Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Saturday, August 28, 2010

HIV ကို ကုသနိုင်ပြီလား ???


ကဲ စာဖတ်သူပရိတ်သတ်တို့ရေ...
ဒီကနေ့မှာတော့ စာဖတ်သူတို့အတွက် ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတစ်ခုနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဒီအကြောင်းအရာ လေးကို စာဖတ်သူတို့ စိတ်ဝင်စားလိမ့်မယ်လို့လဲ မျှော်လင့်မိပါတယ်။ အခုတင်ဆက်မယ့် အကြောင်းအရာလေးကတော့ ...

HIV ကို ကုသနိုင်ပြီလား ?????
- ခန္ဓာကိုယ်ထဲမှာရှိတဲ့ HIV ပိုးတွေ မပွားများလာဖို့ အေအာတီ(ART)ဆေးနဲ့ ထိန်းချုပ်ထားခြင်းဖြင့် ကုသနိုင်ပါပြီ။
- ဒါပေမယ့် အေအာတီ(ART)ဆေးဟာ HIV ပိုးတွေကို သေအောင်မသတ်နိုင်တဲ့အတွက် ဒီဆေးဟာ အမြစ်ပြတ် ကုသပေးနိုင်တဲ့ ဆေး မဟုတ်ပါဘူး။

HIV ဆိုတာ ဘာလဲ ?????
- HIV ဆိုတာ အလွန်သေးငယ်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။
- HIV ဟာ ကူးစက်ခံရတဲ့လူရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်သက်လုံးနေပြီးတော့ အဲဒီလူရဲ့ ကိုယ်ခံစွမ်းအားတွေကို ဖျက်ဆီးပစ်ပါတယ်။

ကိုယ်ခံစွမ်းအားစနစ် ဆိုတာဘာလဲ ?????
- ခန္ဓာကိုယ်ထဲ ၀င်ရောက်လာတဲ့ ရောဂါပိုးတွေကို ခုခံတိုက်ဖျက်ပေးနိုင်တဲ့ ကိုယ်တွင်းစွမ်းအား တစ်မျိုးကို ကိုယ်ခံစွမ်းအားလို့ ခေါ်ပါတယ်။
- သွေးဖောက်စစ်ဆေးတိုင်းတာခြင်းနဲ့ ကိုယ်ရဲ့ ကိုယ်ခံစွမ်းအား(CD4) အနည်းအများကို သိနိုင်ပါတယ်။

HIV ခန္ဓာကိုယ်ထဲ ၀င်လာရင်.....
- ခန္ဓာကိုယ်ထဲမှာ တစ်သက်လုံးနေပြီး ကိုယ်ခံစွမ်အားတွေကို တဖြည်းဖြည်း ဖျက်ဆီးပစ်ပါတယ်။
- ကြာလာတာနဲ့အမျှ ကိုယ်ခံစွမ်းအားတွေ လျော့နည်းကျဆင်းလာပြီး ပြင်ပက ၀င်ရောက်လာတဲ့ ရောဂါတွေကို မခုခံ မတိုက်ဖျက်နိုင် တော့ပါဘူး။
- ဒါကြောင့် ရောဂါပေါင်းစုံ မကြာခဏ ဖြစ်လာတက်ပါတယ်။ အဲဒီလိုဖြစ်လာတာကို AIDS လို့ခေါ်ပါတယ်။

အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့......
- ကိုယ်အလေးချိန် လျော့ကျခြင်း။
- နာတာရှည် ဖျားနာခြင်း။
- မှက်ခရုပေါက်ခြင်း။
- ရေယုန်ပေါက်ခြင်း။
- တာရှည် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ခြင်း။
- တီဘီ ရောဂါဖြစ်ခြင်း။
- အရေပြားတွင် အနာများဖြစ်ခြင်း။

အေအာတီ(ART)ကုသမှုဆိုတာ ဘာလဲ ??????
- မျိုးမတူတဲ့ ဆေးသုံးမျိုး ပေါင်းစပ်ထားတဲ့ ကုသမှုဖြစ်ပါတယ်။
- ခန္ဓာကိုယ်မှာရှိတဲ့ HIV တွေပွားများလာခြင်းကို ထိန်းချုပ်ထားနိုင်တဲ့အတွက် ကိုယ်ခံစွမ်းအားစနစ်ကို ပြန်လည်ဖြည့်ဆည်း ပေးနိုင်တဲ့ ကုသမှုလည်းဖြစ်ပါတယ်။

အေအာတီ(ART)ကို ဘယ်လိုသောက်ရမလဲ ?????
- အေအာတီ(ART)ကုသမှုဟာ ဆေးအုပ်စု အမျိုးမျိုး ပေါင်းစပ်ပါဝင်မှသာ ထိရောက်မှုရှိတယ်။ ဒါကြောင့် အနည်းဆုံး ဆေးသုံးမျိုး ပေါင်းစပ် သောက်သုံးသင့်ပါတယ်။
- အေအာတီ(ART)ဆေးများဟာ သွေးထဲမှာ (၁၂)နာရီသာ အာနိသင်ရှိတဲ့အတွက် (၁၂)နာရီခြားတစ်ခါ နေ့စဉ် အချိန်မှန်မှန် သောက်ရပါမည်။
- အေအာတီ(ART)ဆေးဟာ HIVကို မသတ်နိုင်ပါ။ အကယ်၍ ဆေးသောက်တာ ရပ်လိုက်ရင် HIV ပိုးတွေပြန်ပြီး ပွားများလာလိမ့်မယ်။ ဒါကြောင့် ဆေးကို ရေရှည်(တသက်လုံး) သောက်ရန်လိုအပ်ပါတယ်။

