Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Tuesday, January 12, 2010

The Royal Militray Academy Sandhurst အကြောင်း



ဗြိတိန်နိုင်ငံဘုရင့်စစ်တက္ကသိုလ်



ကျွန်တော် ရန်ကုန်တက္ကသိုလ် တက်ရောက်စဉ်ကပင် ၀ါသနာအလျောက် Student's Volunteer Force(SVF) တက္ကသိုလ် ကျောင်းသားများ အပျော်တမ်းတပ်ဖွဲ့တွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပါသည်။ ကျွန်တော်တက္ကသိုလ်မှ ဘွဲ့ရပြီးချိန် 1951 ခု နှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး စစ်မီးလျှံ တဟုန်းဟုန်းတောက်လောင်နေချိန် ဖြစ်သောကြောင့် အမိနိုင်ငံကို ကာကွယ်ရန် အခြား တက္ကသိုလ်ကျောင်းသားများနည်းတူ တပ်မတော်ထဲဝင်ရန် လျှောက်ထားခဲ့ပါသည်။ တပ်မတော် ဗိုလ်ရွေးအဖွဲ့က ကျွန်တော့်ကို ဗြိတိန် နိုင်ငံ ဘုရင့်စစ်တက္ကသိုလ်သို့ ဗိုလ်လောင်းအဖြစ်တက်ရောက်ရန် ရွေးချယ်ခဲ့ပါသည်။ ကျွန်တော်နှင့်အတူ အခြားသူ 3 ဦးလည်းဘုရင့် စစ်တက္ကသိုလ် အပတ်စဉ် 10 တွင် တက်ရောက်ခဲ့ပါသည်။

ထိုစဉ်က မြန်မာနိုင်ငံမှာ ဗြိတိသျှတို့ လက်အောက်မှ လွတ်လပ်ရေးရပြီးချိန်ဖြစ်သောကြောင့် ဗမာ့တပ်မတော်ကို လေ့ကျင့်ပျိုးထောင် ပေးရန် " British Services Mission " ဟူသော စစ်မစ်ရှင်အဖွဲ့ကို စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့အဖြစ် နိုင်ငံတော်အစိုး ရကခွင့်ပြုခဲ့ပါသည်။ တပ်မတော် ခေါင်းဆောင်ကြီးများသည် တပ်မတော်ကို " ခေတ် " နှင့် အညီ ကမ္ဘာ့တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်စေရန် မြန်မာ့လူငယ်များကို ကမ္ဘာ့အဆင့်မြင့် စစ်ကျောင်းကြီးများသို့ စေလွှတ် ပ ညာရယူစေခဲ့ပါသည်။ စေလွှတ်ရခြင်း၏ ရည်ရွယ်ချက်မှာလဲ မိမိတပ်မတော်အတွင်း အဆင့်မြင့် စစ်ပညာများ သင်ကြားတက် မြောက်စေရန်နှင့် ထပ်ဆင့်ပွား ပျိုးထောင်ပေးရန် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်တက္ကသိုလ် စတင်ဖွင့်လှစ်ချိန်၌ ဗြိ တိန် ဘုရင့်စစ်တက္ကသိုလ်ဆင်း အရာရှိငယ်များအား တာဝန်ပေးခန့်အပ်ခဲ့ခြင်းဖြစ်ပါသည်။ ဤတွင် ကျွန်တော်သည် စစ်တက္ကသိုလ် သို့ နည်းပြအရာရှိကလေးအဖြစ် ရောက်ရှိလာခဲ့ပါသည်။

ဘုရင့်စစ်တက္ကသိုလ် အကြောင်းသိကောင်းစရာများနှင့် ထိုစဉ်က ဗိုလ် လောင်းဘ၀အတွေ့အကြုံများကို အမိစစ်တက္ကသိုလ်တွင် တက်ရောက်လျှက်ရှိကြသော သားငယ်ဗိုလ်လောင်းများ ဗဟုသုတအသွင် ဖတ်ရှုဆင်ခြင်သုံးသပ် လေ့လာခွင့်ရကြစေရန်

