Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Friday, March 26, 2010

ကဲမှာလား ? ကွဲမှာလား(အသဲပြောပါတယ်) ?

စာဖတ်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ..

ကျွန်တော်ကောက်ယူလျှက်ရှိတဲ့ စစ်တမ်းလေးကို စာဖတ်သူတချို့တို့သာ vote ပေးကြပြီး တစ်ချို့က vote ၍အဆင်မပြေ၍သော်၎င်း၊ Poll ကို မမြင်၍သော်၎င်း vote ခြင်းမရှိတာကို တွေ့ရှိရပါတယ်။ ကျွန်တော်ဖြစ်စေချင်တာက ကျွန်တော်ပေါ်ပြူလာဖြစ်ချင်တာမဟုတ်ပါဘူး။ တကယ်ပဲ မြန်မာလူမျိုးတို့ရဲ့ သင်္ကြန်အတာပွဲနဲ့ ပတ်သတ်ပြီး စိတ်ထဲဘယ်လိုရှိမလဲဆိုတာ သိချင်မိတာပါ။ လက်ရှိကောက်ယူပြီးစီးမှုအခြေ အနေလေးကို အောက်မှာတွေ့ရှိနိုင်ပါတယ်။



မေးခွန်း = သင်္ကြန်ရောက်ရင် ?

အရမ်းစိတ်လှုပ်ရှားတယ်။ (41.18% - 7 votes)

ပုံမှန်ပါပဲ။ (35.29% - 6 votes)

စိတ်ညစ်ရတယ်။ (5.88% - 1 vote)

ဘယ်လိုမှကို ခံစားချက်မရှိတာ။ ( 17.65% - 3 votes)>

အခုလက်ရှိမှာတော့ 17 votes ရရှိထားပါတယ်။ ဒါပေမယ့် စာဖတ်သူနှုန်းထားနဲ့ နှိုင်းယှဉ်လိုက်ရင် အရမ်းနည်းပါတယ်။ မ vote ရသေး တဲ့ စာဖတ်သူတို့ vote ပေးကြပါဦးခင်ဗျား) ကျွန်တော် ဒီ Poll လေးကို သင်္ကြန်မတိုင်ခင်ထိ ထားရှိပေးသွားမှာ ဖြစ်ပါတယ်။ စာဖတ်သူ အပေါင်းတို့ နှစ်သစ်ကူးသင်္ကြန်မှာ အစဉ်ပဲရွှင်လန်း ချမ်းမြေ့ကြပါစေ။ အင်း ချစ်သူလေးကို သတိရလိုက်တာ ။ ဘာမှလဲဆိုင်ဘူးနော်း)
ဒါနဲ့ သင်္ကြန်မှာ ကဲမှာလား ? ကွဲမှာလား(အသဲပြောပါတယ်) ? vote ပေးကြဦးနော်။


ကဲ စာဖတ်သူအားလုံးကို အစဉ်ပဲလေးစားပါတယ်။
မျှော်လင့်သူ.

Monday, March 15, 2010

မင်းပါ ချစ်သူ


အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်အတွက် ပထဆုံးလက်တွဲဖြစ်ခဲ့တာ
မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်နှလုံသားက ဖွင့်ဟတဲ့စကားကို
ပထမဆုံးကြားခဲ့ရတာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ခါးကို လက်တစုံနဲ့
သိမ်းဖက်ခဲ့ရတာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ ပထမဆုံးအနမ်းကို
လက်ခံရရှိခဲ့တာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ ရင်ခွင်ကို
မှီခိုခွင့်ရခဲ့တာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ စိတ်အစဉ်ကို
ဖမ်းစားနိုင်ခဲ့တာ မင်းပါချစ်သူ။

မပီဝိုးတ၀ါးနဲ့ တိတ်တခိုးအဖြစ်နဲ့
အချစ်ဦးကို မျှော်လင့်ခဲ့တဲ့အချိန်တွေထက်
မင်းရဲ့ လက်ကိုတွဲပြီး သောင်ပြင်ပေါ်မှာ
လျှောက်ခဲ့တဲ့ အချိန်တွေကို
ငါ.. ပိုမက်မောတယ်ချစ်သူ။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်.
မျှော်လင့်သူ

