Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Saturday, January 9, 2010

ကျွန်တော် နှင့် ကန်တော့အုပ်


"သားကြီး ထထ ကန်တော့အုပ်တင်လိုက်ရမယ်မလား"

"အမေ ဘယ်နှနာရီ ရှိပြီလဲ"

"ငါးနာရီခွဲပြီ သား"

"ဗျာ အမေတို့ကတော့လုပ်တော့မယ်ဗျာ ၊ ကျွန်တော်နိုးခိုင်းတာ လေးနာရီခွဲလေ ။ ဒုက္ခတွေတော့ရောက်ကုန်ပါပြီဗျာ"

လူတော်တော်လေးကို မောသွားတယ်။ မနက်အစောမနိုးမှာ စိုးသဖြင့် ညကတည်းကတိုင်း သူငယ်ချင်းအိမ်မှာအိပ်လိုက်မယ်လို့ အမေ့ကို ပြောသည်။ ညအလုပ်ကပြန်လာမှ သူများအိမ်သွားအိပ်မှာ စိတ်မချဘူးဆိုပြီး ပြောဆိုနေသဖြင့် အမေ့ဆန္ဒအတိုင်း သွားမအိပ်ပဲ မနက် အမေနိုးနိုင်မလားလို့ မေးလိုက်သည။် နိုးမယ် စိတ်ချပါတဲ့ ။ ကျွန်တော်က ညဆို သန်းခေါင်ကျော်မှ အိပ်ဖြစ်သည်မို့ မနက်အစောဘယ် လိုမှမနိုးနိုင် ။ အမေက ဇွတ်ပြောတော့လဲ သူငယ်ချင်းအိမ်သွားမအိပ်ပဲ အိမ်မှာသာအိပ်လိုက်သည်။ အခု အိပ်ရာထနောက်ကျလို့ နောက် ကျလေပြီ။ မျက်နှာအမြန်သစ်လိုက်သည်။ အ၀တ်စား ကောက်လဲလိုက်သည် ။ နာရီကိုကောက်ပတ်လိုက်သည်။ သေချာကြည့်လိုက်တော့ အမေပြောတဲ့ ငါးနာရီခွဲမဟုတ် ၊ ခြောက်နာရီခွဲ သေပါပြီ။ စိတ်တော်တော်လေး ကသိကအောက်နိုင်သွားသည်။

ကျွန်တော်နောက်ကျ၍ မဖြစ် ။ သတိုးသား ကျွန်တော့်သူငယ်ချင်း ၀တ်မယ့် တိုက်ပုံက ကျွန်တော့်ဆီမှာ ။ မနက်ယူခဲ့ဖို့သေချာမှထား တယ်။ သူငယ်ချင်းကတော့ မြို့အထွက်မှာ နေတာပါ။ အခုသွားပြီး ကန်တော့အုပ်တင်မယ့်ကောင်မလေးအိမ်က မြို့နဲ့ 10 မိုင်အထက်ဝေး တယ်။ ကျွန်တော်ကျန်ခဲ့ရင် နောက်ကလိုက်ဖို့ လမ်းလဲမသိ။ အရမ်းခင်တဲ့ ဘော်ဒါတွေ မလိုက်ဖြစ်ခဲ့ရင် သူငယ်ချင်းအရမ်း စိတ်မကောင်း ဖြစ်မှာ ကျွန်တော်သိတယ်။ ဒါနဲ့ အိမ်အပြင်ကို ဆိုင်ကယ်ထုတ်လိုက်တယ်။

"သား မမှီရင် ကောင်မလေး ရွာထိ ဆိုင်ကယ်နဲ့ လိုက်သွားမှာလား"


"လိုက်သွားမှာ ၊ ဘာမှစိတ်မပူမနေနဲ့ အမေ"

အမေစိတ်ပူမှာတော့ သေချာတယ်။ ဒါပေမယ့် မတက်နိုင်တော့ ဆိုင်ကယ်ကို လီဗာကုန်မောင်းထွက်ခဲ့သည်။ သူငယ်ချင်းက လွန်ခဲ့တဲ့ရက် ကတည်းက လာပြီး သေချာလာဖို့ ၊ နောက်မကျဖို့ အတန်တန်မှာထားတာ ။ အခုမှမမှီရင် ဒေါသထွက်ခံရတော့မယ်။ မနက်ပိုင်း အအေး ဓာတ်ကလေးကြောင့် ဆိုင်ကယ်စက်သံဟာ မဆူညံပဲ ရန်ကုန် - မကွေး လမ်းမကြီးတိုင်း အရှိန်ဖြင့်မောင်းနှင်ခဲ့သည်။