ဆေးကို ဘယ်သူတွေ သောက်သင့်သလဲ ?????
ရောဂါဖြစ်ပွားမှု အခြေအနေအရ....
- HIV ကူးစက်ခံရပြီး နောက်ပိုင်း ကိုယ်ခံစွမ်းအား(CD4)အရေအတွက် ၂၀၀အောက် ကျဆင်းလာတဲ့သူများ။
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် ကျန်းမာရေးအခြေအနေ ချို့ယွင်းလာပြီး ရောဂါလက္ခဏာများ ပြင်းပြင်းထန်ထန် ခံစားနေတဲ့ သူများ။
ဆေးကုသမှု မစတင်မီ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ ကုသမှုကို ခံယူသင့်ပါတယ်။

အေအာတီ(ART)ကုထုံးရဲ့ ကောင်းကျိုး ရလဒ်များက ဘာတွေလဲ ?????
- ကိုယ်ခံစွမ်းအားစနစ် ပြန်ကောင်းလာတဲ့အတွက် ယခင်အတိုင်း ကျန်းမာလာခြင်း။
- ကျန်းမာလာတဲ့အတွက် အလုပ်ပြန်လုပ်နိုင်ပြိး မိသားစုများကိုလည်း ပြန်လည်ကူညီ ထောက်ပံ့ပေးနိုင်ခြင်း။
- ကလေးတွေဆိုရင်လည်း သာမန်အတိုင်း ပြန်ကျန်းမာလာနိုင်ပါသည်။
သင်ဟာ ဆေးကို မှန်မှန်ကန်ကန်နဲ့ တိတိကျကျ သောက်မှသာလျှင် ဒီကောင်းကျိုးတွေရမှာပါ

ဆေးပုံမှန်စွဲသောက်ရန် ဘာကြောင့်အရေးကြီးသလဲ ?????
ဆေးပုံမှန် သောက်တယ်ဆိုတာ
- အနည်းဆုံး ဆေး(၃)မျိုးပေါင်းကို
- နေ့တိုင်း အချိန်မှန်မှန် (၁၂)နာရီခြားတစ်ခါ
- ရေရှည်(တစ်သက်လုံး) သောက်တာကိုပြောတာပါ။

အဲဒီလို ပုံမှန်စွဲသောက်မှသာလျှင်.....
- အေအာတီ(ART)ဆေးရဲ့ ကောင်းကျိုးထိရောက်မှုကို ရရှိပြီး ပြန်လည်ကျန်းမာလာ၍ ပုံမှန်ဘ၀ကို ပြန်ရမှာ ဖြစ်တဲ့အတွက် အရေးကြီး ပါတယ်။

အကယ်၍ ဆေးပုံမှန်စွဲမသောက်လျှင်.....
- ဆေးအာနိသင် ထိရောက်မှု မရှိတော့ဘဲ HIV ပိုးတွေဟာ အေအာတီ(ART)ဆေးကို ယဉ်ပါးသွားပြီး ဆေးမတိုးတော့ပါ။
- အဲဒါဆို HIV ပိုးတွေ ပြန့်ပွားလာပြီး ကိုယ်ခံစွမ်းအားတွေ ပြန်လည်ကျဆင်းလာပါလိမ့်မယ်။
- အစပိုင်းတွင် မသိသာပေမယ့် အချိန်တိုအတွင်းမှာ ကျန်းမာရေးကျဆင်းလာပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးနိုင်ပါတယ်။
- ဆေးယဉ်နေတဲ့ HIVပိုးများဟာ သင့်ဆီက တခြားလူတွေကို ကူးစက်သွားနိုင်ပြီး သူတို့လည်း သင့်လိုဘဲ ရောဂါခံစားရပြီး အသက်သေ ဆုံးနိုင်ပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်အာနိသင်များက ဘာတွေလဲ ?????
- အရေပြားမှာ အင်ပြင်ထခြင်း၊ ယားခြင်း။
- အသားဝါခြင်း၊ သွေးအားနည်းခြင်း။
- ကိုယ်ပူပြီး ဖျားခြင်း။
- ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း။
- ပြို့အန်ခြင်း၊ ၀မ်းလျှောခြင်း။
- ခြေလက် ထုံကျင်ကိုက်ခဲခြင်း။
ဒါပေမယ့် ဆေးသောက်တဲ့ လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထမရှိဘဲ အချို့ကသာ ဖြစ်လေ့ရှိပါတယ်။


ဆက်လက်ဖော်ပြပါဦးမည်။
စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ

No comments:

Post a Comment

Related Posts with Thumbnails