Sunday, March 14, 2010

ရောဂါဆိုးနှင့်ရင်ဆိုင်ရပြီး ကျွန်တော်တို့နှင့် ခွဲခွာသွားသော ဖေဖေ


ဒီနေ့ တနလာင်္နေ့ ဘုရားကြီးသန့်ရှင်းတောင် မသွားဖြစ်လိုက်ဘူး။ မနေ့က ပင်ပန်းထားလို့ အိပ်ပျော်သွားတာက တစ်ကြောင်း၊နောက် ပြီး မေမေက ညဦးပိုင်းက ဖျားနေတာကြောင့်ရယ် မသွားဖြစ်လိုက်ဘူး။ ညက မေမေလဲ အိပ်ရာဝင်တော့ ကျွန်တော်လဲ တံခါးတွေ စစ်၊ မီးတွေစစ်ပြီး အိပ်ရာဝင်ခဲ့တယ်။ အရင်ရက်တွေနဲ့မတူ အအေးဓာတ်လေးက အနည်းငယ် ပြန်လည်လွမ်းခြုံနေသည်။ စောင်ပါးပါး လေး ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်သွားသည်။

အိပ်လို့ သိပ်မကြာခင်လား၊ ဒါမှမဟုတ် အာရုဏ်တက်ချိန်လားတော့ မသိဘူး။ အိမ်မက်လိုလို ဘာလိုလိုနှင့် တကယ်အပြင်မှာထိတွေ့ ခံစားရသလို အရာတစ်ခုမြင်မက်မိသည်။ အိမ်မက်ထဲမှာ ကျွန်တော် ဖေဖေရင်ဘတ်ပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်နေတာတဲ့။ ကျွန် တော်အငြိမ်မနေပဲ ဆော့နေတော့ ဖေဖေက “ဟေ့ကောင်” တဲ့ရယ်သံလေးနဲ့ ပြောသည်။ ကျွန်တော်က “ ဖေဖေနှလုံးအောင့်လို့ လား” ဆိုတော့ “ မဟုတ်ပါဘူး သားကြီးရ ဖေဖေယားလို့ပါကွ ” ။ ဖေဖေ့မျက်နှာကြည့်လိုက်တော့ ၀င်းရွှင်နေတာပဲ။ ထိုသို့နေရင်း နှင့် ရုတ်တရက်တွေးလိုက်မိသည်။ ဖေဖေက ငါတို့ကိုထားခဲ့ပြီး လူ့ဘ၀ကြီးကစွန့်ခွာသွားပြီပဲ။ ထိုသို့စဉ်းစားမိလိုက်သည်နှင့် အိမ်မက် လေးပျက်ပျယ်သွားသည်။

လွန်ခဲ့တဲ့ 13 နှစ်ကစပြီး ဖေဖေနှလုံးသွေးကြောကျဉ်း ရောဂါကိုစတင်ခံစားရသည်။ သွေးတိုးရောဂါရင့်လာတော့ နှလုံးဘက်ထိလာ တာလို့ ဆရာဝန်များကိုဆိုတယ်။ ဖေဖေရဲ့ သွေးပေါင်ချိန်ဟာ အမြဲတမ်းမြင့်တက်လျှက်ရှိနေပြီး သာမာန်လူတယောက်ရဲ့ သွေးပေါင် ချိန်တိုင်းဆို ဖေဖေမနေနိုင်တော့။ ခေါင်းမူးတယ်ပြောတယ်။ ဖေဖေသွေးပေါင်ချိန်တိုင်းလဲ သာမာန်လူမနေနိုင်။ လွန်ခဲ့တဲ့ 13 နှစ် လောက်မှာ ဖေဖေရန်ကုန်ခရီးသွားနေတုန်း နှလုံးရောဂါစဖောက်ခဲ့တာပါ။ ဒါပေမယ့် ဖေဖေဟာ ကျွန်တော်တို့အားလုံးကို ဖွင့်မပြော ပဲ အကောင်းပကတိပုံစံနဲ့ ရန်ကုန်ကပြန်လာတယ်။ ပြီးတော့ ဆေးမှတ်တမ်းတွေအားလုံးကို သိမ်းဆည်းထားလိုက်တယ်။ နောက် ပိုင်း ရောဂါဖောက်ခြင်းလက္ခဏာတော့ မတွေ့ရ။ ဒီလိုနဲ့ နေလာတော့ 2002ခုနှစ်မှာ ဖေဖေဒုတိယအကြိမ် ရောဂါအပြင်းအထန် ပြန်ဖောက်လာခဲ့တယ်။ နှလုံးသမားတွေဟာ တကြိမ်ပဲဖောက်ခွင့်ရှိတယ်။ ဒုတိယတကြိမ်ဆို မလွယ်ကူတော့။

