အပိုင်း ( ၄ ) အဆက်...
အတန်ကြာလျှောက်လာမိသောအခါ အိမ်တအိမ်၏ ခြံစည်းရိုးရှေ့ရောက်သော်
"ကိုခင်မောင်ရေ.. ကိုခင်မောင်"
သုံးလေးခွန်းအော်သောအခါ အိမ်အတွင်းမှလူတစ်ယောက်ထွက်လာပြီး ကျွန်တော်တို့ကို သေချာကြည့်နေသည်။ ပြီးမှ
"ဟာ ကိုဖိုးရွှေကြီးပါလား.. ခင်ဗျားမိန်းမကော . ကလေးတွေလဲဖိနပ်မပါနဲ့ ဘယ်လိုဖြစ်လာတာတုန်း"
"ကျွန်တော်တို့ ဒုက္ခရောက်လာလို့ပါ ကိုခင်မောင်ရေ."
"ဟုတ်လား လာလာ အိမ်ထဲကိုအရင်ဝင်ကြ ကလေးတွေကောလာ"
အိမ်ထဲတွင် နေရာချထားပေးပြီး ရေသောက်ရန် ရေခပ်လာပေးသည်။ စားစရာမုန့်များကိုပါ ချပေးသည်။ ကျွန်တော်တို့သည်လဲ ဟန်ပင် မဆောင်နိုင်တော့၊ ချလာပေးသော မုန့်များကို အားရပါးရစားကာ ရေကိုအ၀သောက်လိုက်သည်။ ပြီးမှ ကျွန်တော်တို့ညီအစ်ကို တစ် ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးမိကြသည်။ အဖေနှင့်ဦးခင်မောင်ကတော့ စကားပြောနေကြသည်။ အဖေက ဖြစ်ကြောင်း ကုန်စင်ကို ပြောပြနေသည်ထင်သည်။ ထိုအခိုက်အပြင်မှ အမျိုးသမီးတစ်ယောက်ဝင်လာသည်။
"ဟောတော့ ကိုဖိုးရွှေကြီးပါလား ဘယ်တုန်းကရောက်လဲ
ကလေးတွေတောင် ဒီအရွယ်ရောက်နေကြပြီကိုး မိန်းမကော ပါမလာဘူးလား"
"သူ့မိန်းမဆုံးသွားပြီး ဒုက္ခရောက်လာကြလို့တဲ့ မိန်းမရေ."
ဦးခင်မောင်ပြောသော စကားကိုကြားသောအခါ ထိုအမျိုးသမီးက
"အော် ကလေးတွေလဲ သနားစရာပါလား မ၀ိုင်း ... မ၀ိုင်း သွားရှာပြီပေါ့.."
"ကဲ ကျွန်မ ထမင်းစားဖို့ ပြင်လိုက်အုံးမယ် ရှိတာနဲ့ စားကြပေါ့.."
