Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, March 14, 2010

ရောဂါဆိုးနှင့်ရင်ဆိုင်ရပြီး ကျွန်တော်တို့နှင့် ခွဲခွာသွားသော ဖေဖေ


ဒီနေ့ တနလာင်္နေ့ ဘုရားကြီးသန့်ရှင်းတောင် မသွားဖြစ်လိုက်ဘူး။ မနေ့က ပင်ပန်းထားလို့ အိပ်ပျော်သွားတာက တစ်ကြောင်း၊နောက် ပြီး မေမေက ညဦးပိုင်းက ဖျားနေတာကြောင့်ရယ် မသွားဖြစ်လိုက်ဘူး။ ညက မေမေလဲ အိပ်ရာဝင်တော့ ကျွန်တော်လဲ တံခါးတွေ စစ်၊ မီးတွေစစ်ပြီး အိပ်ရာဝင်ခဲ့တယ်။ အရင်ရက်တွေနဲ့မတူ အအေးဓာတ်လေးက အနည်းငယ် ပြန်လည်လွမ်းခြုံနေသည်။ စောင်ပါးပါး လေး ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်သွားသည်။

အိပ်လို့ သိပ်မကြာခင်လား၊ ဒါမှမဟုတ် အာရုဏ်တက်ချိန်လားတော့ မသိဘူး။ အိမ်မက်လိုလို ဘာလိုလိုနှင့် တကယ်အပြင်မှာထိတွေ့ ခံစားရသလို အရာတစ်ခုမြင်မက်မိသည်။ အိမ်မက်ထဲမှာ ကျွန်တော် ဖေဖေရင်ဘတ်ပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်နေတာတဲ့။ ကျွန် တော်အငြိမ်မနေပဲ ဆော့နေတော့ ဖေဖေက “ဟေ့ကောင်” တဲ့ရယ်သံလေးနဲ့ ပြောသည်။ ကျွန်တော်က “ ဖေဖေနှလုံးအောင့်လို့ လား” ဆိုတော့ “ မဟုတ်ပါဘူး သားကြီးရ ဖေဖေယားလို့ပါကွ ” ။ ဖေဖေ့မျက်နှာကြည့်လိုက်တော့ ၀င်းရွှင်နေတာပဲ။ ထိုသို့နေရင်း နှင့် ရုတ်တရက်တွေးလိုက်မိသည်။ ဖေဖေက ငါတို့ကိုထားခဲ့ပြီး လူ့ဘ၀ကြီးကစွန့်ခွာသွားပြီပဲ။ ထိုသို့စဉ်းစားမိလိုက်သည်နှင့် အိမ်မက် လေးပျက်ပျယ်သွားသည်။

လွန်ခဲ့တဲ့ 13 နှစ်ကစပြီး ဖေဖေနှလုံးသွေးကြောကျဉ်း ရောဂါကိုစတင်ခံစားရသည်။ သွေးတိုးရောဂါရင့်လာတော့ နှလုံးဘက်ထိလာ တာလို့ ဆရာဝန်များကိုဆိုတယ်။ ဖေဖေရဲ့ သွေးပေါင်ချိန်ဟာ အမြဲတမ်းမြင့်တက်လျှက်ရှိနေပြီး သာမာန်လူတယောက်ရဲ့ သွေးပေါင် ချိန်တိုင်းဆို ဖေဖေမနေနိုင်တော့။ ခေါင်းမူးတယ်ပြောတယ်။ ဖေဖေသွေးပေါင်ချိန်တိုင်းလဲ သာမာန်လူမနေနိုင်။ လွန်ခဲ့တဲ့ 13 နှစ် လောက်မှာ ဖေဖေရန်ကုန်ခရီးသွားနေတုန်း နှလုံးရောဂါစဖောက်ခဲ့တာပါ။ ဒါပေမယ့် ဖေဖေဟာ ကျွန်တော်တို့အားလုံးကို ဖွင့်မပြော ပဲ အကောင်းပကတိပုံစံနဲ့ ရန်ကုန်ကပြန်လာတယ်။ ပြီးတော့ ဆေးမှတ်တမ်းတွေအားလုံးကို သိမ်းဆည်းထားလိုက်တယ်။ နောက် ပိုင်း ရောဂါဖောက်ခြင်းလက္ခဏာတော့ မတွေ့ရ။ ဒီလိုနဲ့ နေလာတော့ 2002ခုနှစ်မှာ ဖေဖေဒုတိယအကြိမ် ရောဂါအပြင်းအထန် ပြန်ဖောက်လာခဲ့တယ်။ နှလုံးသမားတွေဟာ တကြိမ်ပဲဖောက်ခွင့်ရှိတယ်။ ဒုတိယတကြိမ်ဆို မလွယ်ကူတော့။

