Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Showing posts with label သူငယ်ချင်းများ နှင့် ကျွန်တော်. Show all posts
Showing posts with label သူငယ်ချင်းများ နှင့် ကျွန်တော်. Show all posts

Saturday, January 9, 2010

ကျွန်တော် နှင့် ကန်တော့အုပ်


"သားကြီး ထထ ကန်တော့အုပ်တင်လိုက်ရမယ်မလား"

"အမေ ဘယ်နှနာရီ ရှိပြီလဲ"

"ငါးနာရီခွဲပြီ သား"

"ဗျာ အမေတို့ကတော့လုပ်တော့မယ်ဗျာ ၊ ကျွန်တော်နိုးခိုင်းတာ လေးနာရီခွဲလေ ။ ဒုက္ခတွေတော့ရောက်ကုန်ပါပြီဗျာ"

လူတော်တော်လေးကို မောသွားတယ်။ မနက်အစောမနိုးမှာ စိုးသဖြင့် ညကတည်းကတိုင်း သူငယ်ချင်းအိမ်မှာအိပ်လိုက်မယ်လို့ အမေ့ကို ပြောသည်။ ညအလုပ်ကပြန်လာမှ သူများအိမ်သွားအိပ်မှာ စိတ်မချဘူးဆိုပြီး ပြောဆိုနေသဖြင့် အမေ့ဆန္ဒအတိုင်း သွားမအိပ်ပဲ မနက် အမေနိုးနိုင်မလားလို့ မေးလိုက်သည။် နိုးမယ် စိတ်ချပါတဲ့ ။ ကျွန်တော်က ညဆို သန်းခေါင်ကျော်မှ အိပ်ဖြစ်သည်မို့ မနက်အစောဘယ် လိုမှမနိုးနိုင် ။ အမေက ဇွတ်ပြောတော့လဲ သူငယ်ချင်းအိမ်သွားမအိပ်ပဲ အိမ်မှာသာအိပ်လိုက်သည်။ အခု အိပ်ရာထနောက်ကျလို့ နောက် ကျလေပြီ။ မျက်နှာအမြန်သစ်လိုက်သည်။ အ၀တ်စား ကောက်လဲလိုက်သည် ။ နာရီကိုကောက်ပတ်လိုက်သည်။ သေချာကြည့်လိုက်တော့ အမေပြောတဲ့ ငါးနာရီခွဲမဟုတ် ၊ ခြောက်နာရီခွဲ သေပါပြီ။ စိတ်တော်တော်လေး ကသိကအောက်နိုင်သွားသည်။

ကျွန်တော်နောက်ကျ၍ မဖြစ် ။ သတိုးသား ကျွန်တော့်သူငယ်ချင်း ၀တ်မယ့် တိုက်ပုံက ကျွန်တော့်ဆီမှာ ။ မနက်ယူခဲ့ဖို့သေချာမှထား တယ်။ သူငယ်ချင်းကတော့ မြို့အထွက်မှာ နေတာပါ။ အခုသွားပြီး ကန်တော့အုပ်တင်မယ့်ကောင်မလေးအိမ်က မြို့နဲ့ 10 မိုင်အထက်ဝေး တယ်။ ကျွန်တော်ကျန်ခဲ့ရင် နောက်ကလိုက်ဖို့ လမ်းလဲမသိ။ အရမ်းခင်တဲ့ ဘော်ဒါတွေ မလိုက်ဖြစ်ခဲ့ရင် သူငယ်ချင်းအရမ်း စိတ်မကောင်း ဖြစ်မှာ ကျွန်တော်သိတယ်။ ဒါနဲ့ အိမ်အပြင်ကို ဆိုင်ကယ်ထုတ်လိုက်တယ်။

"သား မမှီရင် ကောင်မလေး ရွာထိ ဆိုင်ကယ်နဲ့ လိုက်သွားမှာလား"


"လိုက်သွားမှာ ၊ ဘာမှစိတ်မပူမနေနဲ့ အမေ"

အမေစိတ်ပူမှာတော့ သေချာတယ်။ ဒါပေမယ့် မတက်နိုင်တော့ ဆိုင်ကယ်ကို လီဗာကုန်မောင်းထွက်ခဲ့သည်။ သူငယ်ချင်းက လွန်ခဲ့တဲ့ရက် ကတည်းက လာပြီး သေချာလာဖို့ ၊ နောက်မကျဖို့ အတန်တန်မှာထားတာ ။ အခုမှမမှီရင် ဒေါသထွက်ခံရတော့မယ်။ မနက်ပိုင်း အအေး ဓာတ်ကလေးကြောင့် ဆိုင်ကယ်စက်သံဟာ မဆူညံပဲ ရန်ကုန် - မကွေး လမ်းမကြီးတိုင်း အရှိန်ဖြင့်မောင်းနှင်ခဲ့သည်။

သူငယ်ချင်းတို့အိမ်ကို 10 မိနစ်လောက်ပဲ စီးလိုက်ရသည်။ အဝေးကလှမ်းကြည့်လိုက်တော့ ရင်ထဲ အမောပြေသွားသည်။ အိမ်ရှေ့မှာ ကားတွေရှိသေးသည် ။မထွက်သေး။ အိမ်ထဲဆိုင်ကယ်ထည့်ပြီး သတိုးသားကြည့်လိုက်တော့ တော်တော်လေးတင်းနေပုံထောက်တယ်။ ညအိမ်မယ်လို့ ပြောထားတဲ့သူငယ်ချင်းကလဲ သူ့ကားပါမလာဘူး။ သူ့ကားက ဘက်ထရီ ၀ပ်နေလို့ ဘက်ထရီထောက်နိုးဖို့ ကျွန်တော့်ကို စောင့်နေတာ မလာနိုင်တော့ သူများကားနဲ့ပဲ လိုက်ခဲ့သည်။ သတိုးသား တင်းရင်လဲ တင်းချင်စရာ 7 နာရီထိုးတော့မည်။ ကျွန်တော်က မရောက် ။ သူငယ်ချင်းကားကပါမလာ။ နောက်လူက မစုံသေး။ ပုဆိုးမပြီး ဟိုလျှောက်လိုက် ဒီလျှောက်လိုက် ဗျာများနေတာ။ ကျွန်တော် တို့လဲ လန့်နေရတယ်။ ဗိုက်ဆာလိုက်တာ .. ဘေးဘယ်ညာကြည့်လိုက်တော့ ဧည့်ခံထားတဲ့ ကော်ဖီနဲ့ ကိတ်မုန့် ။ သတိုးသားက စိတ်တို နေတော့ မနိုက်ရဲ။ ကဲ အားလုံးပြီးစီးလို့ ကားထွက်တော့မယ်ဆိုတော့ လက်တံရှည်ရှည်နဲ့ ကိတ်မုန့်နှစ်ခုနဲ့ ပါးစပ်ထဲပစ်ထည့်ပြီး ရေနွေး တစ်ခွက် ကောက်မော့လိုက်သည်။ ဟိဟိ နည်းနည်းအဆာပြေလဲ ပြေတာပေါ့.

