ကျောင်းတွင် သူမကို စတွေ့ချိန်မှာ ကျွန်တော်ဝမ်းသွားနေပါတယ်။ သူမသိပ်လှပါတယ်။ ပန်းတို့ပွင့်ဖူးစမှာ ရနံ့တို့ တလှိုင်လှိုင် ထွက်သလို သူမအနားက ဖြတ်ကူးစမှာ ကျွန်တော့်ရဲ့ အလွမ်းတို့ တဖြိုင်ဖြိုင် ကြွေကျခဲ့ရပါတယ်။
သူမက ဆံပင်တို့ ၀ဲခါသွားအောင်ပြုတယ်။ ကျွန်တော်ကတော့ လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိပါတယ်။ သူမကို လွမ်းနေတုန်းမှာပဲ ၀မ်းတို့က တလဟော ထွက်ချင်လာတယ်။ ဒါနဲ့ပဲ ကျောင်းရဲ့အိမ်သာကို ၀မ်းသာစွာနဲ့ပဲ ပြေးခဲ့ရပါတယ်။ ကျွန်တော့်ကို ကျွန်တော် မကျေနပ်ခဲ့ပါ။
သူမက စံပယ်ဖူးလေးလို ချစ်စရာကောင်းသလောက် ကျွန်တော်က စာကလေးလောက်ပဲ လှခဲ့သူပါ။ ထိုအတွေးတို့ တွေး မိချိန်တုန်းက ကျွန်တော်အိမ်သာထဲမှာပါ။ သူ့ကိုချစ်တဲ့ အချစ်ရယ်….. မခံမရပ်နိုင်လို့ ထွက်လာတဲ့ ရင်ထဲက အညစ်ရယ် ဟာ သွားဆုံမိတယ် ထင်ပါရဲ့။
ကျွန်တော့်နားမှာ ကောင်းကင်ကြီး ပြိုကျသလို ဖြစ်နေတယ်။ အကြားမတော်တဲ့ လူတစ်ချို့တောင် တံခါးခေါက်ပြီး ‘ တိုးတိုးလုပ် ’ ဟု ဆိုသွားကြတယ်။ အချစ်ရယ်.. ကိုယ်ဟာ ဘာမှန်းမသိတဲ့ နက္ခတ်နဲ့ မွေးလာတဲ့ကောင်ပါ။ အဲ့ဒါ သိပ်ဆိုး တဲ့ နက္ခတ်လို့ တစ်ချို့က ဆိုကြတယ်။ ဒါနဲ့ ကိုယ်ကြောက်သွားတယ်။ အဲဒီတော့ ထုံးစံအတိုင်း ဗေဒင် မေးကြည့်တာပေါ့။
“ မင်းမွေးတဲ့ နက္ခတ်က အချစ်ကြောက်တဲ့ နက္ခတ်ပဲ ”
“ ဗျာ၊ တကယ်လား ဆရာ ”
“ ယတြာချေလို့ မရဘူးလား ဆရာ ”
“ အင်း…”
ဗေဒင်ဆရာ အနည်းငယ် အခက်တွေ့သွားပုံရတယ်။ နောက်ဆုံး စိတ်ညစ်ညစ်နဲ့
“ မရဘူးကွ ” လို့ ဆိုတယ်။
ဘာပြောကောင်းမလဲ အချစ်ရယ်။ အဲဒီတုန်းက ကိုယ်စိတ်ဓာတ်ကျတာ အရမ်းပဲ။ ဒါနဲ့ ကိုယ်လည်း ရုပ်ရှင်တွေထဲက မင်းသားတွေ စိတ်ဓာတ်ကျတဲ့ အိုက်တင်ယူပြီး ဘောင်းဘီထဲလက်နှိုက်ကာ ပလက်ဖောင်းဘေးက လျှောက်နေခဲ့မိတယ်။
တကယ်ပါ။ အဲ့ဒီတုန်းက ကိုယ်ကြေကွဲတာ လရောင်မြင်ဖူးတဲ့ လူသားတိုင်း သိပါတယ်။ ကိုယ်ဆိုမိတဲ့ ကဗျာတစ်ပုဒ်တောင် ရှိတယ်။ ဘာတဲ့….
