အပိုင်း ( ၅ ) အဆက်...
အမည်မဖေါ်နိုင်သောခံစားမှုများက ရင်ထဲတိုးဝှေ့လာသည်။ ရင်းနှီးသော ခံစားမှုများကိုလဲ ခံစားလာရသည်။ သို့သော် အရင်လိုခံစားချက်မျိုးမဟုတ်သည်ကိုတော့ သိလိုက်သည်။ ရွာအ၀င်လှည်းလမ်းကြီးသည်ကား အရင်တိုင်းပင် မပြောင်းလဲ။ လမ်းဘေးတွင်ပေါက်နေသော ထနောင်းပင်ကြီးသည်လည်း သည်အတိုင်းပင်။
လမ်းဘေးတလျှောက် အစီအရီပေါက်နေသော တမာပင်များသည်လည်း အခြေနေမပျက်။ ပြောင်းလဲသွားသည်ကား ကျွန်တော်၏စိတ်နှင့် အခြေအနေပင်ဖြစ်လိမ့်မည်။ လမ်းမကြီးအတိုင်းလျှောက်ခဲ့ကြရာ တနေရာအရောက်တွင် မြစ်ထဲမှရေများကို သယ်လာသော လှည်းနှင့်တစ်စီးကို တွေ့လိုက်သည်။ လှည်းပေါ်မှ လှည်းသမားကြီးက အဝေးကပင် ကျွန်တော်တို့ကို ကြည့်နေသည်။ အနီးနားရောက်သောအခါ
“ဟာ ကိုဖိုးရွှေကြီးပါလား ကလေးတွေနဲ့ ဘယ်လိုဖြစ်လာတာတုန်း”
“ကျွန်တော်တို့ မိုးကုတ်ဘက်ကပြန်လာတာ ဒုကရောက်လာလို့”
“ဟုတ်လား ကလေးတွေလဲ သနားစရာပဲ ဒီမှာပဲနေမှာလား”
“ဟုတ်တယ် ကိုကျော်ညွန့် ဒီမှာနေဖို့ပြန်လာကြတာ”
“အေးဗျာ ပြန်လာတာကောင်းပါတယ် ကျွန်တော်လဲ လိုအပ်တာရှိရင် ကူညီမှာပေါ့ ကလေးတွေအမေကောဗျ”
“ကလေးတွေအမေက မိုးကုတ်မှာဆုံးသွားပြီ ကိုကျော်ညွန့်”
“အော် ဖြစ်မှဖြစ်ရလေ.. အေးဗျာအားမငယ်ပါနဲ့ လိုအပ်တာရှိရင်ပြောဗျာ အချင်းချင်းတွေပဲ ကူညီရမှာပေါ့”
“ကျေးဇူးတင်ပါတယ် ကိုကျော်ညွန့်စကားကိုကြားရတာ အားတက်မိပါတယ်”
“ခင်ဗျားယောက်ဖ ကိုညိုမောင်အိမ်မှာပဲ နေမှာမဟုတ်လား”
“အေးပေါ့ဗျာ လောလောဆယ်သူ့အိမ်မှာပဲ နေရမှာပေါ့ဗျာ”
“ကျွန်တော်အလုပ်ပြီးရင် လာခဲ့မယ်လေ”
“ဟုတ်ကဲ့ကိုကျော်ညွန့် သွားလိုက်အုံးမယ်”
“ဟုတ်ကဲ့ ကိုဖိုးရွှေ”
ကိုညိုမောင်ဆိုသည်မှာ အမေ၏အကိုဖြစ်သည်။ အဖေနှင့် ညီအကိုရင်းပမာ ခင်မင်ရင်းနှီးကြသူများဖြစ်သည်။ မိုးကုတ်မသွားခင်ကလဲ ကိုညိုမောင်တို့အိမ်တွင်ပင် နေခဲ့ကြသည်။ မိသားစုအချင်းချင်းသည်လည်း မိသားစုအရင်းများပမာ ချစ်ခင်ကြသည်။ ကိုညိုမောင်၏သမီး အိအိညိုသည် ကျွန်တော်နှင့်အရွယ်တူပင်ဖြစ်သည်။ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် ကစားလိုက်နှင့် တအိမ်ထဲနေသောကြောင့် သူ၏အမေအား အမေစိုး ဟုခေါ်ကာ ကျွန်တော်၏အမေကိုလဲ အိအိညိုက အမေ၀ိုင်းဟုခေါ်သည်။ ယခုသော် ကစားဖေါ်ကစားဖက် အိအိညိုနှင့်ပြန်တွေ့ရတော့မည်။ စိတ်ထဲတွက်ကြိတ်ကာ ၀မ်းသာနေမိသည်။
