Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Friday, January 22, 2010

ရေပေါ်ဆီဝေ့ စာပေဖတ်ရှုမှုမျိုး မဖြစ်စေလို


ကျွန်တော် ဒီ Post လေးကိုတင်ရင် လူမုန်းခံရမယ်၊ ဆဲခံရမယ် ဆိုတာ အသေချာသိပါတယ်။ ဒါပေမယ့် ရေးချင်လွန်းတဲ့ စိတ်ဆန္ဒက ပြင်း ထန်နေတော့ အရဲစွန့်ပြီး ရေးသားလိုက်ရပါတယ်။ ကျွန်တော်ပြောချင်တဲ့ အကြောင်းရာကတော့ လူငယ်တစ်ချို့ စာဖတ်ရှုခြင်းနဲ့ ပတ်သတ် ပြီးပြောချင်ပါတယ်။ စာပေဖတ်ရှုရာမှာ နှစ်မျိုးတွေ့ရှိရပါတယ်။ တမျိုးကတော့ ရေပေါ်ဆီဝေ့၊ ပြီးစလွယ် အစကနေအဆုံးဖတ်ရှုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ သေချာအာရုံစိုက်ပြီး ဖတ်ရှုကာ ထိုစာပေါ်ဝေဖန်ထောက်ပြနိုင်ခြင်းဖြစ်ပါတယ်။

အခု ကျွန်တော်တို့နိုင်ငံက လူငယ်အများစုကြားမှာ ရေပေါ်ဆီဝေ့ စာပေဖတ်ရှုခြင်းကိုသာ တွေ့ရှိနေရပါတယ်။ စာတပုဒ်၊ စာတပိုဒ်၊ စာအုပ် တစ်အုပ် ဖတ်လို့ပြီးဆုံးသွားသည်။ ထိုဖတ်ရှုပြီးသော စာပေါ်တွင် ဝေဖန်ထောက်ပြခြင်းမရှိနိုင်သလို၊ ရေးသားထားသော စာ၏ ဆိုလိုရင်းကို လဲ သိပ်သဘောမပေါက်ကြသည်က များသည်။ အခုကျွန်တော်ပြောပြနေတာတွေက အွန်လိုင်းပေါ်က လူတန်းစားအများစုဖြစ်ပါတယ်။ တစ စနှင့်တစ နည်းပညာများ အလွန်တရာမှ ထွန်းကားလာပါတယ်။ ဒီလို ထွန်းကားလာတဲ့ နည်းပညာကို အသုံးချပြီး ပြစ်မှုကျူးလွန်သူတွေ၊ လိမ်လည်လှည့်ဖျားမှုတွေ၊ အသေရေဖျက်မှုတွေ၊ အမျိုးမျိုးတွေ့ရှိလာရပါတယ်။ ဒီလိုခေတ်ကြီးတည်းမှာ ဒီလိုရေပေါ်ဆီဝေ့စာဖတ်ခြင်းမျိုးနဲ့ တော့ နောက်ကောက်ကျကျန်ခဲ့ဖို့ များပါတယ်။