သွားကြတာက ကားနှစ်စီး .. Hilux နဲ့ Light Truck ။ Light Truck က ဘီးလေးဘီးလေးလုံး လေအရမ်းနည်းနေတယ်။ စိတ်ပျက်လိုက် တာ ။ ကဲ လေ ဆိုင်ရောက်တဲ့အထိ ယောင်္ကျားသားတွေဆင်းလမ်းလျှောက်လိုက်သည်။ ကားလေဖြည့်ပြီး ထွက်ခဲ့ကြသည်။ ကောင်လေး အိမ်ဘက်က မိသားစုတွေက ကောင်မလေးအိမ်ကို မရောက်ဖူးဘူး။ ကျွန်တော်တို့လဲ မရောက်ဖူးဘူး။ သိပ်မဝေးဘူးတော့ ထင်ရသည်။ ရန်ကုန် - မကွေးလမ်းအတိုင်း ရန်ကုန်ဘက်သို့ မောင်းနှင်လာခဲ့သည်။ မကွေးမြို့နှင့် 10 အကျော်လောက်အရောက်တွင် ကားလမ်းမကြီးရဲ့ အတွင်းပိုင်းသို့ ချိုးဝင်ခဲ့ရသည်။ သိပ်တောင် ကားဘီးမလိမ့်လိုက်ရ ။ အခက်တွေ့ ပါတော့သည်။ လမ်းက အတက်ကြီး ။ အတက်က ကိစ္စမရှိဘူး . ပြဿနာက လမ်းက သဲတောကြီး ။ နောက် လှည်းလမ်းကြောင်းပုံစံကြီး ဘီးသွားတဲ့ နေရာက ခွက်ပြီး ၊ အလယ်ခေါင်က ဂမူကြီး ။ Light Truck ရှေ့ဖိုင်ဘာဘန်ကာနဲ့က ဘယ်လိုမှမလွတ် အမြင့်က တစ်ထွာပဲ ရှိသည်။ နောက် အောက်က လိပ်ပြာတန်းက အမြင့် တစ်မိုက်ပဲရှိသည်။ ခေါင်းက ရှေ့စိုက်ကလေးဆိုတော့ ဘယ်လိုမှမလွယ်။ ဒါပေမယ့် ကားဆရာ ကျွန်တော်တို့ အကိုကြီးကလဲ ရအောင်ဝင်မယ်ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့ ယောင်္ကျားသားတွေက အောက်ဆင်းပြီး ပုဆိုး လေးမကာ စပယ်ယာလုပ်ကျရပါသည။်

အစပိုင်းတွင်တော်တော်လေး ခက်ခဲသည်။ ကားကလမ်းအတည့်တိုင်း ဘယ်လိုမှမောင်းမရ ။ ကား ကုန်းပေါ်မှာ တင်နေမှာသေချာတယ်။ ဒါနဲ့ ကားကို အလယ်ဂမူကို မေးတင်ပြီး လမ်းအခြေ သဲတဲမှ ကပ်ဆွဲရသည်။ တော်တော်လေး ခက်ခဲသည်။ အတက်ကလဲဖြစ် အရှိန်နှင့် ရုန်းရင်လဲ သဲနစ်တော့မည်။ တခါတစ်ခါ ကားက ဘောင်ပေါ်တင်သွားပြီး ဘီးတွေ မြေကြီးနဲ့ လွတ်သွားသည်။ လူအားနှင့် ပြန်တွန်းချရ သည်။ Hilux ကတော့ နည်းနည်းမြင့်တယ်။ သိပ်အခက်မတွေ့လိုက်ဘူး ။ ဒါနဲ့ သူက အရှေ့ကမောင်းသွားနှင့်သည်။ ကျွန်တော်တို့ ကားက နောက်က ဖြည်းဖြည်းလိုက်ခဲ့သည်။ လမ်းရဲ့ 4 ပုံ 1ပုံလဲရောက်ကော ကားမှာ ဘယ်လိုမှ ရှေ့ဆက်လို့မဖြစ်တော့ ။ လမ်းလျှောက်ယုံပဲရှိ တော့သည်။ ဒါနဲ့ ကျွန်တော်တို့အားလုံး လမ်းလေးအတိုင်း ဖုန်တလုံးလုံးနဲ့ လျှောက်လာခဲ့ကြသည်။

သတိုးသား နှင့် သတိုးသမီးက ကျွန်တော်တို့ကားပေါ်ပါလာခဲ့သည်။ သူတို့လဲ လမ်းလျှောက်ပေါ့.။ ကားပေါ်က တ၀က်က စောစောက အဆင်မပြေကတည်းကတိုင်း လမ်းလျှောက်သွားနှင့်မိသည်။ ကျွန်တော်တို့က ကားနှင့်အတူရှိနေခဲ့ရာ မရသည့်အဆုံးမှ ကားဆရာအစ် ကိုကြီး နှင့် နောက်အစ်ကိုတစ်ယောက် ထားခဲ့ကာ .. ကျွန်တော်ရယ် . သူငယ်ချင်းရယ် . မင်းသားနဲ့ မင်းသမီးရယ်. မင်းသားရဲ့ အစ်မ ရယ် နောက်သူ့သားလေးရယ်. 7 ယောက်ထဲ ခရီးဆက်ခဲ့သည်။ အရင်သွားနှင့်သည့်အဖွဲ့နှင့် တော်တော်ပျက်ကျန်ခဲ့သည်။

