတူကစားခဲ့သော ကွင်းပြင်နှင့် ထန်းတောလဲမရှိ။ သို့သော် မိသားစု၏ နွေးထွေးမှုအပြည့်ရှိနေသည်။ ဤသည်ကပင် ကျွန်တော့်အတွက် ပြည့်စုံပြီလော ၊ တခုခုလို သည်မှာတော့ အမှန်ပင်။ ဘာကိုမှန်းတော့ သေချာမသိ သူငယ်ချင်းများ ၊ ကွင်းပြင်ကြီးနှင့် ထန်းတောကြီးပင်ဖြစ်နေမလား။ ရေရေရာ ရာမသိတော့ပါ။ မိသားစု၏ မိုးကုတ်နယ်မြေတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကာ ပျော်ရွှင်အေးချမ်းစွာဖြင့် နေထိုင်ခဲ့သည်မှာ နှစ်ပင် ကြာခဲ့ပေပြီ။ စီးပွားဖြစ်ကာ အတော်တန်စုမိသောအခါ မွေးရပ်မြေဖြစ်သော ပြင်ဦးလွင်မြို့သို့ ပြန်လည်ပြောင်းရွှေ့ကာ စီးပွားရေးလုပ် ကိုင်စားသောက်ရန် အဖေ၊ အမေ နှင့်အစ်ကိုတို့ တိုင်ပင်နေသည်ကို ကြားသောအခါ မွေးရပ်မြေဖြစ်သော ပြင်ဦးလွင်မြို့သို့ ပြန်ရမည် ကိုတွေးကာ ပျော်နေမိသည်။ သို့သော်ကံကြမ္မာကား အပျော်ဘက်သို့ပင် မရောက်ရှိမှီ ကြမ်းတမ်းသော မုန်တိုင်းများ ထခဲ့လေပြီ.....

" မီးလောင်နေတယ်ဗျို့ မီးမီး "

အော်သံများကြား၍ ရုတ်တရက်လန့်နိုးလားပြီး ခေါင်းထောင်ကြည့်လိုက်သောအခါ အိမ်ခေါင်မိုးအား မီးများစွဲလောင်နေသည်ကို မြင် လိုက်ရသည်။ ကြောက်လန့်တကြားနှင့် အိမ်အပြင်သို့ပြေးထွက်ခဲ့မိသည်။ နောက်ပြန်၍ လှည့်ကြည့်လိုက်သောအခါ အိမ်တစ်ခုလုံးကို မီးတောက်က၀ါးမြိုထားပြီး အပူရှိန်မှာလဲ ပြင်းလွန်းသောကြောင့် ခပ်လှမ်းလှမ်းမှ ရပ်ကြည့်ကာ မှင်တက်နေမိသည်။ ထိုနောက်အမေ့ရဲ့ ယုယစွာဖက်တွယ်သော အထိတွေ့ကို ခံစားမိမှ ပြန်လည်သတိရလာကာ အမေ့အားဖက်၍ အားရပါးရငိုမိလေသည်။

" မသေကောင်းမပျောက်ကောင်း သားလေးရယ် "

အမေ့၏ ဆို့နင့်ကြေကွဲသံကို ကြားရမှ ၀မ်းနည်းခြင်းသည် တားဆီးမရအောင်ဖြစ်ကာ သတိမေ့မတက်ပင်။ အမေသည် ကျွန်တော့်ကို ဖက်ပြီး မီးလောင်ကျွမ်းနေသော အိမ်ကိုငေးကြည့်နေပြီး မျက်လုံးမှ မျက်ရည်များ တသွင်သွင် စီးကျနေလေသည်။ အဖေ နှင့် အစ်ကို သည်လဲ ဘ၀ကို မီးရှို့သကဲ့သို့ ခံရသော ခံစားမှုများနှင့်အတူ မျက်ရည်များကျကာ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ပြီး ကြေကွဲ ၀မ်းနည်းနေကြသည်။

"ဘာတက်နိုင်မှာလဲကွာ ဒီလောက်လဲ ၀မ်းမနည်းကြပါနဲ့"

အဖေ့ရဲ့ အားပေးစကားသံများသည် ဆို့နင့်သံများနှင့် လွှမ်းမိုးနေပြီး မျက်ရည်များနှင့်ရောထွေးနေသည်။ မီးငြိမ်းသွားသောအခါ ကျွန် တော်တို့မိသားစုသည် မီးလောင်သောနေရာသို့သွားကာ ဟိုဟိုဒီဒီရှာကြည့်ခဲ့သည်။ တစ်နေရာတွင် ဂုန်နီအိတ်ကြိုးနှင့်ချည်လျှက်ရှိပြီး မီးလောင်ကျွမ်းထားသော ပိုက်ဆံများကိုမြင်သောအခါ အမေသည် ထိုအရာများကိုကြည့်၍ သတိလစ်မေ့မျောသွားလေသည်။

အဖေသည် အမေ့အား အသိတစ်ယောက်အိမ်သို့ပွေ့ချီသွားပြီး သတိရလာစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားလေသည်။ ကျွန်တော် သည်ဘာလုပ်ရမှန်းမသိပဲ အစ်ကို့ဘေးနားတွင် ထိုင်နေမိသည်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည်လဲ ဆွံ့အသူများပမာ စကား မပြောနိုင်တော့ပေ။ ဘ၀သည်ကား ကံဆိုးမိုးမှောင်ကျခဲ့လေပြီ.....

အပိုင်း ( ၂ ) ဆက်လက်ဖတ်ရှုရန်..

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)
Related Posts with Thumbnails