ဒီခေါင်းစဉ်လေးနဲ့ စာရေးချင်တာတော့ ကြာပါပြီ။ ရာသီဥတု နှောင့်ယှက်တာရယ်၊ အလုပ်ပင်ပန်းလို့ အိပ်ပျော်သွားတာရယ်ကြောင့် မရေးဖြစ်ခဲ့ တာပါ။ အထွေထူးတော့လဲ မဟုတ်ပါဘူး။ ကျောင်းပြီးလို့ အလုပ်စ၀င်ပြီး ဒီကနေ့ ဒီအချိန်ထိ လူပင်ပန်းပေမယ့် စိတ်ပျော်ရွှင်နေရဲ့တဲ့ အလုပ် တွေနဲ့ ပတ်သတ်ပြီး ရေးသားချင်ခဲ့တာပါ။ 2007 ခုနှစ် 9 လပိုင်းက စပြီး ကျွန်တော် ပညာသင်ယူမှုပြီးစီးပြီး လုပ်ငန်းခွင်ထဲကို ၀င်ရောက် ခဲ့ပါတယ်။ နယ်မှာအလုပ်အကိုင်နည်းနည်းရှားပါတာရယ်၊ နောက်ပြီး ကိုယ်ဆက်တက်ချင်တဲ့ သင်တန်းတွေမရှိတာရယ်ကြောင့် မန္တလေးက ဒေါ်လေးရှိတဲ့ဆီကို ထွက်လာဖြစ်ခဲ့တယ်။ မန္တလေးရောက်တော့ သင်တန်းတက်ဖို့ထက် အလုပ်ဘက်ကိုပဲ အားသန်ခဲ့တယ်။ ဒေါ်လေး အကူညီနဲ့ အိပ်ဆောင်ပစ္စည်း Trading Company တစ်ခုမှာ အလုပ်ရခဲ့တယ်။
ကျောင်းက ပြီးခါစ လုပ်ငန်းခွင်ထဲကို အခုမှစ၀င်ခါစဆိုတော့ ကြောင်အန်းအန်းတော့နိုင်ခဲ့တယ်။ တာဝန်ယူဖို့ သီးသန့်အပိုင်းပေးထားတယ်။ ကိုယ်တာဝန်ယူတဲ့ အပိုင်းမှာ ပြဿနာဖြစ်ခဲ့ရင် ကိုယ်ပဲ ခေါင်းခံရမယ်ဆိုပါတော့။ တစ်ခါမှ ဒီလို တာဝန်မျိုးမယူဖူးဘူး။ ခေါင်းကြီးခဲ့တယ်။ အလုပ်ကလဲ အရမ်းများတယ်။ တာဝန်ယူရတဲ့အပိုင်းကတော့ ဂိုဒေါင်မှုးပေါ့။ ကြွေပြားနဲ့ ပတ်သတ်တာတွေကို အကုန်တာဝန်ယူရတယ်။ တစ်နေ့ကို 12ဘီးကားကြီး 2စီး 3စီးလောက် အမြဲဝင်တယ်။ တစ်နေ့ကို ကြွေပြားတွေကို ၀င်လိုက်ထွက်လိုက်နဲ့ ထောင်ရှိနေတယ်။ လူ အရမ်းပင်ပန်းတယ်။ ဒါပေမယ့် တစ်ခါမှ စိတ်မပင်ပန်းခဲ့ဖူးဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးက တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းကူညီ ပံ့ပိုး ပေးကြတယ်။ မသိတာကို သိအောင်သင်ပေးတယ်။ မှားနေတာတွေ မှန်အောင်ပြင်ပေးတယ်။ တစ်ရုံးလုံးမှာ ကျွန်တော်အငယ်ဆုံးပဲပေါ့။ အဲတုန်းက ကျွန်တော်အသက်က 19 နှစ်ပေါ့။ သူဌေးကလဲ အရမ်းသဘောကောင်းတယ်။ ဖော်ရွှေတယ်။ လက်အောက်ငယ်သားတွေကို မျှမျှတတဆက်ဆံတယ်။ အထက်လူကြီးတွေ စိတ်မပျက်အောင်လဲ ကိုယ်ကကြိုးစားပေးရတယ်။ အလုပ်ထဲမှာ ဘယ်လောက်ပင်ပန်းပန်း အားလုံးတက်ညီလက်ညီလုပ်ကြပြီး မိသားစုစိတ်ဓာတ်လေးအပြည့်နဲ့ဆိုတော့ စိတ်ပေါ့ပါးပြီး ကြိုးစားဖြစ်ခဲ့တဲ့ ကျွန်တော့်ဘ၀အတွက် ပထမဆုံး လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။