မကွေးပြည်သူဆေးရုံကြီး အရေးပေါ်ခန်းထဲကို အလျှင်မြန်ပို့ခဲ့သည်။ ဖေဖေခံစားရတာကြည့်ပြီး ဘယ်လိုမှမသက်သာနိုင်။ ဖေဖေ့ကို အခန်းထဲထည့်ထားပြီး မေမေကို ဆေးရုံအုပ်ကြီးကခေါ်တွေ့တယ်။ လူနာက ဘယ်လိုမှတော့မဖြစ်နိုင်တော့ကြောင်း။ နီးစပ်ရာဆွေမျိုး တွေကို ခေါ်ထားသင့်ကြောင်း ခေါ်ပြောတယ်။ မေမေက တက်နိုင်သလောက်တော့ကယ်ပါဦးဆရာရယ်ဆိုတော့ ။ ဆရာဝန်ကြီးက စကားဟလာတယ်။ ငွေကြေးတက်နိုင်လား။ ငွေနဲ့အသက်ဆက်မယ်ဆိုရင်တော့ သက်တမ်းစေ့မဟုတ်ရင်တောင် နည်းနည်းနေနိုင် သေးတယ်လို့ဆိုပါတယ်။ မေမေကလဲ ရှိသမျှစည်းစိမ်ကုန်ပါစေ ကုမယ်လို့ပြောလိုက်တော့ ဆရာဝန်ကြီးတို့က အားချင်းကုသဖို့ပြင် ဆင်ကြသည်။ သို့သော် သေ 70/30 ရှင် သာရှိခဲ့သည်။

ဖေဖေရောဂါက နှလုံးသွေးကြောကျဉ်းပြီး နောက်ဆုံး တကြောသာကျန်ပြီး ကျန်သွေးကြောတွေပိတ်သွားခဲ့တယ်။ နှလုံးထဲစီးဝင်တဲ့ သွေးပမာဏအတိုင်း ပြန်မထွက်တော့ပဲ နှလုံးအောက်ခြေပိုင်းမှာ သွေးများစုလာခဲ့တယ်။ တဖြည်းဖြည်းနှင့် ထိုသွေးများပုပ်လာခဲ့ တယ်။ ဒီလိုနဲ့ ရောဂါကပိုဆိုးလာခဲ့တယ်။ ဆရာဝန်ကြီးများ ကြိုးစားကုကြတယ်။ ဖေဖေဘေးပတ်ဝန်းကျုင်မှာလဲ စက်တွေကလဲ အများကြီး ရင်ဘတ်တွေမှာကော ကြိုးတွေကရှုပ်ရှပ်ခတ်နေသည်။ တရက်လဲသတိရမလာ၊ သုံးလေးငါးရက် တပတ် သတိရမလာခဲ့ ဘူး။ မေမေခမျာမှာတော့ လင်ယောင်္ကျားဇောနှင့် ပင်ပန်းရကောင်းမှန်းမသိ။ ဆေးရုံကနေ အိမ်ကိုလှမ်းစီမံလိုက်။ ဖေဖေ့ကို ပြုစု လိုက်နှင့်ပင်ပန်းလှသည်။ ဒီလိုနဲ့ ကိုးရက်မြောက်နေ့ မနက်မှာတော့ ဖေဖေလက်ကလေးတွေလှုပ်လာတယ်။ နှုတ်ခမ်းလေး မပွင့်တ ပွင့်နှင့် ရေကိုတောင်းလာတယ်။ ကျွန်တော်တို့အားလုံးဗျာ ပျော်ရွှင်လိုက်ကြတာ။ ထတောင်ခုန်ကြတယ်။

ဖေဖေက လူချစ်လူခင်အရမ်းပေါတယ်။ ဖေဖေ မေ့မျောနေတဲ့အချိန်ပိုင်းလေးအတွင်းမှာ လူနာလာကြည့်တဲ့ ဧည့်သည်တွေက များ ပြားလွန်းတယ်။ သူနာပြုဆရာမများ၊ အလုပ်သင်ဆရာဝန်များက လူနာဦးသိန်းအေး တို့ဆေးရုံလာတက်တာ ပွဲဈေးများခင်ထားသ လားအောင့်မေ့ရတယ်တဲ့။ IC ခန်းထဲပိုးသတ်တဲ့ ၀တ်စုံနဲ့ တစ်ဦးလျှင် 5 မိနစ်ကျနှုန်း ၀င်ခွင့်ပေးတာတောင် တနေကုန်မပျက်ရှိနေ သည်။ ဆရာဝန်များက လူနာကိုအနားပေးထားပါအုံး။ မ၀င်ကြပါနဲ့ဦးဆိုလဲ ၀င်တွေ့ကြသည်။ ဖေဖေနှိုးလာပြီဆိုတဲ့ သတင်းလဲကြား ကော အားလုံးပျော်ရွှင်ကြသည်။ ကျွန်တော်တို့လူနာရှင်တွေရော၊ ဆရာဝန်ဆရာမတွေကော ဖေဖေမိတ်ဆွေအပေါင်းသင်းတွေကော ပြောလို့မဆုံးကြတော့။ နောက်ပိုင်း ရောဂါလေးတည်ငြိမ်စပြုလာတော့ ဖေဖေမကွေးဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသ ခံရန် သွားရသည်။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုတွေခံယူပြီး ပြန်ဆင်းလာခဲ့သည်။ ရောဂါဖြစ်စ အချိန်နှင့် 5 လမျှတောင် ကြာသွားခဲ့သည်။ မကွေးဆေးရုံမှာ 3 လနှင့် ရန်ကုန်ဆေးရုံကြီးမှာ 2 လမျှဖြစ်သည်။ မေမေလဲစိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ရသည်။ သို့သော်လဲ ဖေဖေအတွက်ဆို မျက်နှာတစ်ချက်မပျက်ဖူး။ စိတ်တချက်မငြိုငြင်ဘူး။ ဖေဖေအတွက် ဇနီးကောင်းတစ်ယောက်ဖြစ်သ လို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်အတွက်လဲ မိခင်ကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။