ခေတ်ပညာရေးကြောင့် လူငယ်တွေ စာဖတ်အလေ့ကျင့် အရမ်းနည်းလာတာကို တွေ့ရပါတယ်။ ကျောင်းပညာသင်ချိန်မှာ ကျန်တဲ့ဗဟုသု တ ရွေးဖတ်ဖို့နေနေသာသာ ကျောင်းဖတ်စာအုပ်ကိုတောင် နှံ့စပ်အောင် မဖတ်ခဲ့ကြတဲ့အတွက် စာဖတ်ခြင်းမှာ အရမ်းအားနည်းလို့လာ ပါတယ်။ ဒါကိုလဲ စာဖတ်သူတို့အနေနဲ့ သုံးသပ်ကြည့်နိုင်ပါတယ်။ ဘလော့ဘ်တွေ ၊ မဂ္ဂဇင်းတွေ၊ လူမှုရေးဆိုဒ်တွေ၊ ဘာသာရေးဆိုဒ်တွေ နောက် အမျိုးမျိုးသော စာပေတွေကို ဖတ်ရှုပြီးရင် ကိုယ်ဥာဏ်အားမှီသလောက် ဝေဖန်စဉ်းစားသင့်ပါတယ်။ ဝေဖန်တယ်ဆိုလို့ တလွဲမ တွေးစေချင်ပါဘူး။ ကျွန်တော်ပြောချင်တာက ကပ်သပ်ပြီးထောက်ပြခိုင်းတာမဟုတ်ပါဘူး။ ဥပမာ ဆိုကြပါတော့ဗျာ. ကိုယ့် email ထဲကို Fwd mail တစ်စောင်ရောက်လာတယ်။ လူတစ်ဦးရဲ့ စာရိတ္တနဲ့ပတ်သတ်တာမျိုးပေါ့ ။ ထိုသို့သော mail မျိုးကို မိမိအနေနဲ့ ထပ်မံဝေဖြန့် ပါက လူတစ်ယောက်ရဲ့ သိက္ခာ၊ ဘ၀ ကောင်းကျိုးတစ်ကွက်မှမတွေ့နိုင်။ ထို့ကြောင့် ထိုရောက်လာသော email ကိုဆန်းစစ်သင့်သည်။ ဒါကအမှန်လား၊ အမှားလား၊ သူ့ကို ပုတ်ခတ်ဖို့ လူတစ်ဦးတစ်ယောက်က စီစဉ်ထားတာလား၊ လှည့်ဖျားချက်လား၊ ငါယုံပြီး ဆက်လက် ဖြန့်သင့်လား၊ ဒီမှာပဲ ရပ်တန်းက ရပ်သင့်ပြီလား စသဖြင့် တွေးတောစေချင်သည်။ ထိုသို့တွေးတော့ပြီး ဖြန့်သူအလွန်နည်းပါးလှပါသည်။ ကိုယ့်ဆီရောက်လာတဲ့ mail တိုင်းအမှန်တရားလို့ မတွေးတောပါနှင့်။ စီးပွားရေး ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးလှည့်ကွက် များစွာဖြစ်နိုင်သည်။

ကျွန်တော် ဘလော့ဘ်များစွာကို သွားရောက်လည်ပတ်ဖူးသည်။ ရသပေါင်းများစွာကိုလဲ ဖတ်ရှုခဲ့ပါသည်။ Blogger အများစုမှာ အရေး သားပိုင်နိုင်ကြသည်။ လာရောက်ဖတ်ရှုသူများလဲ များပြားကြသည်။ စာဖတ်သူများသည် စာရေးသူအတွက်အားဖြစ်စေသည်။ စာဖတ်သူ ၏စကားတစ်ခွန်းသည် စာရေးသူအတွက်လွန်စွာအထောက်ကူဖြစ်စေသည်။ သို့သော် comments များကို ဖတ်ရှုရာမှာတော့ စိတ်ပျက် ဖွယ်ရာများကိုသာ ဖတ်ရှုခဲ့ရသည်။ အထက်က post ရဲ့ ဆိုလိုရင်းကို သေချာနားမလည်၊ သဘောမပေါက်၊ ကိုယ့်ရေးချင်တာရေးသွား သည်။ အများစုမှာ ရေးသားထားသော Post ကိုဝေဖန်အကြံပြု ဆွေးနွေးမှုထက်၊ ပုဂ္ဂိုလ်ရေး အာပလာများကိုသာ ပြောပြီးထွက်သွားကြ သည်။ ကိုယ်ဖတ်လိုက်တဲ့ Post က မှန်၏ မှား၏ ဖြစ်တန်၏ မဖြစ်တန်၏ ၊ ဘယ်လိုအကြောင်းရာမျိုးတော့ဖြင့် လွဲနေသည်၊ ဘယ်လိုဟာ မျိုးက မသင့်လျော်။ ထို့သို့ထောက်ပြခဲ့နိုင်လျှင် မည်မျှလောက်ကောင်းမည်နည်း။ စာရေးသူတို့အနေနှင့်လဲ ထိုသို့သော ဝေဖန်ချက်မျိုးကို လက်ခံနိုင်မည်ထင်ပါသည်။

အခုလိုတင်ပြမှုကို ကျွန်တော့်ထက် ၀ါရင့် Blogger ကြီးများလဲ လက်ခံနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါကြောင့်မို့လဲ ၀ါရင့် Blogger ကြီး များအနေဖြင့် အချိန်အားလျော်စွာ ကိုယ့်ညီငယ်ညီမငယ်များအား စာဖတ်စွမ်းရည် တိုးတက်လာမည့်ဆောင်းပါများ၊ စာဖတ်သူညီငယ် မောင်ငယ်များ စာပေကို ဖတ်ရှုပြီး ဝေဖန်တက်လာအောင် စွမ်းဆောင်ပေးသင့်ပါတယ်လို့ အကြံပြုတိုက်တွန်းရေးသားလိုက်ရပါတယ်။

စာဖတ်သူတို့အားအစဉ်လေးစားလျှက်..
မျှော်လင့်သူ

5 comments:

  1. မင်္ဂလာပါ..