လုပ်ငန်းအဆင်ပြေပြန်တော့လဲ နေရေးထိုင်ရေးနဲ့ အခြား အလုပ်နဲ့မပတ်သတ်တဲ့ လူမှုရေးပြဿနာလေးတွေကြောင့် ကျွန်တော် မေမေရှိတဲ့ မကွေးကိုပဲ ပြန်လာခဲ့တယ်။ မကွေးရက်ပြီး ရက်ပိုင်းအတွင်းမှာပဲ Company တစ်ခုမှာ အလုပ်ရခဲ့တယ်။ ဒီ Company ကတော့ Research ပိုင်းကို အဓိကထားလုပ်တာပါ။ ကျွန်တော်ကိုင်ရတဲ့ အပိုင်းကတော့ Marketing အပိုင်းပေါ့။ လူတွေနဲ့ အများဆုံး ဆက်ဆံ ရတဲ့ လုပ်ငန်းတစ်ခုပေါ့။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ကိုယ်သိချင်တဲ့ အကြောင်းအရာတစ်ခုကို ကိုယ်တစ်ဦးတစ်ယောက်တည်းနဲ့ မရပဲ ကိုယ်သိချင်တဲ့အပိုင်းနဲ့ ဆက်နွယ်တဲ့သူတွေနဲ့ ဆက်နွယ်ပြီး ဖော်ထုတ်ရတယ်။ တစ်နေ့ကို အလုပ်အများကြီးမလုပ်ရပေမယ့် လုပ်ရတဲ့ အပိုင်းမှာတော့ စိတ်ကိုနှစ်ထားရတယ်။ အလုပ်ပေါ်မခံယူတက်ရင်၊ စိတ်မထားတက်ရင်တော့ တစ်ရက်ထဲနဲ့ စိတ်ပျက်သွားစေနိုင်ပါတယ်။ ဒါကိုလဲ အမြဲဆင်ခြင်နေရတယ်။ Pressure တော်တော်တက်ပေမယ့် ကိုယ့်ဝန်ထမ်းပိုင်း လုပ်ငန်းအသွားလာနဲ့ ပတ်သတ်လို့တော့ အား လုံးစိတ်ချမ်းသာရပါတယ်။
ဒီလို Research Company မှာလုပ်နေရင်းကပဲ Cyber တစ်ခုမှာ ညပိုင်းအလုပ်ဆင်းဖြစ်တယ်။ ဒီတိုင်းနေရင်လဲ ညည မေမေနဲ့ TV ထိုင်ကြည့်တာရယ်၊ ဂိမ်းကစားတာနဲ့ 12ထိုး 1 နာရီလောက်မှ အိပ်ဖြစ်နေတယ်လေ။ ညပိုင်း Cyber မှာလုပ်ဖြစ်ရင် ကိုယ်သိချင် တက်ချင်တဲ့ Internet ပိုင်းကိုလဲ လေ့လာနိုင်မယ်၊ အချိန်တွေကိုလဲ အကျိုးရှိရှိသုံးနိုင်မယ်။ ဒီလိုရည်ရွယ်ချက်လေးတွေနဲ့ Cyber တစ် ခုမှာ ၀င်လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ အကောင်းဆုံးအလုပ်ဖြစ်ပါလိမ့်မယ်။ အရမ်းသဘောကျတယ်။ အဲဒီမှာလုပ် တဲ့အချိန် လုပ်ငန်းအတွေ့ကြုံအများကြီးမရှိသေးပေမယ့် ကျွန်တော်သိနေပါတယ်။ နေ့ပိုင်းအလုပ်ပြီးရင် ညနေပိုင်း ရေမိုးချိုးပြီး ညပိုင်းထိုင် ပေးရတယ်။ လုပ်ငန်းကလဲ သိပ်အခက်ခဲမရှိသလို ဆိုင်ရှင်အစ်ကိုတွေကလဲ အရမ်းသဘောကောင်းတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားထက် ညီအစ်ကိုလို