ရန်ကုန်က ပြန်လာကတည်းက ဖေဖေတစ်ယောက် လူအကောင်းပတိလိုတော့ သွားလာလှုပ်ရှားလို့မရပေမယ့် ဖြေးဖြေးချင်းတော့ သန်မာလာခဲ့သည်။ ဒီလိုနဲ့ မေမေနှင့် ကျွန်တော်တို့ ဖေဖေအနားမှာပဲ နေပြီး စိတ်ပျော်ရွှင်အောင်ထားပြီး နေလာခဲ့ကြရာ 2006 ခုနှစ် ဇွန်လ 11 ရက်နေ့မှာ ဖေဖေတတိယအကြိမ် ရောဂါဆိုးကြီးဖောက်လာခဲ့သည်။ အဲနေ့က မေမေက အမျိုးသမီးရေးရာက ဖွင့်တဲ့ သူနာပြုသင်တန်းဆင်းပွဲကို တက်ရောက်ရမှာဖြစ်တယ်။ ဖေဖေက မေမေ့ဘေးမှာထိုင်ပြီး ဟိုအ၀တ်စားနဲ့က မသင့်တော်ဘူး။ ဒီအ၀တ်စားနဲ့သင့်တော်တယ်။ ဆံထုံးကိုအဲလိုမထုံးနဲ့ ဘယ်လိုထုံး စသဖြင့်ပြောနေတယ်။ ညီလေးကလဲ ကျုရှင်သွားမှာမလို စက် ဘီးနဲ့ထွက်ခါနီး သားငယ်..မင်း စက်ဘီးစီးတာ ကြမ်းတယ်နော်၊ ဖြေးဖြေးစီး။ သားကြီးကလဲ ဖေဖေ့နှလုံးဆေးတချို့ကုန်နေပြီ သွားဝယ်ပေးဦး။ ကျွန်တော်က ဖေဖေကလဲ ကြိုပြောပါဆို ဖေဖေက ဆေးပြတ်လို့ရတာမဟုတ်ဘူးလို့ပြောခဲ့တယ်။

ဒီလို သားအမိတွေကို မှာကြားနေတဲ့ကြားကနေ ဖေဖေ ခစ်..ခစ် ဆိုပြီး မျက်ဖြူစိုက်သွားသည်။ ကျွန်တော်တို့အားလုံး အသံကြား တဲ့နေရာ ကြည့်လိုက်တော့ ဖေဖေသတိလစ်သွားတယ်။ ဒီလိုနဲ့ ညီလေးက နောက်ဖေးက သြဇာရွက်ကိုခူးပြီး မေမေ့ကိုပေးတယ်။ မေမေက သြဇာရွက်ကို ချေပြီးဖေဖေ့နှုတ်ခေါင်းနားတေ့လိုက်သည်။ ဖေဖေသတိပြန်လည်လာသည် ။ ဖေဖေအားတင်းထားနော်၊ ဘာမှစိတ်မပူနဲ့ သားဆေးရုံဖုန်းဆက်ထားတယ်။ ကားလာတော့မယ်လို့ပြောလိုက်တော့ ဖေဖေခေါင်းလေးတစ်ချက်ငြိမ့် ၊ ကျွန်တော် တို့ကိုလဲ ဘာမှစိတ်မပူနဲ့လို့ ပြောသလို အပြုံးလေးတစ်ပွင့်ပေးပြီး မျက်လွှာလေးချသွားခဲ့သည်။ ထိုအချိန်မှ စပြီးဖေဖေဘယ်တော့မှ မျက်လုံးပြန်မဖွင့်လာခဲ့တော့ဘူး။ ဖေဖေကျွန်တော်တို့ကို အပြီးခွဲသွားခဲ့တယ်။ အချိန်လေးကတော့ 2006 ခုနှစ် ဇွန်လ 11 ရက် နံနက် 8 နာရီ 15 မိနစ်...