သူငယ်ချင်းတို့အိမ်ကို 10 မိနစ်လောက်ပဲ စီးလိုက်ရသည်။ အဝေးကလှမ်းကြည့်လိုက်တော့ ရင်ထဲ အမောပြေသွားသည်။ အိမ်ရှေ့မှာ ကားတွေရှိသေးသည် ။မထွက်သေး။ အိမ်ထဲဆိုင်ကယ်ထည့်ပြီး သတိုးသားကြည့်လိုက်တော့ တော်တော်လေးတင်းနေပုံထောက်တယ်။ ညအိမ်မယ်လို့ ပြောထားတဲ့သူငယ်ချင်းကလဲ သူ့ကားပါမလာဘူး။ သူ့ကားက ဘက်ထရီ ၀ပ်နေလို့ ဘက်ထရီထောက်နိုးဖို့ ကျွန်တော့်ကို စောင့်နေတာ မလာနိုင်တော့ သူများကားနဲ့ပဲ လိုက်ခဲ့သည်။ သတိုးသား တင်းရင်လဲ တင်းချင်စရာ 7 နာရီထိုးတော့မည်။ ကျွန်တော်က မရောက် ။ သူငယ်ချင်းကားကပါမလာ။ နောက်လူက မစုံသေး။ ပုဆိုးမပြီး ဟိုလျှောက်လိုက် ဒီလျှောက်လိုက် ဗျာများနေတာ။ ကျွန်တော် တို့လဲ လန့်နေရတယ်။ ဗိုက်ဆာလိုက်တာ .. ဘေးဘယ်ညာကြည့်လိုက်တော့ ဧည့်ခံထားတဲ့ ကော်ဖီနဲ့ ကိတ်မုန့် ။ သတိုးသားက စိတ်တို နေတော့ မနိုက်ရဲ။ ကဲ အားလုံးပြီးစီးလို့ ကားထွက်တော့မယ်ဆိုတော့ လက်တံရှည်ရှည်နဲ့ ကိတ်မုန့်နှစ်ခုနဲ့ ပါးစပ်ထဲပစ်ထည့်ပြီး ရေနွေး တစ်ခွက် ကောက်မော့လိုက်သည်။ ဟိဟိ နည်းနည်းအဆာပြေလဲ ပြေတာပေါ့.

သွားကြတာက ကားနှစ်စီး .. Hilux နဲ့ Light Truck ။ Light Truck က ဘီးလေးဘီးလေးလုံး လေအရမ်းနည်းနေတယ်။ စိတ်ပျက်လိုက် တာ ။ ကဲ လေ ဆိုင်ရောက်တဲ့အထိ ယောင်္ကျားသားတွေဆင်းလမ်းလျှောက်လိုက်သည်။ ကားလေဖြည့်ပြီး ထွက်ခဲ့ကြသည်။ ကောင်လေး အိမ်ဘက်က မိသားစုတွေက ကောင်မလေးအိမ်ကို မရောက်ဖူးဘူး။ ကျွန်တော်တို့လဲ မရောက်ဖူးဘူး။ သိပ်မဝေးဘူးတော့ ထင်ရသည်။ ရန်ကုန် - မကွေးလမ်းအတိုင်း ရန်ကုန်ဘက်သို့ မောင်းနှင်လာခဲ့သည်။ မကွေးမြို့နှင့် 10 အကျော်လောက်အရောက်တွင် ကားလမ်းမကြီးရဲ့ အတွင်းပိုင်းသို့ ချိုးဝင်ခဲ့ရသည်။ သိပ်တောင် ကားဘီးမလိမ့်လိုက်ရ ။ အခက်တွေ့ ပါတော့သည်။ လမ်းက အတက်ကြီး ။ အတက်က ကိစ္စမရှိဘူး . ပြဿနာက လမ်းက သဲတောကြီး ။ နောက် လှည်းလမ်းကြောင်းပုံစံကြီး ဘီးသွားတဲ့ နေရာက ခွက်ပြီး ၊ အလယ်ခေါင်က ဂမူကြီး ။ Light Truck ရှေ့ဖိုင်ဘာဘန်ကာနဲ့က ဘယ်လိုမှမလွတ် အမြင့်က တစ်ထွာပဲ ရှိသည်။ နောက် အောက်က လိပ်ပြာတန်းက အမြင့် တစ်မိုက်ပဲရှိသည်။ ခေါင်းက ရှေ့စိုက်ကလေးဆိုတော့ ဘယ်လိုမှမလွယ်။ ဒါပေမယ့် ကားဆရာ ကျွန်တော်တို့ အကိုကြီးကလဲ ရအောင်ဝင်မယ်ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့ ယောင်္ကျားသားတွေက အောက်ဆင်းပြီး ပုဆိုး လေးမကာ စပယ်ယာလုပ်ကျရပါသည။်

