Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Tuesday, February 23, 2010

မီးဘေးကယ်ဆယ်ရေး နှင့် အလှူ Data


2010 ခုနှစ် ဖေဖော်ဝါရီလ 21 ရက်နေ့ ညနေ 5 နာရီအချိန်မှာ မကွေးမြို့နယ် ကံသာကြီးကျေးရွာမှာ မီးလောင်မှုဖြစ်သွားခဲ့ပါတယ်။ ဒီအ တွက်ကြောင့်ပဲ ကျွန်တော်တို့ ခရီးသွားမည့် အစီစဉ်ကို ပယ်ဖျက်ပြီး မီးဘေးတွင် တပ်အားသမျှ ကူညီရန် 22 ရက်နေ့မှာ ပြင်ဆင်ခဲ့ပါတယ်။ 21 ရက်နေ့ လောင်တဲ့ညတွင် မြို့ပေါ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ ရပ်မိရပ်ဖများ မိဘပြည်သူများအနေဖြင့် အားချင်းပင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပါတယ်။ ညတွင်းချင်းပင် မြို့ပေါ်ရပ်ကွပ်များ လှည့်လည်ကာ မီးဘေးသင့် ကံသာကြီးကျေးရွာအား ကယ်ဆယ် ရေးအတွက် နိုးဆော်ခဲ့ပါတယ်။

22 ရက်နေ့ တနလာင်္နေ့မနက်မှာ ကျွန်တော်တို့ ပုံမှန်အတိုင်း ဘုရားကြီးသန့်ရှင်းရေး သွားရောက်ခဲ့ကြပါတယ်။ ဘုရားကြီးက ပြန်ဆင်းလာ ပြီးတဲ့နောက် မနက်စာစားဖို့ ဆိုင်မှာထိုင်ကြပြီး မီးဘေးအတွက်ကူညီရေး အစီစဉ်များ ပြောကြားကာ အသင်းသားများထံမှ အလှူငွေများ ကောက်ခံခဲ့ပါတယ်။ ပြီးနောက်လမ်းခွဲပြီး မီးဘေးအတွက် ပြင်ဆင်စရာရှိတာများ ပြင်ဆင်ကြပါတယ်။ ကျွန်တော်လဲ အိမ်ပြန်ပြီး မီးဘေးအ တွက် လိုအပ်သော အ၀တ်အထည်များအား အိမ်နီးနားချင်းများ ၊ သူငယ်ချင်းများထံ အလှုခံခဲ့ပါတယ်။ ဖေဖေဆုံးပြီး နောက်ပိုင်း ၀တ်မဲ့သူ မရှိတဲ့ ဖေဖေအ၀တ်စားများကိုလဲ အမှတ်တရလောက်ပဲချန်ကာ မေမေခွင့်ပြုချက်ဖြင့် လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။

ပြီးတဲ့နောက် နံနက် 11 နာရီခွဲလောက်မှာ ချိန်ထားတဲ့ နေရာမှာ အသင်းသားတွေ စုစည်းခဲ့ကြပါတယ်။ လှူဒါန်းဖွယ် ပစ္စည်းတွေကို အား လုံးတက်ညီ လက်ညီ ပြင်ဆင်ကြတယ်။ ပြီးနောက် နေ့လည် 1 နာရီကျော်လောက်မှာ ကျွန်တော်တို့ အသင်းသားတွေအားလုံးဟာ မကွေးမြို့မှ မီးဘေးသင့် ကံသာကြီးကျေးရွာသို့ လှူဖွယ်ပစ္စည်းများနှင့် ထွက်ခွာခဲ့ကြပါတယ်။ ကျွန်တော်တို့ လှူဒါန်းမယ့် ပစ္စည်းတွေက တော့ ဆန် 175 ပြည်၊ အ၀တ်အထည်စုစုပေါင်း အထည် 800 ကျော်၊ အသင့်စား ပဲခြမ်းလ္ဘက်ထုပ် 50 နှင့် ငွေသား 4000 တို့ဖြစ်ပါတယ်။