ပေါင်းဖြစ်တယ်။ သူတို့က ကိုယ့်ကိုအခွင့်ရေးပေးသလို သူတို့ပေးတဲ့အခွင့်ရေးကိုလဲ ကိုယ်က ဘယ်တော့မှအလွဲသုံးစား မလုပ် ပါဘူး။ အလုပ်ပိတ်ရက်ရယ်လို့လဲ ကျွန်တော်မထားပဲ အရမ်းနှစ်သက်တဲ့အလုပ်ဖြစ်နေတော့ ဖျားနာတဲ့အချိန်က လွဲပြီး နေ့တိုင်းဆင်းပေးဖြစ် ခဲ့ပါတယ်။ အရမ်းလဲ ပျော်ရွှင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဆိုင်ပိတ်သွားတော့ Research Company ကလဲထွက်လိုက်ပြီး cigarette Company တစ်ခုမှာ အလုပ်ဝင်ဖြစ်ခဲ့ပါတယ်။
အခုနောက်ဆုံးအလုပ်ပေါ့။ ရာထူးကတော့ Sale Rep; နဲ့ပေါ့။ Market Field ထဲကိုတော့ အချိန်ပြည့်ဆင်းရတယ်။ ကိုယ်အလုပ်ဝင် တဲ့အချိန်က ပစ္စည်းသစ်မိတ်ဆက်ချိန်ဆိုတော့ Promotion တွေကလဲ အလူးအလဲလုပ်ရတယ်။ နှစ်သစ်ကူးသင်္ကြန်တောင် မနားပဲ အလုပ် ၀င်ပေးခဲ့ရပါတယ်။ နောက်ပိုင်းတွေမှာလဲ ကိုယ်တာဝန်ယူတဲ့အပိုင်းက မြစ်အနောက်ဘက်တစ်ကျောပေါ့။ ရေစက်ပါတယ်ပဲ ဆိုရမယ်။ ကျောင်းတုန်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း 4 ယောက် တစ်ရုံးထဲ အတူတူကျနေခဲ့တယ်။ ပျော်စရာပဲ။ နောက်ပြီး အလုပ် တာဝန်ခွဲတော့လဲ တစ်ကျောထဲပဲကျတယ်။ ပင်ပန်းလို့ ပင်ပန်းမှန်းလဲမသိဘူး ပြေးလွှားနေခဲ့တယ်။ အခုဆိုရင် ဒီ Company အတွက် ပြေးလွှားပေးခဲ့တာ ကီလိုမီတာအားဖြင့်ဆိုရင် 7800 ၀န်းကျင်ရှိနေပြီး မိုင်နဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် 4847 မိုင်ဝန်းကျင်ရှိနေပါပြီ။ ဒီ လောက်သွားလာနေပေမယ့် ပျော်ရွှင်နေတယ်။ သဘောကျနေတယ်ဆိုတာ အကြောင်းရှိပါတယ်။ အဓိကကတော့ စိတ်လို့ပဲ ဆိုရမလား မသိဘူး။ ကိုယ်ကလဲ သူများအပေါ်ဘယ်တော့မှ မဟုတ်မှန်တာ မလုပ်ဘူး။ ကံတူအကျိုးပေးပဲ ဖြစ်မယ်။ ကိုယ့်ကိုလဲ ဒုက္ခပေးမယ်သူ ဆိုတာ မရှိဘူး။ ဘယ်နေရာရောက်ရောက် ကိုယ်နဲ့ထိတွေ့ဆက်ဆံရတဲ့သူတွေကို အစ်ကိုအရွယ်ဆို အစ်ကို၊ အစ်မအရွယ်ဆို အစ်မ စသဖြင့် ကိုယ်ကလဲ လေးလေးစားစားဆက်ဆံတယ်။ ကိုယ်အောက်ငယ်လို့လဲ နိုင့်ထက်စီးနင်းမလုပ်ဘူး။ ဒီလိုအပြုမှုလေးတွေကြောင့် ကိုယ်လဲ ခံစားနေရတာဖြစ်မယ်ထင်ပါတယ်။
စာဖတ်သူတို့အား အစဉ်လေးစားလျှက်....
မျှော်လင့်သူ
No comments:
Post a Comment