ရည်သန်ရေးသားခြင်းဖြစ်ပါသည်။

The Royal Military Sandhurst ကို 1947 ခုနှစ်တွင် Camberley မြို့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ 1741 ခုနှစ်ကဖွင့် လှစ်ခဲ့သော Royal Military Academy (Woolich) နှင့် Royal Military Collage (Sandhurst) ရှေး ဟောင်းကျောင်းကြီး နှစ်ကျောင်းကို ပေါင်း၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ဤပူးပေါင်းစစ်တက္ကသိုလ်ကို The Royal Military Academy Sandhurst ဟုပြောင်းလဲ ခေါ်ဆိုခဲ့ပြီး တက္ကသိုလ်တစ်ခုလုံးကို ကောလိပ် 3 ခုဖြင့် ထပ်မံဖွဲ့စည်းလိုက်ပါသည်။ Old Collage , New Collage နှင့် Victory Collge ဟုဖွဲ့စည်း၍ ကော်လိပ်တစ်ခုစီတွင် ဗိုလ်မှုးကြီးအဆင့်ရှိသူများ ကအုပ်ချုပ်ကာ တက္ကသိုလ်တစ်ခုလုံးကို ဗိုလ်ချုပ်အဆင့်ရှိသူက ကွပ်ကဲပါသည်။ တက္ကသိုလ်တစ်ခုလုံးအုပ်ချုပ်သူကို Commandant ဟုခေါ်ပြီး ဒုတိယကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးချုပ် တစ်ဦးက တွဲဖတ်အုပ်ချုပ်သည်။

Old Collage တွင်ဗြိတိသျှတို့၏ Victorian age အတွင်း ဥရောပတစ်ခွင်၌ အောင်ပွဲဆင်ခဲ့သော စစ်ပွဲအမည်များကို အစွဲ ပြု၍ Waterloo , Dettingen , Inkerman နှင့် Blenheim ဟု တစ်ခွဲအမည်များ သတ်မှတ်ပေးထားပါသည်။

New Collage တွင်လည်း ပထမကမ္ဘာစစ်အတွင်း အောင်နိုင်ခဲ့သော စစ်ပွဲများကို အစွဲပြု၍ Ypres , Gaza , Somme ,Marne ဟုတပ်ခွဲအမည်များ ခေါ်ဝေါ်သတ်မှတ်ခဲ့သည်။

Victory Collage ရှိ တပ်ခွဲအမည်များကို ဒုတိယကမ္ဘာစစ်အတွင်း အောင်နိုင်ခဲ့သော Campaign များဖြစ်သည့် Burma , Alamein , Rhine နှင့် Normandy ဟု သတ်မှတ်ခေါ်ဝေါ်ပါသည်။

ကောလိပ်တစ်ခုတွင် တစ်ခွဲ 4 ခွဲစီရှိပြီး တက္ကသိုလ်ကြီးတစ်ခုလုံးကို တပ်ခွဲ 12 ခွဲဖြင့် ဖွဲ့စည်းထားသည်။ ဗိုလ်လောင်းဦးရေ 1200 မှ1500 အတွင်း သင်ကြားပေးပါသည်။ သင်တန်းကာလမှာ 2 နှစ်ဖြစ်ပြီး ဤစစ်တက္ကသိုလ်ကြီးမှ အောင်မြင်သွားသော အရာရှိများကို Regular အမြဲတမ်းပြန်တမ်းဝင်အရာရှိများအဖြစ် ဗြိတိသျှတပ်မတော်တွင် အမှုထမ်းစေပါသည်။

ဗိုလ်လောင်းများမှာ ဗြိတိသျှလူမျိုးများထဲမှ အသက် 18 နှစ်ပြည့်ပြီး ၀င်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်သူတိုင်း တက်ရောက်ခွင့်ရှိ ပါသည်။ တစ်ချိန်က ဗြိတိသျှတို့၏ နေမ၀င်အင်ပါယာကြီး ပေါ်ထွန်းစဉ် (The Sun Never sets in the British Empire) လက်အောက်ခံကိုလိုနီ နိုင်ငံများမှ ဗိုလ်လောင်းများကိုလည်းလက်ခံသင်ကြားပေးပါသည်။ ကျွန်တော်တို့ကို (Oversea Cadet) ပင်လယ်ရပ်ခြား ဗိုလ်လောင်းများဟု ခေါ်ဝေါ်ပါသည်။ ကျွန်တော်တို့တက်ခဲ့သော Intake 10 တွင် ဂျော်ဒန်နိုင်ငံမှ အိမ်ရှေ့မင်းသား ဟူစိန် ( နောက်ဘုရင်ဖြစ်သူ ) တက်ရောက်ခဲ့ပါသည်။ ထူးခြားမှုတစ်ခုမှာ ကျွန်တော်တို့ Intake တက်ရောက်စဉ်က ဗြိတိသျှလက်အောက်ခံမဟုတ်သော ထိုင်း (ယိုးဒယား) နိုင်ငံမှလည်း တစ်ယောက်စေလွှတ်ခဲ့ပါ သည်။

ကျွန်တော်တို့ သင်တန်းတက်ရောက်ခဲ့စဉ်က ဘုရင့်စစ်တက္ကသိုလ်ကို ကာလအပိုင်းအခြား (Term) 3 ခုခွဲခြားကာ သင်ကြားခဲ့ရ ပါသည်။ အချိန်အားဖြင့် 18 လဖြစ်ပြီး Term တစ်ခုနှင့် တစ်ခုကြား ကျောင်းပိတ်ရက် 1 လရပါသည်။ ပထမရောက်စ Term ကာလကို Junior အငယ်တန်း ၊ ဒုတိယကာလကို Intermediate အလယ်တန်းနှင့် နောက်ဆုံးကာလ Senior Term ကိုအကြီးတန်းဟု သတ်မှတ်ပါသည်။