အခုလို လှူဒါန်းဖွယ်ရာများမှာ ကျွန်တော်တို့ အသင်းလူငယ်တွေပဲစုပြီး တပ်အားသမျှ လှူဒါန်းခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ အရင်ဆုံး မကွေး - မန္တလေးကားလမ်းနံဘေးမှာ ဖွင့်ထားတဲ့ ကံသားကြီး စာသင်ကျောင်းထဲက ကယ်ဆယ်စခန်းကို ၀င်ရောက်ခဲ့ပါတယ်။ ၀င်လိုက် ပြီဆိုရင်ပဲ ကြက်သီးထလောက်အောင် မြင်တွေ့ရပါတယ်။ ရွာသူရွာသားများရဲ့ မျက်နှာများမှာ အလွန်ကို ညှိုးနွမ်းနေကြပါတယ်။

ကယ်ဆယ်ရေးစခန်းမှာ ကားကိုရပ်ပြီး ကားပေါ်မှာတင်ထားတဲ့ ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများကို စာရင်းနှင့် အပ်နှံခဲ့ပါတယ်။ မီးလောင်ပြင် ရွာတည်ရှိသောနေရာတောင် မရောက်သေး အတော်ပင်စိတ်မကောင်းဖြစ်နေခဲ့ရသည်။ ထို့နောက် ကျွန် တော်တို့ အသင်းသားတွေအားလုံး စီးလာသော ဆိုင်ကယ်များအား စခန်းမှာ ရပ်ခဲ့ပြီး ပစ္စည်းများချထားသော ဂျစ်ကားနှင့် ရွာဘက်ထွက် ခဲ့သည်။ သိပ်မဝေးလှရွာနှင့် ၊ အနည်းငယ်သာ လှမ်းတော့သည်။

ရွာထဲရောက်တော့ အံ့သြသင့်ဖွယ် ။ ရွာကြီးတစ်ရွာဖြစ်သော ကံသာကြီးကျေးရွာမှာ အခုတော့ ဘောလုံးကွင်း တည်ဆောင်ဖို့ မြေထိုးစက် နဲ့ထိုးထားတဲ့ လွင်ပြင်ကြီးတစ်ခုနှယ် ။ မီးအားပြင်းသည် မပြင်းသည်တော့ မပြောလို့ ။ မီးကျွမ်းနေပြီး ထောင်နေသောတိုင် တစ်ချောင်း တစ်လေတောင် မတွေ့ရ ။ ပြာအတိနှယ် ။ စပါးကျီတို့ ဘာတို့မှာ မီးအရှိန်မသေသေး ။ တငွေ့ငွေ့လှောင်ကျွမ်းတုန်းပင်။

မီးလောင်ပြင်မှာ မည်သူမှမရှိ ။ အိမ်ရှင်များအား သက်ဆိုင်ရာက လူကြီးများနှင့် တွေ့ဆုံဖို့ ကယ်ဆယ်ရေးစခန်းထဲမှာ စုနေကြခြင်းပင်ဖြစ် သည်။ မီးလောင်ပြင်တွင် ကျွန်တော်တို့ အဖွဲ့နှင့် လုံခြုံရေး ရဲတပ်ဖွဲ့အချို့၊ မီးသတ်အချို့သာရှိသည်။ ပုံမှန်ဆိုရင် ၀င်ခွင့်မရှိသော်လဲ ကျွန် တော်တို့ ချောမောစွာ ၀င်ခွင့်ရခဲ့သည်။ လူငယ်တွေပီပီ ၀င်ရောက်စူးစမ်းသည့် အနေနှင့် ဟိုဝင်ကြည့် ဒီဝင်ကြည့် ဟိုလျှောက်ကိုင် လုပ်နေ ကြသည်။ သိပ်မကြာပင် ကျွန်တော်တို့နားကို နှစ်ပွင့်နဲ့ ရဲတွေရောက်လာပြီး မေမြန်းသည်။ စိတ်မပူပါနဲ့ အစ်ကို ကျွန်တော်တို့ ဒီကိုရောက် လာတာ မီးဘေးကယ်ဆယ်ရေးနဲ့ နောက်ပြီး အလှူရှင်တွေပါ။ အဖြစ်ပျက်ကို ၀င်ကြည့်ရုံလောက်ပါ။ လို့ ကျွန်တော်ပြောလိုက်တယ်။ တာ ၀န်ကျ အရာရှိငယ်များကလဲ ဖော်ရွေစွာနဲ့ပင် ပြန်လည်ပြောဆိုခဲ့ကြပါသည်။