လမ်းကတော်တော်ခေါင်သည်ပဲ ။ ဘေးဘယ်ညာကြည့်လိုက် ယာတောင်သိပ်မရှိ ရိုးပြတ်တောနှင့် ချောက်တွေပဲရှိတယ်။ လူကလဲပျက် သည်။ သားရဲအကောင်ပလောင်ထွက်လာမှာတောင် ကြောက်ရသည်။ ကလေးက လမ်းမလျှောက်နိုင်တော့ ကျွန်တော်နဲ့ သူငယ်ချင်းနဲ့ ထမ်းရပါတော့သည်။ ငါးနှစ်သားအရွယ် လက်ကမပွေ့နိုင်လို့ ပုခုံးပေါ်တင်ထမ်းရသည်။ 3 မိုင်လောက်လျှောက်ပြီးတဲ့အခါမှာတော့ ဒူးတွေ လဲကုန်လာတယ် ။ ဖိနပ်လဲပေါက် ခြေထောက်သွေးတွေစို့လာတယ်။ မထူးပါဘူးကွာဆိုပြီး ပုဆိုးတိုတိုဝတ် ဖိနပ်လက်ကကိုင်ပြီး သုတ်ရ တော့တယ်။ ဒါတောင် အပေါ်က ထိုင်လိုက်တဲ့ ကိုယ်တော်ချောက ညောင်းတယ်ပြောနေတာ ချောက်ထဲပစ်ချထားခဲ့မယ်ပြောလို့ ငြိမ်သွား တာ။

ရွာအ၀င်လဲရောက်ကော ခြေကုန်လက်ပန်းကိုကျပြီး ဗုန်းဗုန်းကိုလဲရော. ရွာကနေလာကြိုတဲ့ ထော်လာဂျီကလဲ ခက်တည်တည်နဲ့ ကိုယ်တို့ ကိုကျော်သွားတယ် အပြင်ပေတရာလမ်းကြီးထိရောက်ပြီးမှ ပြန်လိုက်တာတယ်. သူကကျွန်တော်တို့မှီတော့ ရွာတောင်ဝင်ပေါ့။ ရွာအ၀င် တော့ ထော်လာဂျီလေးနဲ့ ၀င်ခဲ့ပါတယ်။ ကလေးတွေက ကားနောက်ကပြေးလိုက်ကြတယ် ဖုန်တလုံးလုံးနဲ့ ... ဟူး...

ဟိုရော မင်္ဂလာစကားပြော ၊ ရွာလူကြီး ဆုံးမစကားခြွေ ၊ သတိုးသားက စိတ်မရှည် . အားလုံးကိုဝုန်းဆံနေတာပဲ ။ နားအေးချင်တာနဲ့ အိမ်အောက်ထက်ဆင်း ဖုန်းနဲ့ ရေဒီယိုလေး နားထောင်ပြီး ကွမ်းဆိုင်က ကွမ်းလေးဝယ်ပြီး သူငယ်ချင်း နှစ်ယောက်ငြိမ့်နေလိုက်သည်။ အားလုံးပြီးစီးတော့ ထော်လာဂျီနဲ့ ပြန်လာခဲ့ပါတယ်။ ကားစီးရတာက Express ထက်တောင်ငြိမ့်သေးတယ် ။ တောင်ရမ်းတော့ တောင် ဘက်ပြေးကပ်လိုက် ၊ မြောက်ရမ်းတော့ မြောက်ဘက်ပြေးကပ်လိုက်။ ဟူး...

အိမ်ပြန်ရောက်တော့ အပြေးလေးမှန်ကြည့်မိပါတယ်။ မိမွေးတိုင်း ဖမွေးတိုင်းကော ရှိသေးရဲ့လားလို့။ ... တစ်ကိုယ်လုံးကို ကိုက်ခဲနေတာ ပဲ။ တော်တော်လေးတော့ စိတ်ပိန်သွားတယ်။ ဒါပေမယ့်ဗျာ ကိုယ့်ဘော်ဒါကြီးအတွက် အခုလိုလုပ်ပေးလိုက်ရတော့လဲ ကျေနပ်ပါတယ်။ သူ့အတွက် လုပ်ပေးခဲ့နိုင်တာကို ပျော်ရွှင်မိခဲ့ပါတော့တယ်။ .....


စာဖတ်သူတို့အားအစဉ်လေးစားလျှက်...

မျှော်လင့်သူ..

Wednesday, December 16, 2009

မြှားနတ်မောင် ( ၃ )

အပိုင်း ( ၂ ) အဆက်..

ကဲ ဘော်ဒါတို့ရေ ကျွန်တော်အပျင်းလေး ထပ်ပြီး အပို်င်းဆက်ကလေးကို ရေးလိုက်ပါတယ်။

ကျွန်တော်တို့ ဘော်ဒါတွေ 528 ဆိုတဲ့ ဘိလိယက်ခုံလေးမှာ အပန်းဖြေနေခဲ့ကြတယ်ပေါ့။ ညနေစောင်းလောက်အထိပေါ့ ။ ခ ဏလောက်ကြာတော့ ဘသားချောက ရောက်ချပါလေရော။ အဲ ထူးဆန်းဖို့ကောင်းတာက ပြန်ပို့ခိုင်းလိုက်တဲ့ ကောင်မလေးက ပါလာလေ ရဲ့။ ဒီကောင်တော့ အစီစဉ်မရှိဘာမရှိနဲ့ပေါ့ ။ မငေါက်ရက်ပါဘူး မျက်နှာငယ်လေးနဲ့ဆိုတော့လေ။ ဘာလို့ ပြန်မပို့ခဲ့တာလဲဆိုတော့ အိမ် မပြန်ရဲလိုတဲ့ ။ ကောင်မလေး မေးကြည့်တော့ သူက ပြန်ရဲပါတယ်တဲ့ ။ အဲဒါဆို မပြန်ရဲတာ ငနဲသားပေါ့။ သိလိုက်ပါပြီ သူက မိန်းမ အသစ် စက်စက်ကလေးကို ခွဲချင်ပုံမရတော့။