Sandhurst စစ်တက္ကသိုလ်သိုပ မတက်ရောက်မီ Mons Officer Cadet School ၌ ရက်သတ္တပတ် 16 ပတ်မျှတက် ရောက်ခဲ့ရပြီး Words of Command , Customs and Manners , Terminology in the British Army ကို ပင်လယ်ရပ်ခြား ဗိုလ်လောင်းများ ဗြိတိသျှတပ်မတော်နျင့် accustom ထိတွေ့ယဉ်ပါးလာစေရန် သင်ကြားရပါသည်။ Sandhrust တက္ကသိုလ်၌ ပညာရှာမှီးနေချိန် အခြားဗြိတိသျှ ဗိုလ်လောင်းများနှင့် အခက်ခဲမရှိ ရောနှော ပညာသင်ယူနိုင်စေရန် ဖြစ်ပါသည်။ ကျွန်တော်တက်ရောက်ခဲ့စဉ်က Junior ဘ၀မှစ၍ သင်တန်းတစ်လျှောက်လုံး New Collage ,Ypres Company တွင် နေခဲ့ရပါသည်။

Sandhrust စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများကို Gentleman Cadet များဟုသတ်မှတ်ပြီး အခြားဗြိတိသျှ စစ်ကျောင်း များမှာကဲ့သို့ ဆက်ဆံမှုမျိုး ၊ သင်ကြားမှုမျိုး မဟုတ်ဘဲ တမူထူးခြားထားပါသည်။ ဗိုလ်လောင်းများအနေဖြင့် အငယ်တန်း Junior မှစ၍ တစ်ဦးချင်း ။ တစ်ယောက်တစ်ခန်းစီ နေကြရသည်။ မိမိအခန်းကို ကိုယ်တိုင်သန့်ရှင်းရေးမလုပ်ရပါ။ Room Man (သို့မဟုတ်) သူတို့အခေါ် Servant များက လုပ်ပေးကြရပါသည်။ ၄င်းတို့မှာလဲ ဗြိတိသျှတပ်မတော်မှ အငြိမ်းစားယူသွားသော အခြားအဆင့် ပုဂ္ဂိုလ်များဖြစ်ပြီး ဗိုလ်လောင်း 10 ဦးလျှင်တစ်ဦးကျ တာဝန်ပေးလုပ်ကိုင်စေပါသည်။ ၄င်းတို့ရရှိသော လစာအပြင် ဗိုလ်လောင်းများက စေတနာအလျောက် Tips သဒ္ဓါကြေးများပေးကြရပါသည်။ မြန်မာ့စရိုက်နှင့် ကြီးထွားလာသော မြန်မာဗိုလ် လောင်းများကတော့ (ကျွန်တော်အပါဝင်) ဖိနပ်၊ ခါးပတ်၊ သေနတ် စသည်တို့ကို သို့အား (Bonus) ဘောက်ဆူးပေး၍ ပြုလုပ် စေပါသည်။ သူတို့ကလည်း အပြုံးမပျက်လက်ခံကြပါသည်။ သူတို့ တိုက်ချွတ်ပြီးသားကိုမှ ကျွန်တော်တို့က အမွှမ်းတင်လိုက်ရုံသာ ရှိပါသည်။

အထက်တွင်ဖော်ပြသကဲ့သို့ စစ်တက္ကသိုလ်တွင် တက်ရောက်သင်ကြားသူများကို အဆင့် 3 ဆင့်ခွဲ၍ တာဝန်အပ်နှင်းထားပါသည်။ အကြီးတန်း ဗိုလ်လောင်း Senior များအားလုံး တပ်ကြပ်ကြီးအဆင့်ပေးထားပြီး ၄င်းတို့ထဲမှ ထူးချွန်သူများကို Senior Under Officer တပ်ခွဲဗိုလ်လောင်း အရာရှိ၊ Jounior Under Officer တပ်စုဗိုလ်လောင်း အရာရှိ၊ အလယ်တန်း intermediate ဗိုလ်လောင်းများကို Corporal တပ်ကြပ်အဆင့်ပေးထားပါသည်။ Junior အငယ်တန်းဗိုလ်လောင်းများအား လုံး သာမာန်ရဲဘော်အဆင့်ဖြစ်ပါသည်။


ဆက်ဖတ်ဖော်ပြပါမည်။

ကောက်နှုတ်ချက် -- စစ်တက္ကသိုလ် ၊ နှစ်ပတ်လည် မဂ္ဂဇင်း 2009

မျှော်လင့်သူ..

No comments:

Post a Comment

Related Posts with Thumbnails