နေ့လည် 3 နာရီကျော်ကျော်လောက်မှဖြင့် ကျွန်တော်တို့ အဖွဲ့ဝင်တွေအားလုံးဟာ မီးဘေးသင့် ကံသာကြီးကျေးရွာမှ ပြန်လည်ထွက်ခွာ ခဲ့ကြပါသည်။ မပြန်ခင် သူငယ်ချင်းကနောက်သေးသည်။ ကဲအားလုံးပဲ ပြန်ရအောင်ဟေ့ မဟုတ်ရင် ငါတို့နောက် လိုက်နေတဲ့ ရဲတပ်ဖွဲ့ တပ်ခွဲ တစ်ခွဲလောက်ဖြစ်သွားမယ်တဲ့။ ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲ သူတို့လဲ တာဝန်အရ ထမ်းဆောင်နေခြင်းဆိုတာ ကျွန်တော်နားလည် မိပါတယ်။ မီးလောင်ပြင်မှကို မည်သူမှမထိရသေး။ ခဏအကြာမှ အိမ်ရှင်များကို ကောက်လို့ရမယ့် ပစ္စည်းများ ကောက်ခွင့်ပေးမည် ဖြစ် သည်။ ထိုသို့အချိန်မှာ ကျွန်တော်တို့ အပြင်လူတွေပေးဝင်တာတင် တော်တော်လေးအခွင့်ရနေပြီဖြစ်သည်။

စိတ်မကောင်းခြင်း ဖြစ်ရသော်လည်း တက်အားသမျှ လှူဒါန်းခြင်းမှလွဲပြီး မတက်နိုင်ဖြစ်ခဲ့သည်။ မီးမည်သည့်မှ စ၍ လောင်သည်ကိုလဲ သေချာ ဂဂနနမသိခဲ့ရပေ။ မီးဘေးသင့် ကံသာကြီးနှင့် တနလာင်္အသင်း၏ မီးဘေးအလှူတို့ကို ဓာတ်ပုံနှင့်တကွ ဖော်ပြချင်ခဲ့သော်လည်း ဖော်ပြခွင့် မရဖြစ်ခဲ့သည်။ ကယ်ဆယ်ရေးစခန်းရောက်လျှင်ရောက်ခြင်း ဓာတ်ပုံရိုက်ဖြစ်သည်။ နောက် မီးလောင်ပြင်ရောက်တော့ ဓာတ်ပုံ အနည်းငယ်ရိုက်ဖြစ်သည်။ ထိုအချိန်မှာပဲ တာဝန်ကျ အရာရှိနှစ်ယောက်ရောက်လာပြီး အစ်ကို ဘယ်အဖွဲ့စည်းကလဲတဲ့ ။ ဟာ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ အလှူရှင်တွေပါ။ အော် ဒါတို့ရင် ကျွန်တော်တို့နဲ့ စခန်းခနလိုက်ခဲ့ပေးပါနော်။ ဘာလို့ ။ ဒီနေရာမှာ ဓာတ်ပုံရိုက်ခြင်း တားမြစ်ထားပါတယ်။ သြော် ဟုတ်ပြီလေ ကျွန်တော်လိုက်ခဲ့ပါမယ်။ စိတ်မရှိပါနဲ့ ကျွန်တော်တို့ တာဝန်အရမလို့ပါ။ နားလည်ပါတယ် အစ် ကို။ ထို့နောက် ရဲနောက်နှစ်ယောက် ကားပေါ်တင်ပြီး ကျွန်တော် ကယ်ဆယ်ရေးစခန်းဘက်ကို ထွက်လာခဲ့သည်။