လမ်းအတိုင်းလျှောက်လာကြရာ တနေရာတွင် လမ်းပေါ်ရှိသဲများပေါ်တွင် ဆော့ကစားနေကြသော ကလေးများ ကိုတွေ့ရသည်။ သူတို့ကိုကြည့်ရသည်မှာ ပျော်စရာကောင်းနေသည်။ ယခင်ကဆိုလျှင် ထိုလမ်းမကြီးသည် ကျွန်တော်တို့ အမြဲဆော့နေကြ ကစားကွင်းပင်ဖြစ်သည်။ ဝေးကွာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ လမ်းမကြီးပေါ်တါင် ယာထဲမှပြန်လာ ကြသော လှည်းများကိုလဲ တွေ့ရသည်။ မြစ်ဘက်မှ ငါးဖမ်းပိုက်များကို ထမ်းပြီး ပြန်လာသောသူများကိုလဲ တွေ့ရသည်။ ကြည်နူးစရာကောင်းသော အညာဒေသ၏သဘာဝမှာကား လွမ်းမောစရာပင်။
လမ်းတလမ်းကိုချိုးကွေ့ပြီး သုံးအိမ်ကျော်လျှောက်လိုက်သောအခါ အရင်ကကျွန်တော်တို့ နေခဲ့သော အိမ်ကို တွေ့လိုက်ရသည်။ စိတ်ထဲတွင်ကား ဖေါ်မပြတတ်အောင် ၀မ်းသာသွားမိသည်။ အဘယ်ကြောင့်ဝမ်းသာသွားသည်ကို သေသေချာချာပင်မသိ။ အိမ်ရှေ့သို့ကြည့်လိုက်သောအခါ မန်ကျီးပင်အောက် ကွပ်ပြစ်တွင်ထိုင်နေသော အိအိညိုကိုတွေ့ လိုက်ရသည်။ တောင်းတစ်ခုထဲမှ ဘာတွေကိုရွေးနေသည်မသိ ခေါင်းငုံ့ကာရွေးနေသည်။ ပတ်ဝန်းကျင်ကိုလဲ သတိထားမိ ဟန်မရှိ။ ကျွန်တော်မြင်သောအခါ မနေနိုင်ပဲ အားရပါးရအော်မိသည်။
“အိအိညို”
ကျွန်တော့အော်ခေါ်သံကိုကြားသောအခါ လန့်သွားသည်ဟုထင်သည်။ ကျွန်တော်တို့ကို သေချာကြည့်နေသည်။ ပြီးမှ
“ဟယ်. . တောင်ပေါ်သားပါလား ဟယ် . . ဘကြီးလဲပါတယ် ကိုကြီးလဲပါတယ်. . ဖေဖေရေ ဒီမှာ ဘကြီးတို့လာတယ်”
အိအိညိုအော်ခေါ်လိုက်သောအခါ အိမ်ထဲမှ အိအိညိုအဖေနှင့်အတူ အမေပါထွက်လာသည်။ ကျွန်တော်တို့ကို မြင်သောအခါသေချာကြည့်နေသည်။ ပြီးမှ
“ဟာ . . ကိုဖိုးရွှေတို့ပါလား ဘယ်လိုဖြစ်လာကြတာတုန်း မ၀ိုင်းကော မပါဘူးလား”
“အေးဗျာ ကလေးတွေအမေတော့ပါမလာတော့ဘူး နောက်မှအကြောင်းစုံပြောပြမယ်”
“အေးဗျာ လာလာ သမီးရေ သမီးအကိုတွေကိုခေါ်”
“ဟုတ်ကဲ့ဖေဖေ” “လာတောင်ပေါ်သားနဲ့ ကိုကြီး”
“လာလာ သားတို့အိမ်ထဲဝင်ကြ”