ဒါနဲ့ပဲ ကျွန်တော်တို့ ခေါင်းချင်းဆိုင်လိုက်ပါတယ်။ ထင်ကြလိမ့်မယ် ဘယ်ကိုပြေးမလဲဆိုတာကိုပေါ့။ အမှန်တော့ ဘယ်အလုံးထိုးရင် အ မှတ်ပိုရမလဲဆိုတဲ့ ဘိလိယက်ခုံပေါ်ကိုပါ။ သူ့ဟာနောက်ထား အခုအရေးကြီးတာ ကစားပွဲမလားး) သူငယ်ချင်းကောင်းလေးတွေနော်။ သူ့ကောင်မလေးက ထိုင်စောင့်လို့ပေါ့ ။ နေပါ့လေ့စေအုံး နှိပ်စက်လိုက်အုံးမည်။

ဒီဘချောသား ဒီလိုလုပ်တာ အရေးမကြီး ကျွန်တော်တော့ ဒုက္ခအကြီးကျယ် ရောက်တော့မည်။ မနေ့ညကတည်းက ကျွန်တော်အိမ်မှာ အိပ်သည်။ အခုထိလဲ အိမ်မပြန် ... အဲခက်တာက အိမ်ကတောင် သေချာမှာလိုက်သေးတယ် ကျွန်တော်နဲ့ မလို့စိတ်ချတာတဲ့ ။ အခု တော့ ပျားတုတ်တော့မယ် ။ လုံးဝကျွန်တော်အပြစ်.. အော်မတက်နိုင်လေ နောင်ခါလာ နောင်ခါဈေးပေါ့။ ဒီလိုတွေတွေးနေမိတော့ ကစားပွဲစိတ်မပါ ... စိတ်ထဲမှာလဲ ညစ်လာတာနဲ့ ဘေးနားက ရှိတာကို အသားကုန်ပြေးကြုံးကန်လိုက်သည်။ (ဟိဟိ လေလွင့်လာတဲ့ ပလပ်စတစ်အိပ်ကလေးပါ ... ကန်လိုက်တာ ဘယ်သူမှတောင်သတိထားမိပုံမပေါ် )......

ကဲကဲ ကစားနေလို့မပြီးသေးဘူး သူတို့နေဖို့ နေရာက လိုသေးတယ်။ ဒီတော့ ဘချောသားက ပြောပါတယ် အနောက်ဖက်ကမ်း (လာ ပြန်ပြီ အနောက်ဖက်ကမ်းလို့တောင် တွေးမိလောက်တယ် စာဖတ်သူတို့ ) မှာ ရှိတဲ့ သူ့အမျိုးတွေအိမ် လစ်မယ်တဲ့ ။ မနက်ဖြန်မနက်မှ မင်းတို့လိုက်ခဲ့ အ၀တ်စားတွေပါယူလာခဲ့တဲ့။ မင်းဖြစ်လို့လား အခုတောင်မှောင်တော့မယ်ဆိုတဲ့ အေးဆေးတဲ့။ အဲသူမှ အေးဆေးဆို တော့ ကျွန်တော်တို့က ဘာပြောရအုံးမတုန်း အလျှင်အမြန်ခေါင်းညိမ့်လိုက်သည်။ အေးအေး။. :D

ကဲ သူပြေးပြီးလို့ သိပ်မကြာပါဘူး အမောင်မင်းတို့အိမ်က လူတစ်တန် ဖုန်းတတန်နဲ့ တကွီကွီလာပါတော့သည်။ လူလာတော့ရှောင်နေ လိုက်တယ်။ ဖုန်းလာတော့ သူများပေးကိုင်လိုက်တယ်။ ခေါင်းတွေကတော့ အငွေ့တွေထွက်လို့ပေါ့.... ကဲနောက်ဆုံးတော့ သိသွားရှာ ပါတယ် ။ သူ့သား မိန်းမခိုးပြေးပြီ ဆိုတာကိုပေါ့ ။ နောက်ရက်တွေမှာ ကျွန်တော်တို့ သူ့ဆီကို လိုက်ဖို့ အသေလဲကြိုးစားရပါသည်။ သို့ သော် သူငယ်ချင်းယောက္ခမ ပွဲစားကြီးက သူ့ပွဲရုံက စာရင်းများ လချုပ်လုပ်နေတာကြောင့် ဘယ်လိုမှ လိုက်ဖို့မဖြစ် အဆုံးနောက် ကျွန် တော်ကိုယ်တိုင်ပင် စာရင်းစာအုပ်တွေထဲ လုံးပေးရပါတော့သည်။ (အော် သူ့စီးပွားကလဲ ကျွန်တော့်စီးပွားမဟုတ်လားး) ကြားရင်သတ် လိမ့်မယ် )

သိပ်ရက်မကြာပေ. သူတို့အိမ်က ဦးလေးကြီးတွေလိုက်ခေါ်လို့ ပြည်တော်ပြန်ဝင်လာခဲ့သည်။ အော်.. အခုတော့လဲ အေးအေးချမ်းချမ်း နဲ့....... အင်း ဘယ်လိုပင်ဖြစ်ပါစေ... ရင်ထဲမှာတော့ သူငယ်ချင်းတို့ လင်မယား အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ပြီး ကျန်းမာချမ်း သားစွာ နဲ့ ပျော်ရွှင်စွာ နေနိုင်သွားပါစေ. သမီးချောလေးလဲ အမြန်မွေးပါစေ (အဟိ)...


မျှော်လင့်သူ (စာဖတ်သူတို့အား အစဉ်လေးစားလျှက်)

Monday, December 14, 2009

မြှားနတ်မောင် ( ၂ )

အပိုင်း ( ၁ ) အဆက်...

