Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, January 31, 2010

မနက်ခင်းလေးတစ်ခု

မြသလွန်

ဒီနေ့ မနက်အိပ်ရာကနေ အစောကြီးထဖြစ်တယ်။ ကုသိုလ်ရေးအတွက်ပေါ့၊ အစီစဉ်ကတော့ မကွေးမြသလွန် တနလာင်္အသင်းက အကိုတွေ နဲ့ ဘုရားလိုက်ပြီး သန့်ရှင်းရေး လုပ်ဖို့ပေါ့။ ညက အာဆင်နယ်-မန်ယူပွဲကြည့်နေလိုက်တာ 12 နာရီခွဲသွားတယ်။ ဒါနဲ့ အိပ်ရာထဲဇွတ်ဝင်ပြီး မနက်အိပ်ရာထဖို့ အိပ်ရပါတော့တယ်။ မအိပ်ခင် နိုးစက်ကလေးကို အလန်းပေးရတယ်။ ဟိဟိ ကျွန်တော့်ရဲ့နိုးစက်ကလေးကတော့ မေမေ ပေါ့။ စိတ်ချရဆုံးပဲလေ။ “မေမေရေ . သားမနက် ဘုရားတက်မှာမလို့ 4 နာရီခွဲလောက်နိုးပေးပါနော် ” လို့ပြောပြီး အိပ်ရာဝင်ခဲ့သည်။

“သားသား အိပ်ပုတ်ထတော့ 4:45 ရှိပြီ နောက်ကျနေလိမ့်မယ်။ ” မေမေလာနိုးသည်။ ဒါနဲ့ပဲ အိပ်ရာထ မျက်နှာသစ် အ၀တ်စားလဲကာ အကို တို့အိမ်ဘက်ထွက်လာခဲ့သည်။ အရင်ရက်ပိုင်းက ရာသီဥတုက နွေဦးဝင်ခါစ ပူနွေးနွေးနဲ့ အအေးပေါ့ခဲ့ပြီး အခုရက်ပိုင်း ပြန်လည်အချမ်းပိုလာ ခဲ့သည်။ အစ်ကိုတို့အိမ်ရောက်တော့ ခြံရှေ့ကနေ အရိပ်ရောင်ကြည့်လိုက်သည်။ အထဲလဲ မီးမထွန်းဘူး။ အိပ်ပဲအိပ်နေတာလား၊ သွားပဲသွား နှင့်ပြီလားမသိ။ လေးငါးခွန်းလောက်အော်နိုးကြည့်လိုက်သည်။ မထူးခြားသဖြင့် ဘုရားဘက်သို့ ဆိုင်ကယ်မောင်းပြီးထွက်ခဲ့သည်။

မန်းရွှေစက်တော်
ဘုရားရင်ပြင်တော်ပေါ်ရောက်တော့ 5 နာရီကျော်ကျော်သာရှိသေးပေမယ့် ဘုရားဖူးများနှင့် စည်ကားနေသည်။ ဇန်န၀ါရီလမှ ဧပရယ်လ၀က် ထိကျွန်တော်တို့ မြို့လေးမှာ ဘုရားဖူးများနှင့် ပြည့်နေတက်သည်။ ဗုဒ္ဓခြေတော်ရာအစစ်တည်ရှိရာ မန်းရွှေစက်တော်သို့ လာရောက်ဖူးမျှော်ရင်းနှင့်အပြန် သမိုင်းကြောင်းဆက်စပ်လျှက်ရှိသော မင်းဘူး စက္ကိန်းတဲ၊ မကွေးမြသလွန်တို့သို့ ၀င်ရောက် ဖူးမျှောက် ကြသည်။ လမ်းလဲ သင့်ပေသည်။ ဘုရားရောက်တော့ အစ်ကိုတို့ မရောက်သေး။ သူတို့မထသေးတာဖြစ်ပေလိမ့်မည်။ ဒါနဲ့ ဘုရားပေါ်မှာ တံမြက်စည်းလှဲနေတဲ့ အဘရှိကို သွားပြီး “ အဘ တနင်္လာအသင်းသားတွေမရောက်သေးဘူးလား” “အေးကောင်လေး.. သူတို့မလာကြ သေးဘူးကွဲ့” “ သြော် ဟုတ်ကဲ့အဘ ကျွန်တော့်ကို တံမြက်စည်း တစ်ချောင်းလောက်ငှားပါလား ကျွန်တော်သန့်ရှင်းရေးလုပ်ပေးချင်လို့ ပါ” “အဘတို့က အိမ်ကယူလာတာကွ. ဂေါပကရုံးမှာ သွားရှာလိုက်ကောင်လေး” “ ဟုတ်ကဲ့ အဘ” ....