ညက အိမ်မက်ထဲမှာ ဖေဖေပေါ်လာတော့ ကျွန်တော်အရမ်းပျော်ရွှင်မိတယ်ဗျာ။ ပျော်ရွှင်စရာပုံစံလေးတွေနဲ့ ကျွန်တော်ဖေဖေ့ကို သုံးလေးကြိမ်လောက်မက်ဖူးတယ်။ နောက်ဘ၀မှာများ ရေစက်စုံခဲ့ရင် ဖေဖေရယ်၊ မေမေရယ်၊ ညီလေးရယ်၊ ကျွန်တော်ရယ်၊ အားလုံးအတူပြန်စုံချင်မိပါတယ်ဗျာ။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Tuesday, March 9, 2010

ရွှေစက်တော်သွား တောလား



စာဖတ်သူတို့အတွက် မန်းရွှေစက်တော်ခရီးသွား အကြောင်းလေးနဲ့ သမိုင်းကြောင်းလေးကို ရေးသားဖော်ပြလိုက်ပါတယ်။ မကွေးမြို့ တစ်ဝိုက်ရဲ့ သမိုင်းကြောင်းဟာ ဟိုးဗုဒ္ဓရှင်တော်မြတ်ရှိစဉ်ကာလထဲက ယဉ်ကျေးမှုထွန်းကားခဲ့ပြီး ဗုဒ္ဓရှင်တော်မြတ် ဒေသစာရီကြွချီ တော်မှုခဲ့တဲ့ နေရာဌာနများလဲဖြစ်ပါတယ်။ ရာဇ၀င်တွေအရ ဘုရားရှင်ဟာ မြစ်အနောက်ဖက်ကိုသာ ကြွချီတော်မှုပြီး မြစ်အရှေ့ဘက် ကမ်းကို ကြွချီမှုမပြုခဲ့ပါဘူး။ မြစ်အရှေ့ဘက်က ဘီလူးတို့အပိုင်စားရပြီး မြစ်အနောက်ဖက်က နဂါးတို့အပိုင်စားရတယ်လို့ မှတ်သားရပါ တယ်။ ထူးခြားချက်မှာလဲ မြစ်အရှေ့ဘက်က စေတီများမှာ ဘီလူးရုပ်ကိုတွေ့ရပြီး မြစ်အနောက်ဘက်စေတီများမှာ နဂါးရုပ်များကိုတွေ့ ရသည်။

ကျောင်းတော်ရာစေတီတော်မြတ်(မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်)၊မန်းရွှေစက်တော်ရာ(စကုမြို့နယ်)၊စက္ကိန်းတဲစေတီတော်မြတ်(မင်းဘူးမြို့)၊ မြသလွန်စေတီတော်မြတ်ကြီး(မကွေး) တို့ဟာ သမိုင်းကြောင်းအရ ဆက်စပ်မှုရှိတာကိုတွေ့ရှိရပါတယ်။ ကျွန်တော် ကျောင်းတော်ရာစေတီတော် သမိုင်းအကျဉ်းကို လက်လှမ်းမှီသလောက်ဖော်ပြခဲ့ဖူးပါတယ်။ ဘုရားရှင်ဟာ ကျောင်းတော်ရာစေတီတော်ကအပြန် မင်းဘူးမြို့မှာ ကျိန်းစက်တော်မှုပါတယ်။ ဒီအချိန်မှာ မကွေးဘက်ကမ်းမှ ဘီလူးညီနောင်တို့က ဘုရားရှင်အား သဖန်းသီးကပ်ကာ ကိုးကွယ်ရာတစ်ခုခုကို တောင်းခံပါတယ်။ ဒီအချိန်မှာ ဘုရားရှင်ဟာ သိကြားမင်းလှူဒါန်းထားသော မြသားသလွန်အစစ်ကို ပေးသနားတော်မှုပါတယ်။ ထိုသလွန်တော်ကို ဘီလူးညီနောင်တို့က ယူဆောင်ပြီး မကွေးဘက်မှာ စေတီတစ်ဆူ တည်တော်မှုပါသည်။ သို့သော် ဘီလူးတို့ချည်းတည်အပ်သည်မှာ မသင့်သောကြောင့် သိကြားမင်းကိုယ်တိုင် ၀ရဇိန်လက်နက်ဖြင့် ဖြိုခွင်း တော်မှုသည်။ ထိုအခါစေတီပြိုလေသည်။ နောက်အခါတွင် ထိုနေရာတွင် တည်အပ်သော ရွာအား ဘုရားပြိုရွာဟု သမုတ်လေသည်။ ဘီလူးညီနောင်တို့ နတ်သတ်ကြွေ လူဖြစ်ကာမှ လူနှင့်သိကြား ပေါင်း၍ အခုတည်ရှိသော တောင်ကုန်းပေါ်တွင် မြသလွန်စေတီတော်ကြီးကို တည်တော်မှုလေသည်။