မကွေးပြည်သူဆေးရုံကြီး အရေးပေါ်ခန်းထဲကို အလျှင်မြန်ပို့ခဲ့သည်။ ဖေဖေခံစားရတာကြည့်ပြီး ဘယ်လိုမှမသက်သာနိုင်။ ဖေဖေ့ကို အခန်းထဲထည့်ထားပြီး မေမေကို ဆေးရုံအုပ်ကြီးကခေါ်တွေ့တယ်။ လူနာက ဘယ်လိုမှတော့မဖြစ်နိုင်တော့ကြောင်း။ နီးစပ်ရာဆွေမျိုး တွေကို ခေါ်ထားသင့်ကြောင်း ခေါ်ပြောတယ်။ မေမေက တက်နိုင်သလောက်တော့ကယ်ပါဦးဆရာရယ်ဆိုတော့ ။ ဆရာဝန်ကြီးက စကားဟလာတယ်။ ငွေကြေးတက်နိုင်လား။ ငွေနဲ့အသက်ဆက်မယ်ဆိုရင်တော့ သက်တမ်းစေ့မဟုတ်ရင်တောင် နည်းနည်းနေနိုင် သေးတယ်လို့ဆိုပါတယ်။ မေမေကလဲ ရှိသမျှစည်းစိမ်ကုန်ပါစေ ကုမယ်လို့ပြောလိုက်တော့ ဆရာဝန်ကြီးတို့က အားချင်းကုသဖို့ပြင် ဆင်ကြသည်။ သို့သော် သေ 70/30 ရှင် သာရှိခဲ့သည်။

ဖေဖေရောဂါက နှလုံးသွေးကြောကျဉ်းပြီး နောက်ဆုံး တကြောသာကျန်ပြီး ကျန်သွေးကြောတွေပိတ်သွားခဲ့တယ်။ နှလုံးထဲစီးဝင်တဲ့ သွေးပမာဏအတိုင်း ပြန်မထွက်တော့ပဲ နှလုံးအောက်ခြေပိုင်းမှာ သွေးများစုလာခဲ့တယ်။ တဖြည်းဖြည်းနှင့် ထိုသွေးများပုပ်လာခဲ့ တယ်။ ဒီလိုနဲ့ ရောဂါကပိုဆိုးလာခဲ့တယ်။ ဆရာဝန်ကြီးများ ကြိုးစားကုကြတယ်။ ဖေဖေဘေးပတ်ဝန်းကျုင်မှာလဲ စက်တွေကလဲ အများကြီး ရင်ဘတ်တွေမှာကော ကြိုးတွေကရှုပ်ရှပ်ခတ်နေသည်။ တရက်လဲသတိရမလာ၊ သုံးလေးငါးရက် တပတ် သတိရမလာခဲ့ ဘူး။ မေမေခမျာမှာတော့ လင်ယောင်္ကျားဇောနှင့် ပင်ပန်းရကောင်းမှန်းမသိ။ ဆေးရုံကနေ အိမ်ကိုလှမ်းစီမံလိုက်။ ဖေဖေ့ကို ပြုစု လိုက်နှင့်ပင်ပန်းလှသည်။ ဒီလိုနဲ့ ကိုးရက်မြောက်နေ့ မနက်မှာတော့ ဖေဖေလက်ကလေးတွေလှုပ်လာတယ်။ နှုတ်ခမ်းလေး မပွင့်တ ပွင့်နှင့် ရေကိုတောင်းလာတယ်။ ကျွန်တော်တို့အားလုံးဗျာ ပျော်ရွှင်လိုက်ကြတာ။ ထတောင်ခုန်ကြတယ်။