လွတ်လာတဲ့ ကျွန်တော်တို့ သုံးစီးဖမ်းတဲ့ နေရာနဲ့ နည်းနည်းလှမ်းလှမ်းမှာ စောင့်နေလိုက်သည်။ ခဏလောက်ကြတော့ ရောက်ချလာပါ သည်။ မျက်နှာသိုးကြီးနှင့် သတိုးသားလောင်းလေ :D ၊ ဒါနဲ့ပဲ အချိန်မဆွဲပဲ အချိန်မလင့်ခင် တရားရုံးကြီးဆီသို့ ဦးတိုက်ရပါတော့သည်။ အဟိ ဘချောသားတို့ ကံကောင်းပုံများ ၊ တရားရုံးရောက်တော့ တရားသူကြီးရှေ့ လက်မှတ်ထိုးဖို့အလို့ငှာ တရားသူကြီး မေမြန်းသောအခါ တရားခွင်ဝင်နေပါကြောင့် အမှုပြီးမှ လက်မှတ်ထိုးလို့ရမည်တဲ့ ။ ကဲ မထူးတော့ဘူးလေ စောင့်ရမည်ပေါ့။ ဗိုက်ကလဲ အကျင့်မကောင်း မနက်စာ မစားရသေးတဲ့အတွက် ဆန္ဒက ပြချင်ချင် ။ မဖြစ်သေး ရေလေးသောက်ပြီး အိနြေ္ဒဆယ်လိုက်သည် ။ သိပ်မကြာပေ ၊ တစ်နာရီခွဲ လောက်ကြာတော့ ပြီးသွားသည်။ ဒါနဲ့ တရားသူကြီးမရှေ့မှာ အစစ်ဆေးခံပြီး လက်မှတ်ထိုးကြတယ်လေ။ ကျွန်တော် ပါလေရာ သကြီးက တော့ အသိသက်သေပေါ့။

တရားရုံးက အားလုံးပြီးစီးတော့ သတိုးသားအသစ်စက်စက်လေး ချွေးမတိတ်နိုင်သေး ၊ အခုနက ဆိုင်ကယ်ဝှီးတက် ကိစ္စအတွက် ယာဉ် ထိန်းရုံးကို ပြေးရပြန်တယ်။ အားလုံး မကွေးဘက်ပြန်ရောက်တော့ ဆာလောင်နေကြပြီ ၊ မွန်းလဲ လွဲနေပြီလေ။ ဒါနဲ့ ၀ါးတီးဆွဲဖို့ အတွက် High Class Garden ဆိုတဲ့ ဆိုင်ကလေးကို ပြေးကြလေသည်။


သတိုးသား နဲ့ သတိုးသမီးလေ

ဟိဟိ မလန်းဘူးတော့ မပြောပါနဲ့ဗျာ . အိမ်ကနေ သူငယ်ချင်းစာမေးဆိုပြီးထွက်လာတာ ဒီလောက်ဝတ်ခဲ့တာတောင် ကံကောင်း :D


ကျွန်တော် နဲ့ သူငယ်ချင်းတွေပေါ့

သတိုးသမီးလဲ ဆာနေရောပေါ့ ဓာတ်ပုံရိုက်မယ်ဆိုတာတောင် ခေါင်းမဖော်နိုင်တော့ဘူးလေ :)


ကျွန်တော်တို့ ဘော်ဒါကြီးလေ

ဘေးက သွားကြီးဖြီးပြီ ရယ်နေတာကတော့ လွန်ခဲ့တဲ့ နှစ်ကခိုးပေးလိုက်တဲ့ တစ်ယောက်လေ ၊ မိန်းကလေးလေး မွေးတယ် ၊ အမျိုးသ မီးတော့ပါမလာဘူး ၊ ကလေးတစ်ယောက်နဲ့ အလုပ်တွေရှုပ်နေလေရဲ့ ၊ ကျွန်တော် ယောက္ခမကြီးပေါ့ ။ ဟိဟိ သူ့သမီးလေးက ချောသ ဗျ။


နောက်က ရပ်နေတဲ့ နှစ်ယောက်က မယုံရဘူး တွေ့ရင်တွေ့သလိုကစ်တာ

ဟိဟိ ဒီလိုပြောလဲ စိတ်မဆိုးကြဘူးဗျ။ ပေါင်းသင်းလာတဲ့ နှစ်ကမနည်းမှ မနည်းတော့တာလေ ။


စားစရာ မလာသေးခင် အိနြေ္ဒဆယ် စကားပြောနေကြတာလေ

ဘေးလူမြင်ကောင်းအောင် ဟန်ဆောင်ပြောနေကြတာလေ လာတာနဲ့ တွယ်မှာဆိုတာကြီးပဲ ။


ကျွန်တော့် ယောက္ခမ မျက်နှာကြည့်ကြပါအုံး

ဂိုက်ပေးကြမ်းတဲ့ သူငယ်ချင်းယောက္ခမ ပုံလေ... အော်ပျော်ပျော်နေ သေခဲတဲ့။


အငတ်ကြမ်းတယ်တော့ မဆိုပါနဲ့ဗျာ မနေနိုင်တော့လို့ပါ

စားကြပါအုံး ကျွန်တော် ဗိုက်အရမ်းဆာနေလို့ပါဗျာ ။


ကဲ ကျွန်တော့်ကိုပဲ မပြောတော့နဲ့နော်..

ကြည့်လိုက်ပါအုံး စားနေကြတာ .. အငတ်လေးတွေပေါ့ဗျာ.


အီသီယိုပီးယား ကိုကို ပါခင်ဗျာ



ယောက္ခမကြီးလေ

သူမှမဟုတ်ပါဘူး ကျွန်တော်တို့ တဖွဲ့လုံး ပျော်ပျော်နေတက်ကြတာပါ။ ဘယ်နေရာပဲ ဖြစ်ဖြစ် လူတွေရှိနေဖို့မလိုဘူး ၊ စည်ကားဖို့ မလိုဘူး ဘော်ဒါတွေရှိရင်ဖြစ်တဲ့ဆိုတဲ့ အဖွဲ့လေးပါဗျာ.