ဘုရားရှင် စက္ကိန်းတဲတောင်ပေါ်တွင် တစ်ညတာကျိန်းစက်ပြီးနောက် ပြန်အကြွမှာ မုဆိုးနှင့် နဂါးမင်းတို့ တောင်းပန်မှုကြောင့် ဘုရား ရှင်ကိုယ်တော်မြတ်ကြီးဟာ အခုမန်းရွှေစက်တော်တည်ရှိရာ နေရာမှာ တန်ခိုးဗျာဒိတ်ဖြင့် ခြေတော်ရာ တင်ကျန်တော်မှုစေသည်။ နောက်အခါတွင် လူတို့ကိုးကွယ်အပ်သော် မန်းရွှေစက်တော်ရာဘုရားဖြစ်လာခဲ့သည်။ မန်းရွှေစက်တော်ရာဘုရားဟာ မင်းဘူး(စကု) မြို့နယ် မင်းဘူးမြို့နှင့် 32 မိုင်အကွာမှာတည်ရှိပါတည်။ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးကို နှစ်စဉ်နှစ်တိုင်း တပို့တွဲလဆန်း 5 ရက်နေ့မှ မြန်မာနှစ်ဆန်း 1 ရက်နေ့ထိကျင်းပလျှက်ရှိပါသည်။ မြန်မာပြည်အနှံ့အပြားမှ ဘုရားဖူးဧည့်သည်များ သိန်းနှင့်ချီ လာရောက်ဖူးမျှော်ကြသည်။ ဘုရားလဲဖူးရင်း လိပ်ဥလဲတူးရင်းဆိုတဲ့ မြန်မာစကားပုံအတိုင်း ဘုရားလဲဖူးရင်း အညာမြေရဲ့ ပူပြင်းမှု များကို ဘုရား၏ခြေတောင်ရင်းမှာ ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းအတွင်းမှာ ရေချိုးအပန်းဖြေကြသည်။

မန်းရွှေစက်တော်ရာဘုရားသို့ အလည်ပတ်သွားရောက်ရန် ကျွန်တော်တို့ညီအစ်ကိုတစ်တွေ စီစဉ်ပြီး မတ်လ 7 ရက်နေ့ တနင်္ဂနွေ နေ့က သွားရောက်ခဲ့ပါတယ်။ အစီအစဉ်တိုင်း တနင်္ဂနွေနေ့ နံနက် 5နာရီ 30 လောက်မှာ မကွေးမြို့မှ ထွက်ခွာလို့လာခဲ့ပါတယ်။ အရင်ကဆို ဧရာဝတီတံတားကြီး မရှိသေးတာကတကြောင်း၊ ပုသိမ်-မုံရွာလမ်းမကြီးမပေါက်သေးတာက တစ်ကြောင်း၊ ရွှေစက် တော်နား နီးလေလေ တောင်ဆင်းတောင်တက်များလာပြီး လမ်းများဆိုးဝါးမှုတို့ကြောင့် မိုင် 30 ကျော်ကျော်ခရီးကို နေ့တ၀က် လောက်သွားခဲ့ရပါတယ်။ အခုအခါမှာ မြစ်ကူးတံတားကြီးတွေ၊ လမ်းမကြီးတွေကြောင့် ဆိုင်ကယ်နှင့်ပင် လွယ်လင့်တကူသွားလာ လို့နိုင်ခဲ့ပါပြီ။ ကောင်လေး 6 ယောက်၊ကောင်မလေး 2ယောက် ဆိုင်ကယ် 4စီးဖြင့်ထွက်ခွာလာခဲ့ပါတယ်။ တံတားကြီး(မကွေး- မင်းဘူး) ကိုကူးလိုက်လျှင်ပဲ ကျွန်တော်တို့လို ဘုရားဖူးသွားမည့် ကားကြီး၊ကားငယ်၊ ဆိုင်ကယ်အသွယ်သွယ်တို့ဖြင့် စည်ကားနေ သည်။ တံတားပေါ်မှာ မကွေးဘက်ကမ်းမှ မြသလွန်စေတီတော်ကြီးနှင့် မင်းဘူးဘက်ကမ်းမှ စက္ကိန်းတဲ စေတီတော်မြတ်တို့အား ရွှေသားရောင် တစ်ပြောင်ပြောင်နှင့် သပ္ပာယ်စရာအတိ ဖူးမျှော်ရပါသည်။