ဖေဖေက လူချစ်လူခင်အရမ်းပေါတယ်။ ဖေဖေ မေ့မျောနေတဲ့အချိန်ပိုင်းလေးအတွင်းမှာ လူနာလာကြည့်တဲ့ ဧည့်သည်တွေက များ ပြားလွန်းတယ်။ သူနာပြုဆရာမများ၊ အလုပ်သင်ဆရာဝန်များက လူနာဦးသိန်းအေး တို့ဆေးရုံလာတက်တာ ပွဲဈေးများခင်ထားသ လားအောင့်မေ့ရတယ်တဲ့။ IC ခန်းထဲပိုးသတ်တဲ့ ၀တ်စုံနဲ့ တစ်ဦးလျှင် 5 မိနစ်ကျနှုန်း ၀င်ခွင့်ပေးတာတောင် တနေကုန်မပျက်ရှိနေ သည်။ ဆရာဝန်များက လူနာကိုအနားပေးထားပါအုံး။ မ၀င်ကြပါနဲ့ဦးဆိုလဲ ၀င်တွေ့ကြသည်။ ဖေဖေနှိုးလာပြီဆိုတဲ့ သတင်းလဲကြား ကော အားလုံးပျော်ရွှင်ကြသည်။ ကျွန်တော်တို့လူနာရှင်တွေရော၊ ဆရာဝန်ဆရာမတွေကော ဖေဖေမိတ်ဆွေအပေါင်းသင်းတွေကော ပြောလို့မဆုံးကြတော့။ နောက်ပိုင်း ရောဂါလေးတည်ငြိမ်စပြုလာတော့ ဖေဖေမကွေးဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသ ခံရန် သွားရသည်။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုတွေခံယူပြီး ပြန်ဆင်းလာခဲ့သည်။ ရောဂါဖြစ်စ အချိန်နှင့် 5 လမျှတောင် ကြာသွားခဲ့သည်။ မကွေးဆေးရုံမှာ 3 လနှင့် ရန်ကုန်ဆေးရုံကြီးမှာ 2 လမျှဖြစ်သည်။ မေမေလဲစိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ရသည်။ သို့သော်လဲ ဖေဖေအတွက်ဆို မျက်နှာတစ်ချက်မပျက်ဖူး။ စိတ်တချက်မငြိုငြင်ဘူး။ ဖေဖေအတွက် ဇနီးကောင်းတစ်ယောက်ဖြစ်သ လို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်အတွက်လဲ မိခင်ကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။