ဆရာကြီး ဂိုက်ဖမ်းနေတာပါခင်ဗျား)

ဟဲဟဲ အားလုံးစားသောက်ပြီးတော့ ဘသားချောက ကောင်မလေးပြန်ပို့ ကျွန်တော်တို့ ဘော်ဒါတွေကတော့ ပင်ပန်းသမျှလေး ဖြေဖို့ ဘိလိယက်ခုံလေးသို့ပြေးကြပါတော့သည်။

ဆက်ပါအုံးမည်။

မျှော်လင့်သူ.

မြှားနတ်မောင် ( ၁ )

ဒီရက်ပိုင်း Blog ရေးဖို့ စိတ်တွေတအားဖြစ်နေတယ်။ ဒါပေမယ့် ဘာကို ရေးရမယ် မယ်မယ်ရရလဲမရှိ။ ဒါနဲ့ပဲ ဒီရက်ပိုင်း အချစ်ဆုံးသူငယ် ချင်းစုံတွဲကို မြှားနတ်မောင်လေး လုပ်ပေးခဲ့တဲ့အကြောင်းပဲ ရေးလိုက်မိတယ်။ ကိုယ်မစွံလို့တော့ မဟုတ်ဘူးနော် ၀ါသနာပါလို့ပါး)

ကျွန်တော်တို့ ချစ်ဆုံးသူငယ်ချင်းလေးယောက်ထဲလေ မိန်းမလိုချင်လှပါပြီဆိုတော့ ကျွန်တော်တို့တွေ ခေါင်းချင်းဆိုင်ရပြီပေါ့။ မကူညီလို့ လဲမဖြစ်လေ ။ ဘော်ဒါအရင်းကြီးတွေကို ဒါပေမယ့် မခက်ပါဘူးလေ ဘာကြောင့်လဲဆိုတော့ မနှစ်က ဒီဇင်ဘာလတုန်းကလဲ အေးခဲနေတဲ့ ကြားက တစ်ယောက်ခိုးပေးခဲ့တယ်လေ။ အခု နောက်တစ်ယောက်ဆိုတော့ အတွေ့ကြုံက မသေးတော့ဘူးဆိုရပေတော့မည်။

အခုအတွဲက နည်းနည်းစဉ်းစားရကျပ်သည်။ အရင်အတွဲက မြို့ပေါ်ကကြီးပဲ ။ အလွယ်လေး ခိုးပေးလိုက်တယ်။ အခုတစ်ယောက်က နယ်က ..... ကောင်မလေး အိမ်ဘက်ကလဲ ယုံတယ် ၊ သူ့သမီးလေးကို ကျောင်းစာမေးပွဲဖြေပြီးကတည်းကတိုင်း ဒီအကြောင်းတွေ ကြို မြင်ပုံရတယ်ထင်၏ ၊ အိမ်ထဲ အိမ်ပြင်တောင် မထွက်ရသလောက်ပဲ ။ ဒီတော့ လူကြီးနှင့် လူငယ် ဘယ်သူက ကလိန်ဥာဏ် ပိုထွက်မယ် ထင်လဲး) ၊ ဟိဟိ အဖြေမှန်ပါတယ် ။ ကျွန်တော်တို့လူငယ်တွေပဲပေါ့ ။

ဒါနဲ့ပဲ ကောင်မလေးအိမ်ကို စာမေးပွဲမအောင်ဘူး supplementory exam ထိတယ်ဆိုပြီး ၊ အိမ်ကထွက်လို့ရအောင် ကြံလိုက်သည်။ အိမ် ကလဲ စာမေးပွဲဆိုပြီး ပေးလွတ်တယ်း) ။ ကဲ လက်နှေးရင် ခွက်ဆေးရမှာဆိုးတဲ့ ကျွန်တော့်သူငယ်ချင်း ဘသားချောက အမိအရ ကိုင်ပါတော့သည်။ ဒီလိုစီစဉ်လိုက်ကြတယ် ၊ ကောင်မလေးက မြို့ပေါ်က သူ့အဘွားအိမ်မှာ နေတယ်။ ပထမတစ်ရက် အိမ်ကို သူငယ် ချင်းဆီ စာမေးဆိုပြီးထွက်မယ် ၊ အဲဒီ့နေ့မှာ တရားရုံးမှာ လက်မှတ်ထိုးမယ် ။ နောက်တစ်ရက်ကျော်ကြရင် ခိုးပြေးမယ် ဆိုင်ကယ်နဲ့ပေါ့။