အဖေနှင့် အိအိညိုတို့အဖေသည် စကားပြောကာအိမ်ထဲဝင်သွားကြသည် ကျွန်တော်တို့လဲ နောက်မှလိုက်ကာ အိမ်ထဲကို ၀င်ခဲ့ကြသည်။ အိမ်ကြီးသည်အရင်ကနှင့်မတူ အသစ်ပြန်ဆောက်ထားဟန်ရှိသည်။ အရင်ကထက်ကြီးပြီး ကောင်းနေသည်။ ကျွန်တော်တို့ကစားနေကျ အိမ်ရှေ့မှ မန်ကြီးပင်ကြီးအောက်ရှိ ကွပ်ပစ်သည်လည်း အသစ်ပြန်လုပ် ထားသည်။ မန်ကြီးပင်ကြီးကတော့ သည်အတိုင်းပင်။ အိမ်ရှေ့ခန်းတွင် ထိုင်မိကြသည်နှင့် အိအိညိုအဖေက မေးသည်။
“ကိုဖိုးရွှေမိန်းမကကော ဘယ်ကျန်ခဲ့တုန်းဗျ”
“ငါ့မိန်းမ မိုးကုတ်မှာပဲဆုံးသွားပြီ ငါတို့လဲ ဒုကရောက်လာလို့ ပြန်လာကြတာ”
“ဟင် အမဆုံးသွားပြီ ဟုတ်လား အမလေး ဖြစ်မှဖြစ်ရလေ အမရယ် သွားရှာပြီပေါ့ ကလေးတွေကိုလဲ ထားသွားပြီပေါ့”
အိအိညိုအမေသည် ပြောပြီးငိုနေသည်။ အိအိညိုအဖေသည်လည်း မျက်နှာမကောင်း။ ကျွန်တော်လည်း ထိုအသံကိုကြားမှပင် ၀မ်းနည်းသည့်စိတ်များ ရင်ထဲတွင် အလုံးလိုက်တက်လာသည်။
“ဖြစ်မှဖြစ်ရလေ အမရယ်”
အိအိညို၏အဖေ ကိုညိုမောင်က ၀မ်းနည်းစွာဖြင့် မြည်တမ်းလိုက်သည်။ ကျွန်တော်သည်လည်း စိတ်ကိုထိန်းထား သည့်ကြားမှ မျက်ရည်များသည် အလိုလိုစီးကျလာသည်။ ဘယ်သူမှမမြင်အောင် တဖက်သို့လှည့်ကာ မျက်ရည်များကို အသာသုတ်လိုက်သည်။ ထိုအရာကို အိအိညိုမြင်ပြီး ၀မ်းနည်းနေသည်။ ကျွန်တော်မသိချင်ယောင်ပြီး ဘာမှမဖြစ်သလို နေလိုက်သည်။ ရင်ထဲတွင်ကား ဆို့နင့်လျှက်။ အဖေသည်လည်း ကိုညိုမောင်နှင့် ကိုညိုမောင်၏ဇနီး ဒေါ်စိုးစိုးတို့နှင့် စကားပြောနေသည်။ အဖေသည် မျက်နှာကိုအောက်သို့ငုံ့လျှက်စကားပြောနေသည်။ အဖေငိုနေမည်လား။ ကျွန်တော်တို့ ၀မ်းနည်းမည် စိုးသောကြောင့် ကြိတ်ကာငိုနေမည်ထင်သည်။ ကျွန်တော်အဖေ့ကို မကြည့်ရက်တော့ အိမ်ရှေ့ မန်ကျဉ်းပင် အောက်ရှိ ကွပ်ပစ်သို့ထွက်လာမိသည်။ အကိုနှင့်အိအိညိုလည်း နောက်မှထွက်ကာလိုက်လာကြသည်။
ကျွန်တော် မန်ကျဉ်းပင်ကြီးကို ခံစားချက်မဲ့သောအကြည့်ဖြင့် အတန်ကြာမော့ကြည့်နေမိသည်။ ဘာကြောင့် ကျွန်တော် ကြည့်နေမိသည်ကိုကား မပြောတတ်။ အတန်ကြာသောအခါ ကွပ်ပစ်ပေါ်တွင်ဝင်ထိုင်လိုက်သည်။ စိတ်ထဲတွင်လည်း ဘာကိုလုပ်ရမည် ဘာကိုတွေးရမည်မသိ။ ထုံနေသလိုလိုကြီးဖြစ်နေသည်။ အကိုနှင့်အိအိညိုသည်လည်း ကျွန်တော့်ဘေးတွင် ၀င်ထိုင်နေကြသည်။ ကျွန်တော် အိအိညိုကိုတစ်ချက်ကြည့်လိုက်သည်။ ကျွန်တော့်ကို ညှိုးငယ်သောအပြုံးဖြင့် ပြုံးပြနေသည်။ ကျွန်တော်သည်လည်း သူ့ကိုပြန်ပြုံးပြမိသည်။
“ရေသောက်မလား”
“အင်း . .”