အစပိုင်းတွင်တော်တော်လေး ခက်ခဲသည်။ ကားကလမ်းအတည့်တိုင်း ဘယ်လိုမှမောင်းမရ ။ ကား ကုန်းပေါ်မှာ တင်နေမှာသေချာတယ်။ ဒါနဲ့ ကားကို အလယ်ဂမူကို မေးတင်ပြီး လမ်းအခြေ သဲတဲမှ ကပ်ဆွဲရသည်။ တော်တော်လေး ခက်ခဲသည်။ အတက်ကလဲဖြစ် အရှိန်နှင့် ရုန်းရင်လဲ သဲနစ်တော့မည်။ တခါတစ်ခါ ကားက ဘောင်ပေါ်တင်သွားပြီး ဘီးတွေ မြေကြီးနဲ့ လွတ်သွားသည်။ လူအားနှင့် ပြန်တွန်းချရ သည်။ Hilux ကတော့ နည်းနည်းမြင့်တယ်။ သိပ်အခက်မတွေ့လိုက်ဘူး ။ ဒါနဲ့ သူက အရှေ့ကမောင်းသွားနှင့်သည်။ ကျွန်တော်တို့ ကားက နောက်က ဖြည်းဖြည်းလိုက်ခဲ့သည်။ လမ်းရဲ့ 4 ပုံ 1ပုံလဲရောက်ကော ကားမှာ ဘယ်လိုမှ ရှေ့ဆက်လို့မဖြစ်တော့ ။ လမ်းလျှောက်ယုံပဲရှိ တော့သည်။ ဒါနဲ့ ကျွန်တော်တို့အားလုံး လမ်းလေးအတိုင်း ဖုန်တလုံးလုံးနဲ့ လျှောက်လာခဲ့ကြသည်။

သတိုးသား နှင့် သတိုးသမီးက ကျွန်တော်တို့ကားပေါ်ပါလာခဲ့သည်။ သူတို့လဲ လမ်းလျှောက်ပေါ့.။ ကားပေါ်က တ၀က်က စောစောက အဆင်မပြေကတည်းကတိုင်း လမ်းလျှောက်သွားနှင့်မိသည်။ ကျွန်တော်တို့က ကားနှင့်အတူရှိနေခဲ့ရာ မရသည့်အဆုံးမှ ကားဆရာအစ် ကိုကြီး နှင့် နောက်အစ်ကိုတစ်ယောက် ထားခဲ့ကာ .. ကျွန်တော်ရယ် . သူငယ်ချင်းရယ် . မင်းသားနဲ့ မင်းသမီးရယ်. မင်းသားရဲ့ အစ်မ ရယ် နောက်သူ့သားလေးရယ်. 7 ယောက်ထဲ ခရီးဆက်ခဲ့သည်။ အရင်သွားနှင့်သည့်အဖွဲ့နှင့် တော်တော်ပျက်ကျန်ခဲ့သည်။