ဒီလိုနဲ့ အေးခဲလှတဲ့ ဒီဇင်ဘာလ 2 ရက်နေ့မှာ ဘော်ဒါတွေစုရုံးပြီး လက်မှတ်ထိုးပွဲအခမ်းနားလေး ကျင်းပလိုက်တယ်။ မကွေးတိုင်းမြို့ ကြီးမှာ ထိုးလို့ရပါလျှက်နဲ့ ဘသားချောက ဧရာဝတီမြစ်အနောက်ကမ်း မင်းဘူး တရားရုံးမှာ ထိုးချင်သည်လေ။ သြော် မဖြစ်ဘူးဆိုတာ မရှိစေရဘူးလေ ဘော်ဘော်ကြီး ဆန္ဒပေါ့ ။ ဒါနဲ့ ဆိုင်ကယ်လေးစီး လူရှစ်ယောက်နဲ့ မြစ်ကူးတံတားကြီးကိုဖြတ်ကူးလေသည်။ တ၀က် လောက်လဲရောက်ကော တစ်ဖက်မှ လာတဲ့သူက လှမ်းအော်သည်။ ဘာတဲ့... သေချာနားစွန့်လိုက်တော့ ဟိုဘက်ကမ်းမှာ မော်တော် ပီကယ်တွေ အကုန်စစ်နေတယ်တဲ့ ။ အကုန်ဆိုတာ (ဆိုင်ကယ်ဝှီးတက်၊ လူလိုင်စင်၊ ဦးထုပ်) စတာတွေပေါ့ ။ ဒါနဲ့ ဘာတစ်ခါမှမပြည့်စုံ တဲ့ကျွန်တော်တို့ နောက်ပြန်မောင်းခဲ့ရပြန်သည်။ လိုအပ်တာတွေပြန်ယူပြီး ပြန်တက်ခဲ့ပြန်ပါတယ် တံတားပေါ်ကိုပေါ့။ ဟိုဘက်ရောက် တော့စုံစမ်းကြည့်တော့ အရမ်းကြမ်းနေတယ်တဲ့။ ဆိုင်ကယ်မှာ ဘက်မှန်ပါမပါ ပါစစ်တာတဲ့ ။ ဗုဒ္ဓေါ..... ဘယ်လိုလုပ် ကျုပ်တို့ယော ကျာင်္းလေးတွေ စီးတဲ့ဘီးက ဘက်မှန်ပါမတုံး :D ခက်ပြီ။ ဒါနဲ့ပဲ ရပ်နေလို့က မဖြစ်ဘူးလေ ။ အရဲစွန့်သွားရတော့မှာပေါ့ ။ ဒီတော့ ရှေ့ ပြေး သုံးစီကိုလွတ်လိုက်ပြီး ကျွန်တော်မြှားနတ်မောင်လေးကတော့ အခြေနေစောင့်ကြည့်နေလိုက်သည်။ 10 စက္ကန့်အကြာလောက်မှာ ခရာသံဆူညံသွားတယ်။ ဘာဖြစ်တယ်မသိ ... ဒါနဲ့ ကျွန်တော် ခပ်တည်တည်နှင့် မောင်းခဲ့ရာ စစ်မယ့်သူတောင်မရှိ ၊ ဘယ်ရှိမလဲ သတိုးသားလေး မောင်ဘချော ကအဖမ်းခံနေရတယ်လေ ။ သူ့နေရာပဲ မော်တော်ပီကယ်က အုံသွားတာကိုး ။ နည်းနည်းဆက်စီးသွား တော့ ဘော်ဒါတွေ ဆိုင်ကယ်နှစ်စီး ၊ ဟိဟိ သွားတော့မတိုင်နဲ့နော် ။ သုံးစီးမောင်းပြေးတာ သတိုးသားဆိုင်ကယ်တစ်စီး မိသွားတယ် လေ......

ဆက်ပါအုံးမည်။

မျှော်လင့်သူ

Saturday, November 7, 2009

သူငယ်ချင်းများ နှင့် ကျွန်တော်

လွန်ခဲ့သော ငါးနှစ် ၊ ၂၀၀၄ လောက်ကပေါ့ စာရေးသူ တက္ကသိုလ်မြေသို့ ပထမဆုံး ခြေလှမ်းချဖြစ်ခဲ့သည်။ စာရေးသူ တက်ခဲ့တဲ့ အထက် တန်းကျောင်းက စာရေးသူတို့အိမ်နှင့်က သိပ်မဝေး ။ မနက်ကျောင်းသွား ၊ နေ့ခင်း ထမင်းပြန်စား ၊ ညနေကျောင်းဆင်း
ပြန်တော့လဲ အိမ် ဘေးက ကျူရှင်တက် ၊ ဒီလိုနဲ့ တပတ်ကုန်ခဲ့ရသည်။ အပြင်လောက နှင့် စာရေးသူ နှင့် လားလားမှ မဆိုင်သလိုပင် ။ တပတ်လျှင် ကျောင်း ပိတ်ရက် တစ်ရက်သာ စာရေးသူ၏ အမေနှင့် ဈေးဘက်သို့ရောက်ဖြစ်သည်။

အခုတော့ အသိပညာတွေ အတက်ပညာတွေ စုစည်းဖို့အတွက် တက္ကသိုလ်ဆိုသော မြေသို့ ခြေချခဲ့ရသည်။ လူရည်မလည်တဲ့စာရေးသူ အဖို့ အားလုံးက အသစ်ဆန်းဖြစ်ပြီး ကြောက်စိတ်တောင် အနည်းငယ် ၀င်မိခဲ့သည်။ ကျောင်အပ်တဲ့ နေ့မှာ စာရေးသူ၏အမေကိုယ်တိုင် ကျောင်းလိုက်အပ်ပေးခဲ့သည်။ ကျောင်းစတက်တဲ့ နေ့မှာ ကသိကအောက် တော်တော်လေး နိုင်ခဲ့သည်။ စာရေးသူ ဘေးဘယ်ညာ
ကြည့် လိုက်သည်။ အားလုံးက ဘယ်အချိန်က ခင်လာကြတဲ့သူငယ်ချင်းတွေမသိ အားရပါးရ စုဖွဲ့ပြီး စကားပြောနေကြသည်။တမျိုးကြီး
ဖြစ်နေ သည်။ ကောင်လေးတွေကော ကောင်မလေးတွေကော အတူတူထိုင်လို့ရသား ။

ကြောင်တောင်တောင်နဲ့ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက် ကြည့်နေစဉ်မှာပင် တစ်ယောက်က ပုခုံးလာပုတ်သည်။ငါသိတဲ့သူ
တော့ ရှိသားပဲ လှည့်ကြည့်လိုက်သည်။ ၁၀ တန်းတုန်းက ဘော်ဒါမှာ တစ်ခန်းထဲ အတူနေခဲ့တဲ့ ဘော်ဒါ ဖြစ်နေသည်။ စာရေးသူ အလွန်
ပျော်ရွှင် ခဲ့ရသည်။ နောက်ရက်တွေမှာ မကြောင်တော့ ဘော်ဒါနဲ့ စာသင်လိုက် ကမ်တင်း သွားလိုက် ၊ ပြန်တော့လဲ သူ့အိမ်ပြီးမှကိုယ့်
အိမ်ပြန်တယ် ။ ဒီလိုနဲ့ သိပ်မကြာခင်ပဲ စာရေးသူအတွက် နောက်ထပ်ချစ်ရမယ့် ဘော်ဒါနှစ်ယောက် တိုးလာခဲ့ပြန်သည်။