ကယ်ဆယ်ရေးစခန်းရောက်တော့ အရာရှိကြီးနှင့် တွေ့ပေးသည်။ ကျွန်တော်အကြောင်းစုံရှင်းပြလိုက်သည်။ ဒီဓာတ်ပုံရိုက်ရတာဟာ ဘယ်အတွက်မှ မဟုတ်ကြောင်း၊ ကျွန်တော်တို့အသင်းလေး အလှူကို မှတ်တမ်းတင်ချင်တာပါ။ ဒါနဲ့သူက ဒီမှာ ဓာတ်ပုံရိုက်ခွင့်မရှိ ကြောင်း ပြန်ဖျက်စေလိုကြောင်း ပြောတာနဲ့ ရှိသမျှပုံလေးတွေ အကုန်ဖျက်ပေးလိုက်ရပါတယ်။ ပြန်တော့လမ်းမှာ ဘော်ဒါတွေက ပြောပါ တယ်။ မင်းပုံစံက သတင်းထောက်နဲ့တူတယ်တဲ့ အဲဒါကြောင့် မင်းကိုခေါ်စစ်တယ်ဖြစ်လိမ့်မယ်တဲ့ ။ ဘာလို့လဲဟ။ မင်းပုံစံကြည့်လေကွာ ဖိနပ်က Shoe ။ ဘောင်းဘီက ပြောက်ကျားအရှုံ့၊ အပေါ်က ကုတ်အကျီ ။ လည်ပင်းမှာပါ ဆွဲထားသေးတယ်။ နောက်က ကျောပိုးအိပ်မှာ ကတိုးလို့တွဲလောင်းတွေပါသေးတယ်။ (ရေဘူးတို့ဘာတို့အစုံပဲ) မျက်နှာမှာက နှာခေါင်းစည်းတွေကော လက်ထဲမှာလဲ ဖုန်းတစ်လုံးနဲ့ ရိုက်နေတာကိုတဲ့ ။ သြော် ငါ တကယ်ပဲသတင်းထောက်နဲ့တူသွားတာလား မဟုတ်ရပါဘူး အရပ်ကတို့ရေ.။

ဒီသတင်းလေးကို ပြန်ရောက်တဲ့ ညနေခင်းလေးမှာပဲ တင်ချင်ပေမယ့် အရမ်းပင်ပန်းတာကြောင့် စောစီးစွာ အိပ်ရာဝင်ခဲ့ပါတယ်။ မနက် ရောက်ပြန်တော့ မေမေနှင့် ဘဏ်လိုက်သွားလိုက်တာ နေ့တ၀က်ကျိုး။ မနက်စာကိုတောင် စားတာနောက်ကျနေပြီ။ ဒါတောင်အပြေး လွား ကိုယ့်ကိုစောင့်နေတဲ့သူရှိလို့ ။ သူငယ်ချင်းရဲ့အဖေရောက်လာတယ်။ ကျွန်တော်ဟိုတစ်နေ့က Stick နဲ့ထည့်ပေးလိုက်တဲ့ အလှူ Data တွေအားလုံး ဖွင့်မရကြောင်း ။ လာပြောတယ်။ ကျွန်တော်လဲ ခေါင်းနပမ်းကြီးသွားသည်။ ဒါနဲ့ဖွင့်ကြည့်လိုက်တော့ အားလုံး Error တက် နေတယ်။ ဘယ်လိုမှဖွင့်မရတော့ ။ ကျွန်တော်မှာ Backup File လဲမရှိ သေချာတာတစ်ခုကတော့ နေကုန်ပြန်လုပ်ရတော့မည် ။ မနည်း သော Data ပါ။ ဒါနဲ့ပဲ မလျှော့သော ဇွဲနဲ့ လုပ်ပေးလိုက်တယ်။ ကြာချိန် 4 နာရီပေါ့။ ပြီးလဲပြီးရော ပျိုင်းလဲပျိုင်းရော ။ ဒါနဲ့ အိမ်ပြန်ခဏအိပ် တယ်။ ရေမိုးချိုးပြီးမှ ဆိုင်ဘက်ထွက်လာပြီး ဒီ Post လေးကို တင်လိုက်တာပါ ။ ကဲ ကျွန်တော်ကူညီပေးနေတဲ့ အများကောင်းမှု ကျောင်းအလှူကြီးဟာဆိုရင် လာမယ့် စနေနေ့ 27 ရက်နေ့မှာ ရေစက်ချ လှူဒါန်းတော့မှာ ဖြစ်ပါတယ်။ အားလုံးပဲ သာဓုခေါ်ဆိုနိုင်ပါစေ.

သတင်းထောက်လို့ အထင်ခံရတဲ့ ကျွန်တော် :)
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

1 comment:

  1. မင်္ဂလာပါ..

    အလှူအားလုံးအတွက် သာဓု သုံးကြိမ်ခေါ်ဆိုပါတယ်ကွယ်။

    သတင်းထောက်လို့ ထင်မယ်ဆိုလဲ ထင်စရာကွဲ့။

    ခဏလိုက်ခဲ့ပါဆိုပြီး ပြန်လွှတ်လိုက်လို့ တော်ပါသေးရဲ့ကွယ်။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete

Related Posts with Thumbnails