လမ်းကတော်တော်ခေါင်သည်ပဲ ။ ဘေးဘယ်ညာကြည့်လိုက် ယာတောင်သိပ်မရှိ ရိုးပြတ်တောနှင့် ချောက်တွေပဲရှိတယ်။ လူကလဲပျက် သည်။ သားရဲအကောင်ပလောင်ထွက်လာမှာတောင် ကြောက်ရသည်။ ကလေးက လမ်းမလျှောက်နိုင်တော့ ကျွန်တော်နဲ့ သူငယ်ချင်းနဲ့ ထမ်းရပါတော့သည်။ ငါးနှစ်သားအရွယ် လက်ကမပွေ့နိုင်လို့ ပုခုံးပေါ်တင်ထမ်းရသည်။ 3 မိုင်လောက်လျှောက်ပြီးတဲ့အခါမှာတော့ ဒူးတွေ လဲကုန်လာတယ် ။ ဖိနပ်လဲပေါက် ခြေထောက်သွေးတွေစို့လာတယ်။ မထူးပါဘူးကွာဆိုပြီး ပုဆိုးတိုတိုဝတ် ဖိနပ်လက်ကကိုင်ပြီး သုတ်ရ တော့တယ်။ ဒါတောင် အပေါ်က ထိုင်လိုက်တဲ့ ကိုယ်တော်ချောက ညောင်းတယ်ပြောနေတာ ချောက်ထဲပစ်ချထားခဲ့မယ်ပြောလို့ ငြိမ်သွား တာ။

ရွာအ၀င်လဲရောက်ကော ခြေကုန်လက်ပန်းကိုကျပြီး ဗုန်းဗုန်းကိုလဲရော. ရွာကနေလာကြိုတဲ့ ထော်လာဂျီကလဲ ခက်တည်တည်နဲ့ ကိုယ်တို့ ကိုကျော်သွားတယ် အပြင်ပေတရာလမ်းကြီးထိရောက်ပြီးမှ ပြန်လိုက်တာတယ်. သူကကျွန်တော်တို့မှီတော့ ရွာတောင်ဝင်ပေါ့။ ရွာအ၀င် တော့ ထော်လာဂျီလေးနဲ့ ၀င်ခဲ့ပါတယ်။ ကလေးတွေက ကားနောက်ကပြေးလိုက်ကြတယ် ဖုန်တလုံးလုံးနဲ့ ... ဟူး...

ဟိုရော မင်္ဂလာစကားပြော ၊ ရွာလူကြီး ဆုံးမစကားခြွေ ၊ သတိုးသားက စိတ်မရှည် . အားလုံးကိုဝုန်းဆံနေတာပဲ ။ နားအေးချင်တာနဲ့ အိမ်အောက်ထက်ဆင်း ဖုန်းနဲ့ ရေဒီယိုလေး နားထောင်ပြီး ကွမ်းဆိုင်က ကွမ်းလေးဝယ်ပြီး သူငယ်ချင်း နှစ်ယောက်ငြိမ့်နေလိုက်သည်။ အားလုံးပြီးစီးတော့ ထော်လာဂျီနဲ့ ပြန်လာခဲ့ပါတယ်။ ကားစီးရတာက Express ထက်တောင်ငြိမ့်သေးတယ် ။ တောင်ရမ်းတော့ တောင် ဘက်ပြေးကပ်လိုက် ၊ မြောက်ရမ်းတော့ မြောက်ဘက်ပြေးကပ်လိုက်။ ဟူး...

အိမ်ပြန်ရောက်တော့ အပြေးလေးမှန်ကြည့်မိပါတယ်။ မိမွေးတိုင်း ဖမွေးတိုင်းကော ရှိသေးရဲ့လားလို့။ ... တစ်ကိုယ်လုံးကို ကိုက်ခဲနေတာ ပဲ။ တော်တော်လေးတော့ စိတ်ပိန်သွားတယ်။ ဒါပေမယ့်ဗျာ ကိုယ့်ဘော်ဒါကြီးအတွက် အခုလိုလုပ်ပေးလိုက်ရတော့လဲ ကျေနပ်ပါတယ်။ သူ့အတွက် လုပ်ပေးခဲ့နိုင်တာကို ပျော်ရွှင်မိခဲ့ပါတော့တယ်။ .....


စာဖတ်သူတို့အားအစဉ်လေးစားလျှက်...

မျှော်လင့်သူ..

2 comments:

  1. ကိုမျှော်လင့်သူ
    ဘယ်တော့လည်းဟင် မျှော်ကြီးမနေနဲ့ ရအောင်ယူအုန်း

    ReplyDelete
  2. ပျော်စရာပါပဲ...
    တို့ အညာရဲ့ ဖုန်လုံး ရိုက်မိလာတယ် ပေါ့..

    ReplyDelete

Related Posts with Thumbnails