ရန်ကုန်က ပြန်လာကတည်းက ဖေဖေတစ်ယောက် လူအကောင်းပတိလိုတော့ သွားလာလှုပ်ရှားလို့မရပေမယ့် ဖြေးဖြေးချင်းတော့ သန်မာလာခဲ့သည်။ ဒီလိုနဲ့ မေမေနှင့် ကျွန်တော်တို့ ဖေဖေအနားမှာပဲ နေပြီး စိတ်ပျော်ရွှင်အောင်ထားပြီး နေလာခဲ့ကြရာ 2006 ခုနှစ် ဇွန်လ 11 ရက်နေ့မှာ ဖေဖေတတိယအကြိမ် ရောဂါဆိုးကြီးဖောက်လာခဲ့သည်။ အဲနေ့က မေမေက အမျိုးသမီးရေးရာက ဖွင့်တဲ့ သူနာပြုသင်တန်းဆင်းပွဲကို တက်ရောက်ရမှာဖြစ်တယ်။ ဖေဖေက မေမေ့ဘေးမှာထိုင်ပြီး ဟိုအ၀တ်စားနဲ့က မသင့်တော်ဘူး။ ဒီအ၀တ်စားနဲ့သင့်တော်တယ်။ ဆံထုံးကိုအဲလိုမထုံးနဲ့ ဘယ်လိုထုံး စသဖြင့်ပြောနေတယ်။ ညီလေးကလဲ ကျုရှင်သွားမှာမလို စက် ဘီးနဲ့ထွက်ခါနီး သားငယ်..မင်း စက်ဘီးစီးတာ ကြမ်းတယ်နော်၊ ဖြေးဖြေးစီး။ သားကြီးကလဲ ဖေဖေ့နှလုံးဆေးတချို့ကုန်နေပြီ သွားဝယ်ပေးဦး။ ကျွန်တော်က ဖေဖေကလဲ ကြိုပြောပါဆို ဖေဖေက ဆေးပြတ်လို့ရတာမဟုတ်ဘူးလို့ပြောခဲ့တယ်။

ဒီလို သားအမိတွေကို မှာကြားနေတဲ့ကြားကနေ ဖေဖေ ခစ်..ခစ် ဆိုပြီး မျက်ဖြူစိုက်သွားသည်။ ကျွန်တော်တို့အားလုံး အသံကြား တဲ့နေရာ ကြည့်လိုက်တော့ ဖေဖေသတိလစ်သွားတယ်။ ဒီလိုနဲ့ ညီလေးက နောက်ဖေးက သြဇာရွက်ကိုခူးပြီး မေမေ့ကိုပေးတယ်။ မေမေက သြဇာရွက်ကို ချေပြီးဖေဖေ့နှုတ်ခေါင်းနားတေ့လိုက်သည်။ ဖေဖေသတိပြန်လည်လာသည် ။ ဖေဖေအားတင်းထားနော်၊ ဘာမှစိတ်မပူနဲ့ သားဆေးရုံဖုန်းဆက်ထားတယ်။ ကားလာတော့မယ်လို့ပြောလိုက်တော့ ဖေဖေခေါင်းလေးတစ်ချက်ငြိမ့် ၊ ကျွန်တော် တို့ကိုလဲ ဘာမှစိတ်မပူနဲ့လို့ ပြောသလို အပြုံးလေးတစ်ပွင့်ပေးပြီး မျက်လွှာလေးချသွားခဲ့သည်။ ထိုအချိန်မှ စပြီးဖေဖေဘယ်တော့မှ မျက်လုံးပြန်မဖွင့်လာခဲ့တော့ဘူး။ ဖေဖေကျွန်တော်တို့ကို အပြီးခွဲသွားခဲ့တယ်။ အချိန်လေးကတော့ 2006 ခုနှစ် ဇွန်လ 11 ရက် နံနက် 8 နာရီ 15 မိနစ်...

ညက အိမ်မက်ထဲမှာ ဖေဖေပေါ်လာတော့ ကျွန်တော်အရမ်းပျော်ရွှင်မိတယ်ဗျာ။ ပျော်ရွှင်စရာပုံစံလေးတွေနဲ့ ကျွန်တော်ဖေဖေ့ကို သုံးလေးကြိမ်လောက်မက်ဖူးတယ်။ နောက်ဘ၀မှာများ ရေစက်စုံခဲ့ရင် ဖေဖေရယ်၊ မေမေရယ်၊ ညီလေးရယ်၊ ကျွန်တော်ရယ်၊ အားလုံးအတူပြန်စုံချင်မိပါတယ်ဗျာ။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

No comments:

Post a Comment

Related Posts with Thumbnails