    ကောင်းမွန်တဲ့ စိတ်ဆန္ဒပြင်းပျမှု တစ်ခု ဖြစ်လို့ အားပေးနေပါတယ်။ အကို ကတော့ မဖတ်ချင်တဲ့ အကြောင်းအရာဆိုရင် လုံးဝမဖတ်သလို.. comments တွေလဲ ပေါက်ကရ မပေးဘူး။ ဖတ်ချင်စိတ်ရှိတယ်.. စိတ်ဝင်စားတယ်..စာအရေးအသား ကောင်းတယ်.. ပြီးတော့ စာပေတင်ပြမှုမှာ စေတနာ ပါတယ်လို့ ခံစားရရင် သေချာဖတ်ပြီး.. သေချာဝေဖန် ထောက်ပြတတ်တဲ့ အလေ့အထရှိပါတယ်။
    တချို့ကြတော့ စာလာဖတ်တယ်။ သေချာဖတ်သွားကြတယ်။ နားလည်တယ်။ ဒါပေမယ့် comments မှာ အော်ချင်ရာ အော်သွားကြတာ အကျင့်တစ်ခု ဖြစ်နေကြပြီ။
    လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ပုံစံအမျိုးမျိုးမို့ ဒါတွေအတွက် ဝေဖန်မှုတွေကို အားရပါးရ မပြုလုပ်မိဘို့.. ဒါတွေအတွက် အချိန်တွေ ပေးဝေမှု မများစေဘို့ ဂရုစိုက်ပါလို့ အကြံပေးပါရစေ ညီမောင်။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  2. လေးစားရပါသော ကိုမျိုးခင်ဗျာ.
    အခုလို ညီလေးရေးသားမှုအပေါ်ဝေဖန်ပေးသွားတဲ့ အတွက်ကျေးဇူးတင်မိပါ တယ်။ ကျွန်တော်မြင်တွေ့နေရတာတွေက တစ်နေရာ၊နှစ်နေရာမက နေရာ တိုင်းလိုလိုမှာ တွေ့မြင်လာခဲ့တဲ့အခါမှာ ရင်ထဲမှာ သူတို့အတွက် တခုခုချရေး ချင်လာတယ်။ ဒါကြောင့်လဲ လူမုန်းခံရေးသားလိုက်တာပါ။

    ကိုမျိုးပြောတာကိုလဲ ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်ရေးသားတဲ့ စာဟာ အရေးသားညံ့ဖျင်းမှုကြောင့် အများအတွက်အကျိုးမရှိခဲ့ရင်တော့ လူအနည်းစုအတွက် အသိတစ်ခုရသွားရင်ကျေနပ်လှပါတယ်။

    ကျွန်တော့်အား အကြံဥာဏ်ပေးသော ကိုမျိုးကို အထူးကျေးဇူးတင်ပါတယ်

    ReplyDelete
  3. စာကို သေချာဖတ်သူဟာ ဒီလိုပါပဲ။ ကိုယ်ခံစားဖြစ်သလို ခံစားနေရင်းနဲ့သူတပါးရေးထားတာကို ရင်ထဲမှာ ပေါ့နေသလို လာဖြစ်နေတတ်တာလေ။ ဒီလိုရေးတာလည်း အကျိုးရှိပါတယ်။ စာကို သေချာဖတ်ပေးဖို့ ဆန္ဒရှိသွားကြရင် ကောင်းတာပါပဲ။ ကိုမျိုးပြောသလို အချိန်နည်းနည်း ကုန်သွားရင် ကိုယ့်အတွက်က ဒါတွေကိုပဲ လိုက်စစ်ပေါက် ရှာနေသလို ဖြစ်တော့မယ်။(အခု မေလေးရေးခဲ့တာမှာပဲ ကြည့်/ ပြောချင်တာကို ရေးမတတ်ဘူးဖြစ်နေတယ်) ပြီးတော့ တော်တော်များများ ကိုယ်စား မေလေးက ကျေးဇူးတင်ပါတယ်။ မျှော်လင့်သူ ကျန်းမာပျော်ရွှင်ပါစေ။