ထိုအသံကိုကြားသောအခါ ဗိုက်သည်ပို၍ ဆာလောင်လာသည်ဟု ထင်ရသည်။ အဖေ့ကိုလှမ်းကြည့်လိုက်သောအခါ ဦးခင်မောင်နှင့် စကားပြောနေသော အဖေ့မျက်လုံးထဲတွင် မျက်ရည်များ ၀ိုင်းနေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော်တို့၏ တသက်တာတွင် ကျွန် တော်တို့အတွက် မားမားမတ်မတ် ၊ တည်တည်တံ့တံ့ရပ်တည်ပေးခဲ့သော အဖေသည် ယခုအခါ ၀မ်းနည်းပူဆွေးခြင်း သောကများကို အပြည့်အနှက်ခံစားနေရသောကြောင့် အဖေ့၏ မျက်နှာသည် ညှိုးနွမ်းနေသည်။ ကျွန်တော်တို့ညီအစ်ကို စိတ်အားငယ်သွားမည် စိုးရိမ် သောကြောင့်သာ အဖေစိတ်ကိုထိန်း၍ ဘာမှမဖြစ်သကဲ့သို့ ကြိုးစားပြီးနေနေသည်။ အားတင်းထားပါအဖေ။ ကျွန်တော်တို့ မှီခိုနေရ သော မြင့်မိုရ်တောင်ကြီး ပြိုလဲမသွားပါစေနဲ့။
ထမင်းစားပြီးသည်နှင့် လောက၏ဒဏ်ကို ခံစားလာရသည်မှာ ပင်ပန်းလာသည်နှင့် ဧည့်ခန်းမှာပင် ညီအစ်ကိုနှစ်ယောက်အိပ်ပျော် သွားကြသည်။ မည်မျှကြာသွားသည်မသိ ၊ အိမ်ယာမှနိုး၍ ကြည့်လိုက်သောအခါ အခန်းတစ်ခုအတွင်းရောက်နေပြီ အပြင်ဘက်တွင် မိုးပင်လင်းနေသည်။ အခန်းအပြင်သို့ထွက်လိုက်သောအခါ
"ဟော နိုးပြီးလား .. မျက်နှာသစ်လိုက် ပြီးရင် ကောက်ညှင်းပေါင်းနဲ့ အကြော်စား"
"မင်းအဖေနဲ့ အစ်ကိုကတော့ စားပြီးသွားလို့ အိမ်ရှေ့မှာ မင်းဦးလေးနဲ့ စကားပြောနေတယ်.."
အမေ့ကဲ့သို့ပင် ကြင်နာတက်သော အမျိုးသမီးတစ်ဦးပါလား။ အမေ့ကို သတိရလာပြန်သည်။ စားပြီးအိမ်ရှေ့သို့ထွက်လာခဲ့သည်။ အိမ် ရှေ့တွင် ဦးခင်မောင်နှင့် အဖေတို့ စကားပြောနေသံကြားရသည်။
"မနက်ဖြန်မှသွားပါလား ကျွန်တော်လှည်းနဲ့လိုက်ပို့မှာပေါ့. ဒီနေ့တော့ လယ်ထဲက ပဲတွေသွားသယ်ရမှာဖြစ်နေလို့."
"ကိုခင်မောင်ကို အားနာလှပါပြီ ကျွန်တော်တို့ကို ဒီလောက်ထိကူညီတာပဲ အရမ်းကျေးဇူးတင်လှပါပြီ
လိုက်မပို့ပါနဲ့တော့ ဒီနေ့ပဲသွားလိုက်ပါမယ်..."
"အေးဗျာ နောက်နေ့ ကျွန်တော်လဲ လာခဲ့ပါ့မယ် ဘာမှအားမငယ်ပါနဲ့ဗျာ"
အဖေက ကျွန်တော်တို့ကို တချက်ကြည့်ပြီး " ကဲသားတို့ ခရီးဆက်ရအောင် "
အဖေသည်ပြောပြီး ဦးခင်မောင်ပေးလိုက်သော အထုပ်တစ်ထုပ်ကိုထမ်းပြီး နှုတ်ဆက်ကာ ထွက်လာခဲ့ကြသည်။ အဖေသည် ဖိနပ်မပါ သော ကျွန်တော်တို့ ညီအစ်ကိုကိုကြည့်ပြီး အဖေစီးသော ဖိနပ်ကိုချွတ်၍ အကို့ကိုစီးခိုင်းသည်။ ထမ်းလာသော အထုပ်တစ်ခုကို အကို့ အားပေး၍ ကျွန်တော့်အား
"သားလာ အဖေချီမယ်."
ပူပြင်းသော သဲများပေါ်တွင် ဖိနပ်မပါပဲလျှောက်ရသော ဒုက္ခမှာ မသက်သာလှ။ သို့သော် အဖေ့အား သနားမိသောကြောင့်
"ရပါတယ်အဖေ သားဒီအတိုင်းပဲ လျှောက်ချင်တယ်."