တစ်လုံးထဲသာဖြေမိသည်။ ထိုထက်ပိုပြီး ဘာပြောရမှန်းမသိ။ အိအိညိုအိမ်ထဲသို့ဝင်သွားသည်။ ပြန်ထွက် လာသောအခါ လက်ထဲတွင် ရေခွက်နှင့် ရေခပ်လာသည်။ ကျွန်တော့်ကိုလှမ်းပေးသည်။ ကျွန်တော်တ၀က်သောက်ပြီး ကျန်တ၀က်ကို အကို့ကိုပေးလိုက်သည်။ အကိုလည်းကျွန်တော်ပေးသောရေကို အားရပါးရ သောက်နေသည်။
“နင်တို့မိုးကုတ်က ပြန်လာတာလား”
“အင်းဟုတ်တယ်”
“အဲဒီမှာပျော်လား”
“အရင်ကတော့ပျော်တယ် အခုမပျော်ဘူး”
“ကိုကြီးကော အဲလိုပဲလား”
“အင်းဟုတ်တယ် အဲလိုပဲ”
ဘာကိုမှန်းတော့မသိ အကိုကလည်း အိအိညိုမေးတာကို ဖြေလိုက်သည်။ အိမ်ရှေ့လမ်းမကြီးသို့လှမ်းကြည့်လိုက်သော အခါ မြစ်ဆိပ်ဘက်သို့သွားနေသော လူများနှင့် လှည်းများကိုတွေ့နေရသည်။ အနောက်ဘက်ကောင်းကင်တွင်လည်း နေမင်းကြီးက မေးတင်တော့မည်။ အညာဒေသ၏အလှကား ကြည်နူးဖွယ်လား လွမ်းမောဖွယ်လား။ မည်သို့ခံစားရမည်မသိနိုင်။ ခဏကြာသောအခါ အမေစိုး အိမ်ထဲမှထွက်လာပြီး ကျွန်တော်တို့ဆီသို့လာနေသည်။ ကျွန်တော်တို့နားရောက်သော်
“ကဲကလေးတို့ အိမ်ထဲကိုလာကြ ထမင်းစားကြမယ် ဗိုက်ဆာနေကြရောပေါ့”
“လာ ထမင်းသွားစားကြမယ်”
အမေစိုးက ကျွန်တော့လက်ကိုဆွဲကာ အိမ်ထဲဝင်လာသည်။ အမေစိုး၏အကြည့်တွင် သနားဂရုနာအပြည့်ရှိနေသည်။ ကျွန်တော်သည်လည်း အမေကိုသတိရမိပြီး အမေစိုး၏လက်ကို တင်းတင်းဆုပ်ထားမိသည်။ အိမ်ထဲသို့ဝင်လိုက်သောအခါ ထမင်းဝိုင်းတွင် အဖေနှင့် ဦးညိုမောင်တို့ထိုင်ပြီးစားနေကြသည်။ ကျွန်တော်သည်လည်း ထုံးစံအတိုင်း လက်ဆေးရည်ဇလုံတွင် ၀တ်ကျေတန်းကျေလက်ကိုဆေးကာ ထမင်းဝိုင်းတွင် အမြန်ဝင်ထိုင်လိုက်သည်။
ဖတ်ရှုရန် အပိုင်း ( ၁ ) ၊ အပိုင်း ( ၂ ) ၊ အပိုင်း ( ၃ ) ၊ အပိုင်း ( ၄ ) ၊ အပိုင်း ( ၅ )
စာဖတ်သူတို့အား အစဉ်လေးစားလျှက်
မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)
No comments:
Post a Comment