ဂေါပကရုံးဘက်ရောက်တော့ မဖွင့်သေး၊ ရှာကြည့်လိုက်တော့လဲ မတွေ့၊ ရင်ပြင်ပေါ်ပြန်တက်တော့ ဓာတ်တော်တိုက်ဘေးနားမှာ တစ် ချောင်းတွေ့သည်။ အပြေးလေးယူပြီး အဘတို့နှင့်အတူ လှည်းကူပေးလိုက်သည်။ သိပ်မကြာအကိုတို့လဲ ရောက်ချလာသည်။ အားလုံး တက်ညီလက်ညီနှင့် ဘုရားရင်ပြင်တော်ပေါ်မှ ဟိုးအောက်ခြေ တံတားထိ သန့်ရှင်းရေးလုပ်လိုက်ကြသည်။ ဘုရားဖူးများသည့်အချိန်မို့ အမှိုက်များလှသည်။ သန့်ရှင်းရေးလုပ်ပြီး ဘုရားရှင်ပြင်တော်ပေါ်ပြန်တက်လာခဲ့သည်။

မိုးလေး မလင်းတလင်းလေးမှာ မီးရောင်ကော ၊ လရောင်လေးရော အောက်မှာ စေတီတော်ကြီး သပ္ပာယ်လှသည်။ နတ်တော်လထဲမှာမှ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှုပြီးစီးထားခြင်းကြောင့် ရွှေသားအတိပြီးတောင် တောင်ကြီးအလား နှစ်လိုဖွယ်ကောင်းလှသည်။ ရင်ပြင် တော်ကြီးမှာလဲ မြန်မာငွေ ကျပ်သိန်းနှစ်ထောင်အကုန်ကြခံပြီး ထပ်မံတိုးချဲ့ထားမှုကြောင့် ခရီးသွားများ ပြည့်နှက်နေချိန်မှာ ပူပန်စရာ မရှိတော့ပေ။ ရင်ပြင်တော်ပေါ်ကနေ ဧရာဝတီမြစ်ပြင်ဘက်ကြည့်လိုက်တော့လဲ မြူခိုးဝေေ၀နှင့် လွမ်းမောဖွယ်ကောင်းလှသည်။ လမင်း ကြီးကလဲ အနောက်ဘက်မှာ ထင်းလို့လင်းနေသည်။

ဘုရားဝတ်ပြု၊ အလုပ်ပြီးစီးတော့ ကျွန်တော်နှင့်အစ်ကိုတို့ ဘုရားပေါ်မှ ပြန်ဆင်းလာပြီး မနက်စားစားသုံးခဲ့ကြသည်။ ဒီနေ့ တမနက်တာ အဖို့ကတော့ စိတ်ကြည်နူးမှုတွေနဲ့ ပြည့်နေတဲ့အပြင်၊ ကုသိုလ်ကောင်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်ပြုလုပ်ခဲ့တဲ့ ကောင်းမှုအတွက် လဲ တမလွန်သို့ရောက်ရှိသွားတဲ့ ဖခင်အတွက်လဲ အမျှပေးဝေခဲ့ပါတယ်။ ကျွန်တော်ပြုလုပ်ခဲ့တဲ့တစ်နေ့တာ ကောင်းမှုလေးကို စာဖတ်သူ တို့ အနုမောဓနာ ခေါ်ဆိုနိုင်ရန် ကျွန်တော်ရေးသားတင်ပြလိုက်ရပါတယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်.
မျှော်လင့်သူ

4 comments:

  1. မင်္ဂလာပါ..

    ဖတ်ရသူအဖို့ ကြည်နူးမှုတွေ ကုသိုလ်ပွားများလိုချင်တဲ့ စိတ်ကလေးတွေ ကိန်းအောင်း ဖြစ်တည်မိတာ အမှန်ပါ။ မနက်စောစောစီးစီး မိုးမလင်းခင်ကတည်းက ကုသိုလ်စိတ်ကလေးနဲ့မို့ အလွန်အေးချမ်းသာယာမှုတွေ ပိုင်ဆိုင်ရရှိနေမှာလဲ မလွဲပါ။
    သာဓု..သာဓု..သာဓု..
    အားလုံးကျန်းမာပြီး ချမ်းသာကြပါစေ။ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး အစစအရာရာ အောင်မြင်ချောမွေ့ပါစေ။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  2. သာဓု သာဓု သာဓု
    ဆောင်း

    ReplyDelete
  3. သာဓု(3) ပါ...။ ဖြစ်နိုင်ရင် 1 ပါတ်တစ်ခါ လောက် သွားလုပ်ပေါ့.....ကုသိုလ်လဲရ ပီတိလဲ ဖြစ်ရပါတယ်...။ မကွေးမြသလွန် ဘုရားကို ငယ်ငယ်တုန်းက 1 ခေါက်ပဲရောက်ဖူးပေမယ့် အမတန်မှ သပ္ပါယ်ကြည်ညိုဖွယ်ရာ ဖြစ်တယ်ဆိုတာကိုတော့ မှတ်မိနေပါတယ်

    ReplyDelete
  4. ဟုတ်ကဲ့ တနလာင်္အသင်းဝင်ဖို့ ဆုံးဖြတ်ထားပါတယ် အပတ်တိုင်း ဘုရားတက်ဖြစ်မှာပါခင်ဗျာ.

    ReplyDelete

Related Posts with Thumbnails