ဒီလိုနဲ့ တပူးတွဲတွဲ သူငယ်ချင်းတွေ နေခဲ့ကြသည်။ တစ်ယောက်အခက်ခဲကို တစ်ယောက်က ဘယ်တော့မှ ဥပက္ခာမပြုပဲ ဖြေရှင်းပေးခဲ့ ကြသည် ။ ပျော်ရွှင်စွာနေတက်သော လူငယ်များဖြစ်သောကြောင့် သူတို့ရှိနေတဲ့ နေရာတိုင်းမှာ ပျော်ရွှင်မူလေးတွေ ဖြစ်ပေါ်နေတက် သည်။ ကိုယ့် Intake တူချင်းမသိတဲ့သူမရှိသလောက်ပင် ။ စူးစမ်းချင်စိတ်ကလဲ အပြည့်ဖြစ်ခဲ့သည်။ စူးစမ်းကောင်းလို့လဲ ဆရာနေ သော အဆောင်အား ကျော်ဝင်မိသဖြင့် ကျောင်းအုပ်ကြီးအား ဌာနမှုးမှ တောင်းပန်၍ ကျောင်းဆက်တက်ခွင့်ရခဲ့သည် အထိဖြစ်ခဲ့သည်
ကျောင်းမှာ ဘာတဲ့ဆိုရင် ရှေ့ဆုံးက သွားသည်။ အမြဲတစ်စေလဲ လွဲတက်သည်။


တစ်နေ့ ကျောင်းမှာ ဆရာကန်တော့ပွဲတဲ့ ၊ စာရေးသူတို့ အဖွဲ့တက်ကြွနေပြီပေါ့ ။ မနက်ဖြန်ကြရင် ဘာဝတ်မယ်ညာဝတ်မယ်ပေါ့ ။ နောက်ဆုံး မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာအရ တိုက်ပုံကိုရွေးလိုက်သည်။ မရှိလဲမပူ အဖေဟာယူဝတ်မယ်ပေါ့။ မနက်ဆံကေသာကို အုန်းဆီကျော့အောင်လိမ်း တိုက်ပုံဖားဖားကြီးများနှင့် လေးယောက်သား ကျောင်းရောက်ခဲ့သည်။ အားလုံးကတော့ ပေါ့ပေါ့ပါးပါး အဆင်ပြေသလိုဝတ်လာကြသည်။ အတန်းကြီးတောင် တိုက်ပုံမ၀တ် ၊ ဒါပေမယ့် မရှက်ပေါင် မြန်မာ့ရိုးရာပဲ နောက်ဆုံး တိုက်ပုံတွေနဲ့ ဆိုတော့ ရှေ့ဆုံးကတောင် ၀င်ကန်တော့ခွင့်ရခဲ့သည်။

တစ်ယောက်ကလာအော်သည်။ မနက်ဖြန် ဌာနမှာ စာတမ်းဖတ်ပွဲရှိတယ်တဲ့ ။ စာရေးသူတို့ ရောက်အောင်သွားခဲ့သည်။ ဟိုရောက်တော့ အတန်းကြီးများက သူတို့ပြုစုထားတာတွေကို ဖတ်ကြသည်။ မေးသည်ကို ဖြေကြသည်။ အခုမှ ကျောင်းစတက်တဲ့ စာရေးသူတို့နား မလည်။ ဘယ်အချိန်ပြီးသည်တော့မသိ ၊ ကျောင်းစောင့်လာနှိုးမှ ဘော်ဒါလေးယောက်နိုးပြီး ထပြန်ခဲ့သည်။ ဒီလိုနဲ့ ကျောင်းချိန်တွေ ဖြတ်သန်းခဲ့သည်။ ကျောင်းရည်လဲ လည်လာခဲ့သည်။ ကျောင်းတက်ချိန်တက် ၊ လ္ဘက်ရည်ဆိုင်ထိုင်ချိန်ထိုင် ၊ ကျန်အားလပ်ချိန်များအား အကျိုးရှိစွာ ဂိမ်းဆိုင်တွင်ဖြုံးလိုက်သည်။

စာရေးသူတို့ အိမ်မက်ဖြစ်သော ဘွဲ့ကို လေးယောက်လုံး အတူတူယူမယ် ဆိုသော အိမ်မက်လွင့်ပြယ်ခဲ့သည်။ ဘွဲ့ယူအခမ်းနားအား စာရေးသူနှင့် နောက်တစ်ယောက်သာတက် နိုင်ခဲ့သည်။ ဘော်ဒါနှစ်ယောက် တစ်နှစ်ကျနေခဲ့သည်။ ထိုတုန်းကလဲ ယောင်္ကျားလေးများ ဖြစ်ပေမယ့် မျက်ရည်ကြခဲ့ရသည်။ စာရေးသူတို့ နှစ်ယောက် ကျောင်းပြီးသွားတော့ အလုပ်ခွင်ထဲဝင်ဖြစ်ခဲ့သည်။ ကျန်တဲ့ ဘော်ဒါနှစ် ယောက်မှာလဲ ကျောင်းဆက်တက်ဖြစ်ခဲ့သည်။

တစ်နေ့ဘော်ဒါတွေ ညနေပိုင်း လ္ဘက်ရည်ဆိုင်ထိုင်စဉ် ဘော်ဒါတစ်ယောက်ဆီမှ စကားတစ်ခွန်း ကြားလိုက်ရတယ်။ " ငါမိန်းမခိုး မယ်တဲ့ " ၊ အံ့သြသွားခဲ့တယ် ။ ဒါပေမယ့် သူဒီလိုဖြစ်လာပြီ ဆိုတော့လဲ ဘော်ဒါတွေ သွေးဆူလာကြသည်။ အခြေနေ အကျိုးကြောင်း
မေးမြန်းပြီးတော့ စီစဉ်ရတော့သည်။

ဆက်လက်ရေးသားပါအုံးမည်။

မျှော်လင့်သူ.. (သူငယ်ချင်းများအား သတိရလွမ်းဆွတ်လျှက်)
Related Posts with Thumbnails