မင်းဘူးမြို့အထွက်နားရောက်တော့ အားလုံးပဲခဏတဖြုတ်နားကြပြီး နံနက်ခင်းစာကို သုံးဆောင်ဖြစ်ခဲ့ကြပါတယ်။ ကြည်နူးစရာလင်း အာရုဏ်နံနက်ခင်းများ ဘော်ဒါများပျော်ရွှင်စွာပဲ သုံးဆောင်ဖြစ်ခဲ့ပါတယ်။ ထို့နောက်ဆက်လက်ထွက်ခွာခဲ့ပါတယ်။ အေးဆေးစွာပင် မောင်းနှင်ခဲ့သည်။ ခရီးမပန်းအောင်ကတစ်ကြောင်း၊ ဘေးအန္တရာယ်မကြုံတွေအောင်က တစ်ကြောင်း မောင်းနှင်ခဲ့ကြသည်။ နံနက် 7 နာရီကျော်ကျော်လောက်မှာ မင်းဘူးမြို့နှင့် 19မိုင်နှင့် 2 ဖာလုံအကွာ လေးပင်ရွာ(မန်းရွှေစက်တော်သွားများ ခရီးတစ်ထောက် နားရာ)သို့ရောက်ရှိလို့ လာခဲ့ပါတယ်။ ဆိုင်ကယ်အပူသက်သာအောင် ခေတ္တမျှနားရင်း လ္ဘက်ရည်သောက်ဖြစ်ခဲ့ကြပါတယ်။ ထို့ နောက် မန်းရွှေစက်တော်သို့(12မိုင်နှင့် 6 ဖာလုံအလို) ခရီးဆက်ခဲ့ကြပါတယ်။ 8နာရီ 15 မိနစ်မှာ မန်းရွှေစက်တော်သို့ ရောက် ရှိခဲ့ပါတယ်။ ယခုနှစ်မှဖြင့် ပုသိမ်-မုံရွာလမ်းမှာခွဲထွက် ရွှေစက်တော်သို့ 3မိုင်အလိုလမ်းခွဲမှာ အံသြသင့်လောက်အောင် ကောင်းမွန် နေတာကို တွေ့ရတော့ ၀မ်းမြောက်မိပါတယ်။

မန်းရွှေစက်တော်အ၀င် မန်းချောင်းသစ်သားတံတားလေးအကူး အထက်စက်တော်ရာကို လှမ်းမြင်နေရတဲ့ မြင်ကွင်းဟာဖြင့် မြင်ရသူ ခရီးသွားတိုင်း စိတ်ချမ်းမြေ့မှာ ဧကန်မလွဲပေ။ မန်းရွှေစက်တော်ရောက်တော့ အရင်ဆုံး တည်းခိုဖို့အတွက် တည်းချောင်းစီစဉ်ရပါ တယ်။ အခန်းရတော့ အထုတ်များနေရာချထားပြီး အ၀တ်စားလဲကာ ညီအစ်ကိုတစ်တွေ မန်းချောင်းထဲပြေးဆင်းကြပါတယ်။ နံနက် စောသေးတော့ သိပ်ကြာအောင်ပင် ရေမကစားလိုက်နိုင်။ ချမ်းလို့တုန်လာသည်နှင့် ပြန်တက်ခဲ့သည်။ ထို့နောက် ပြင်ဆင်ပြီး ဘုရား ဆီသို့ ထွက်လာခဲ့ကြသည်။ အရင်ဆုံး အောက်စက်တော်ရာသို့ ၀င်ရောက်ဖူးမျှော်ခဲ့ပါသည်။ ပုံမှန်အချိန်မှာ အောက်စက်တော်ရာ အားဖူးမျှော်ခွင့်မရပါ။ မန်းရေအတက်အကျကြောင့် ခြေတော်ရာတိမ်ကောမှာကို စိုးသောကြောင့် စေတီပုံသံအုပ်ဆောင်းဖြင့် ဖုန်းအုပ် ထားပြီး ပွဲတော်အချိန်တွင်းသာ ဖွင့်လှစ်ပေးထားပါသည်။ အောက်စက်တော်ရာအား ခေတ္တဖူးမျှော်ပြီးနောက် အထက်စက်တော်ရာ သို့ ပွဲဈေးတန်း စောင်းတန်းတစ်လျှောက် တက်ရောက်ခဲ့ပါသည်။ လူငယ်သဘာဝ ဗဟုသုတအနေနှင့် လှေကားထစ်များ ရေတွက် ဖို့ကြံသော်လည်း အာရုံကခပ်များများ၊ မေ့တက်တာလဲ လွန်ရောဆိုတော့ မရေဖြစ်ခဲ့ပေ။ အထက်စက်တော်ရာတည်ရှိရာ တောင်ပေါ် သို့အတက် စောင်းတန်းတစ်လျှောက်မှာ ဘုရားဖူးပြည်သူများ ပြည့်နှက်လို့နေပါသည်။ တနင်္ဂနွေနေ့ အစိုးရရုံးပိတ်ရက်၊ State ( Grade-11 မပါ) များလဲပိတ်ထားချိန်၊ နောက်ပြီး လပြည့်ကျော် 8 ရက်ဥပုဒ်နေ့ ဈေးသူဈေးသားများလဲ အားလပ်ရက်ဖြစ်သော ကြောင့် လူစည်ကားလှသည်။