အဖေသည် ကျွန်တော့်အားတစ်ချက်ကြည့်ပြီး စိတ်မကောင်းစွာနှင့် ကျွန်တော့လက်ကိုဆွဲပြီး ခရီးဆက်ကြသည်။ အတန်လျှောက်မိ သောအခါ ခပ်လှမ်းလှမ်းမှာ ရွာတစ်ရွာကိုတွေ့လိုက်ရသည်။ ဤရွာသည် တစ်ချိန်က အဖေ၊အဖေ အစ်ကိုတို့နှင့် ပျော်ရွှင်စွာ နေထိုင် လာခဲ့သော အမေ့၏ ဇာတိရွာဖြစ်သည်ကို ပြန်မှတ်မိလေသည်။ ရွာကိုလှမ်းမြင်သောအခါ စိတ်ထဲတွင်ပျော်သွားမိသည်။ ခရီးဆုံးရောက် တော့မည်။ သို့သော် ရှည်လျားလှသည့် ဘ၀ခရီးကိုတော့ ဘယ်လိုကြမ်းတမ်း ခက်ခဲ ပင်ပန်းစွာဖြင့် ဖြတ်သန်းရမည်ကိုတော့ မသိနိုင် သေးပေ။
မည်သို့ပင်ဖြစ်စေ ရွာ၏အရိပ်ရောင်ကို မြင်တွေ့ရသောအခါ အားအင်များပင် ပြန်ပြည့်လာသည်ဟုပင် ထင်ရသည်။ နွမ်းနယ်နေသော ဘ၀၏ နားခိုရာတစ်နေရာကို ရေးရေးလှမ်းမြင်နေရပြီ မဟုတ်ပါလော။
အဖေနှင့် အစ်ကိုတို့၏ မျက်နှာများတွင် ၀မ်းသာသောအပြုံးများကို တွေ့မြင်နေရသည်။ အဖေသည်လှမ်းမြင် နေသော ရွာကိုခေတ္တမှ မျက်တောင်မခတ် စိုက်ကြည့်နေသည်။ အဖေ့စိတ်ထဲတွင် မည်သို့တွေးနေမည်မသိပေ။ ဘာအတွက်ကြည့်နေသည်ကိုလဲ မသိပေ။
ရွာထဲဝင်လိုက်သောအခါ ထနောင်းပင်နှင့် အရိပ်များကို ကြိုဆိုနေပြီး ထန်းပင်များကလဲ ဘယ်ညာယိမ်းကာ နှုတ်ဆက်နေကြသည်။ ခြောက်ကပ်နေသော ရင်ထဲတွင် နွေးထွေးမှုများ ပြန်လည်သက်ဝင်လာခဲ့သည်။

အပိုင်း ( ၆ ) ဆက်လက်ဖတ်ရှုရန် ...
ဖတ်ရှုရန် အပိုင်း ( ၁ ) ၊ အပိုင်း ( ၂ ) ၊ အပိုင်း ( ၃ ) ၊ အပိုင်း ( ၄ )
စာဖတ်သူတို့အား အစဉ်လေးစားလျှက်
မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)
မင်္ဂလာပါ..
ReplyDeleteအပိုင်း ၅ ကနေ စပြီး ဖတ်ရတာ ဘာမှန်းမသိသေးဘူး။ အေးအေးဆေးဆေးမှ အကုန်ဖတ်အုံးမယ်။ ဖြစ်ရပ်မှန်ဆိုလို့ ပိုစိတ်ဝင်စားတယ်။
ခင်မင်စွာဖြင့်
ကိုမျိုး
သေသေချာချာ စောင့်ဖတ်တာပါ။တကယ်ကိုဆွဲဆောင်မှု ရှိလွန်းလို့ ရင်ထဲမှာတောင် မော လာမိတယ်။
ReplyDelete