    ReplyDelete
  4. စာရေးခြင်း စာဖတ်ခြင်း ထင်မြင်ချက်ပေးခြင်း ဆိုတာတွေက အတတ်ပညာပါ။
    ဒီအတတ်ပညာကို တတ်အောင် သင်ယူရတဲ့ နည်းလမ်း ရှိပါတယ်။
    တကယ်က မအယ် အပါအ၀င် လူတချို့က စာရေးခြင်း အတတ်ပညာ စာဖတ်ခြင်း အတတ်ပညာ ထင်မြင်ချက်ပေးခြင်း အတတ်ပညာကို မတတ်ကြပါဘူး။

    မတတ်ကြတာဟာ ငယ်ငယ်တည်းက အရေး အဖတ် သင်ယူခဲ့တဲ့ နည်းလမ်း မမှန်ကန်လို့ ဆိုတာ မအယ်ကိုယ်တိုင် အတော်နောက်ကျမှ သိခဲ့တာပါ။

    ထင်မြင်ချက်ဆိုရင် ကိုယ့်သဘောနဲ့ ထပ်တူမှ ကြိုက်တယ်လို့ထောက်ခံတယ်လို့ ပြောတတ်ပြီး အမြင်မတူရင် မုန်းမှာ စိုးလို့ စိတ်ဆိုးမှာ စိုးလို့ မကြိုက်တာ သဘော မတွေ့တာဆို အောင့်နေ သည်းခံနေခဲ့တာပါ။ အဲ့ဒီလို နေရင်းက သည်းမခံနိုင်လို့ ထပြောရင် ရင်ထဲ စုထားတာ ကြာပြီမို့ ဒေါသနဲ့ ပြောတော့တာပါပဲ။ မခံနိုင်မှ ထပြောတာကိုး၊ လစ်မစ် ကုန်နေတာပေါ့။ အဲ့တော့ ကိုယ်က လူရိုင်း၊ အမြင်မတူတာကို ယဉ်ကျေးစွာ နားမထောင်တတ်တဲ့သူ၊ ယဉ်ကျေးစွာ ပြန်မပြောတတ်တဲ့သူ ဖြစ်နေခဲ့တယ်။

    အဲ့ဒါတွေ အားလုံးဟာ စာ မဖတ်တတ်၊ စာ မရေးတတ်၊ ထင်မြင်ချက် မပေးတတ်လို့ပါပဲ။
    အဲ့လို မတတ်တဲ့ခါ မျှော်လင့်သူ ပြောသလိုပဲ စာဖတ်ပြီး ဘာကို ဆိုလိုမှန်း နားမလည် နိုင်ဘူး၊ ဖတ်တတ်လို့ အကြောင်း အချက် သိသွားတာပဲ ရှိမယ်၊ ဆက်စပ် မတွေးတတ်ဖူးပေါ့။

    ဒီစာသင်နည်း စာဖတ်နည်း စာရေးနည်း တွေးနည်းကို critical thinkg, critical reading; critical writing လို့ ခေါ်ပြီး လေ့ကျင့်ခန်းတွေကို အင်တာနက်မှာ လေ့လာနိုင်ပါတယ်။ လေ့ကျင့်ရင်းနဲ့ စာတွေ ဖတ်တတ် ကော့မန့်တွေ ပေးတတ်လာမယ် မျှော်လင့်ပါတယ်။

    စိတ်ဝင်စားစရာကောင်းပြီး မအယ်ကိုယ်တိုင် အချိန်ရရင် လေ့ကျင့်ခန်း လုပ်ပါတယ်။ စာရေးခြင်း ဖတ်တတ်ခြင်း ဆိုတာက အတတ်ပညာ တခုမို့လေ့လာ သင်ယူနိုင်ပါတယ်။


    မအယ်

    ReplyDelete
  5. ဒီစာတင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
    လူတွေက နည်းပညာနောက်ပဲ လိုက်ရမလိုလို ၊ ရသစာတွေပဲ ဖတ်ရမလိုလို ၊ လိုလိုတွေ ဖြစ်နေကြတာဗျာ.။
    ဒီတော့ အွန်လိုင်းလေး ရောက်လာတုန်း..
    နည်းပညာဆိုက်တွေဆီက ကူးစရာတွေလည်း ကူးရသေးတယ်။
    ရသလေးတွေကိုလည်း ဖတ်ရသေးတယ်။
    နောက်ပြီး ချက်ကလည်း ချက်နေရသေးတယ်။
    ဒါတွေကြောင့်..သူတို့ ရေပေါ်ဆီဝေသလို ဖတ်နေမိကြတာလို့ ထင်မိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီစာလေးအတွက် ကျေးဇူးပါ။

    ခင်မင်စွာဖြင့်
    ကိုဇော်

    ReplyDelete

Related Posts with Thumbnails