ပထမအဆင့်တွင် ခဏတစ်ဖြုတ်နားကြပြီး နို့အေးချောင်းများ ၀ယ်စားဖြစ်ခဲ့ကြသည်။ ဆက်လက်ချီတက်ခဲ့ရာ အထက်စက်တော်ရာ သို့ ရောက်ရှိခဲ့သည်။ ရွှေသင်္ကန်းကပ်၊ ဘုရားဖူး၊ ဓာတ်ပုံရိုက်ကြသည်။ အထက်စက်တော်ရာပေါ်မှ အောက်စက်တော်ရာနှင့် ပွဲဈေး များ တည်းချောင်းများကို ကြည့်ရှုရင်း စဉ်းစားမိသည်။ ကျောင်းတုန်းက မန်းရွှေစက်တော်အကြောင်းဖတ်ရတုန်းက ပွဲတော်သို့ လှည်းတန်းရှည်ကြီးဖြင့် လာရောက်ပြီး ဖူးမျှောက်ကြသည်။ အခုတော့လဲ မော်တော်ကားများ၊ဆိုင်ကယ်များဖြင့် လာရောက်ဖူးမျှော် ကြသည်။ ညှို့နေတဲ့ တောင်တန်းကြီးတွေ၊ ခြောက်သွေ့နေတဲ့ ရိုးပြတ်တောတွေ၊ ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းရယ်၊ နောက် လှသွေးချယ်နေတဲ့ ပျိုမေတွေကြောင့် ဒီမြင်ကွင်းဟာ ပန်းချီးဆရာလက်မှိုင်ချလောက်အောင် လှချင်တိုင်း လှနေပါတော့တယ်။



အထက်စက်တော်ရာမှာ ခဏနားနေရင်း စားဖြစ်ခဲ့တဲ့ သဘောင်္သီးသုပ်နှင့် ရေနွေးပူပူကလဲ စာဖတ်သူတို့ကို စားစေချင်လိုက်သည်။ အရမ်းပင် နှစ်ခြိုက်လွန်းလှသည်။ ပြန်ဆင်းလာပြီးနောက် တည်းချောင်းမှာ ထမင်းစားဖြစ်ကြတယ်။ ဗမာချက်စစ်စစ်ကို လွေးရင်း ပြောင်ကြ နောက်ကြနှင့် ကျွန်တော့် မျက်လုံးအစုံမှ ဘယ်တော့မှလွင့်ပျယ်မည်မထင်။ စားသောက်ပြီး ဗိုက်တင်းတော့ စက်တော် ခေါ်၊ နိုးလာတော့ ချောင်းထဲပြေးဆင်းကြသည်။ ရေကစားတာ 2 နာရီမျှပင်ကြာသွားသည်။ ထို့နောက် ပြန်တက်အထုပ်ပိုးများ ပြင်ဆင်ပြီး ညနေ 5 နာရီ 15 မိနစ်မှာ မန်းရွှေစက်တော်မှ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် အဆင်ပြေချောမွေ့ ခဲ့ပြီး မကွေးမြို့သို့ 8 နာရီပတ်ဝန်းကျင်တွင် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

မန်းချောင်းထဲက ကျွန်တော်တို့တသိုက်
အောက်ခြေတော်ရာ ဖူးမျှော်နေစဉ်
အထက်စက်တော်ရာအတက် နှစ်ကျိတ်ရှစ်ဆူစေတီတော်များနှင့် ကျွန်တော်

ဒီအကြောင်းရာလေးကို ကျွန်တော်အရမ်းပဲရေးသားခဲ့ချင်မိပါတယ်။ အဖျက်အမျိုးမျိုးကြောင့် စိတ်ညစ်ပြီးပေါက်ကွဲခဲ့မိပါတယ်။စာဖတ် သူတို့ အမြင်မှာရိုင်းသွားသော် ရှိရင်လဲ အနူးညွှတ်ပဲတောင်းပန်အပ်ပါသည်။ ခွင့်လွှတ်ပေးကြပါ။ ဒီ Post လေးကိုဖတ်မိပြီး မရောက်သေးသူများလဲ လာရောက်ဖူးမျှော်ဖြစ်အောင်၊ လာရောက် လည်ပတ်သူများလဲ သတိရလွမ်းဆွတ်မိအောင် ရည်ရွယ်ပါသည်။

(စာကြွင်း ခရီးသွားဓာတ်ပုံများ Web ပေါ်သို့အမှတ်ရတင်ထားချင်ခဲ့ပေမယ့် Virus ပြဿနာကြောင့် အနည်းငယ်သာတင်နိုင်ခဲ့ပါ သည်။)
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ.
Related Posts with Thumbnails