နှလုံးသားမှာ
အလွမ်းရှိတယ်ဆိုရင်
အခြားဘယ်နေရာမှာရော
အလွမ်းနေထိုင်ပါသေးသလဲ။
ပြောပြပါလေ
တစ်ချိန်ကျရင်
သူရှိတဲ့နေရာကို
ရှောင်သွားချင်လို့ပါ။
နောက်ဆုံး အကြံတစ်ခုရသွားတယ်။ ကိုယ့်ကိစ္စကို ဗေဒင်ဆရာ မကူညီနိုင်ရင် နတ်ဆရာဆီသွားမယ် ဆိုပြီးတော့ပါ။ ကိုယ် ဟယ်ရီပေါ်တာ သိပ်ကြိုက်တယ်။ ဒါပေမယ့် ကိုယ် နတ်ဆရာကို ကြောက်နေတယ်။ ဘာမှမဆိုင်မှန်းတော့ သိပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ လူတွေဟာ မဆိုင်တာပြောရင် အထင်ကြီးခြင်းခံရတယ်ဆိုလို့ ပြောကြည့်တာပါ။
အဲ့ဒီလိုနဲ့ ကိုယ် နတ်ဆရာဆီ ရောက်သွားတယ် ဆိုပါတော့…။
“ ဘာကိစ္စလဲ ”
“ အဲ့ဒီလို … အဲ့ဒီလို ကိစ္စကြောင့် ”
“ သြော်၊ အေး၊ သိပြီ ခဏစောင့် ”
ဆိုပြီးတော့ လူငယ်တွေ ဟစ်ဟော့စတိုင်အတိုင်း လက်ကားယား ခြေကားယား လုပ်နေလေရဲ့။ ကိုယ်လေသွားတယ်…။ သူက ‘ က ’ ကြီးနဲ့ စရမယ့် ‘ ကိစ္စ ’ ကို ‘ ရ ’ ကောက်နဲ့ ‘ ရစ် ’ နေတဲ့အတွက် ကိုယ်က ‘ တ ’ ၀မ်းပူနဲ့ တင်းသွားတာပေါ့။ ထားလိုက်ပါ။ သူက ဆက်ပြောတယ်။
“ မှော်ဝင်နေတယ်…. ” တဲ့။
ကိုယ် နားမလည်ခဲ့ပါဘူး။ မှော်ဆိုတာ ဘာကိုပြောတာလဲ။ ရေကန်ထဲက မှောက်ကိုပြောတာလား။ ကိုယ်သူ့ကို ကြောက်လို့ ပြန်မမေးခဲ့ပါဘူး။ ဒါနဲ့ သူက နောက်ဆုံးစကားဆိုတယ်။
“ မင်းရဲ့ ချစ်သူက မင်းကို ပြန်ချစ်လာစေချင်တာမှတ်လား ”
“ ဟုတ်ကဲ့ ”
“ ဒါဆို မင်းကိုယ့်ပါးကိုယ် ပြန်နမ်းနိုင်တဲ့ တစ်နေ့ မင်းရဲ့ ချစ်သူက မင်းကို ပြန်ချစ်လိမ့်မယ်။ ”
“ အို ”
တကယ်တမ်းပြောရရင် မဖြစ်နိုင်မှန်းသိရက်နဲ့ ကိုယ်ပျော်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မှာ မျှော်လင့်ချက်ရှိသွား လို့လေ။ ကိုယ့်ပါးကိုယ်ပြန် နမ်းနိုင်တဲ့နေ့……။ ဒါဟာ ကိုယ့်ရဲ့ မျှော်လင့်ချက်ပါ ချစ်သူ။ ဒါနဲ့ ကိုယ့်ပါးကိုယ် ပြန်နမ်းနိုင်အောင် နေ့တိုင်းပဲ လေ့ကျင့်နေခဲ့မိတယ်။ အနမ်းသည် တစ်ခါတစ်ခါ ဘာမှန်းမသိပေမယ့် ကိုယ်ကတော့ ဒီလို ခံယူထားပါတယ်။
အလွမ်းသည် အလွမ်းတိုင်း နေပါစေ။
အနမ်းအား မနှောင့်ယှက်ရ။
နားမလည်ဘူးထင်တယ်…. ချစ်သူ။ ဒီလိုပါ။
ချစ်သူအား နမ်းဖူးသည့် အနမ်းတို့သည် ရင်မှာ နွေးထွေးနေချိန်တွင် အလွမ်းသည် အနမ်းအား ၀င်ရောက် နှောင့်ယှက်ခြင်း မပြုရဟု ဆိုလိုပါတယ်။ အဲဒီလိုနဲ့ လေ့ကျင့်လာခဲ့လိုက်တာ အခုထိ ကိုယ့်ပါးကိုယ် မနမ်းနိုင်သေးပါဘူး။
တစ်နေ့မှာပေါ့…။ အမျိုးသမီး တစ်ယောက်နဲ့ တွေ့တယ်။ ကိုယ်လည်း ပျင်းနေတာကြောင့် သူနဲ့ စကားပြောဖြစ်တယ်။
“ နာမည် ဘယ်လိုခေါ်လဲ။ ”
“ မကျင်ပု ”
“ ဘယ်မှာနေလဲ ”
“ ငပုတော ”
ကိုယ်ဆက်မမေးရဲတော့ဘူး။ ကိုယ်နောက်မေးတဲ့ မေးခွန်းတိုင်း မှာ ‘ ပု ’ တာတွေကိုပဲ ပြောနေမှာစိုးလို့လေ။ ဒါနဲ့ သူက ကိုယ့်ကို ပြန်မေးပါလေရော…။
“ နာမည် ဘယ်လိုခေါ်လဲ။ ”
“ မောင်လှရှည် ”
“ ဘယ်မှာနေလဲ ”
“ ရေတာရှည် ”
သူလည်း ထပ်မမေးတော့ပါဘူး။ ဒါနဲ့ ကိုယ်တို့ ဘေးက လူကြီးတစ်ယောက်က ၀င်မေးတယ်။
“ ဘာလုပ်နေတာလဲ …” တဲ့။
“ အမေးအဖြေ လုပ်တန်း ကစားနေတာလေ ”
လို့ ကိုယ်က ပြန်ဖြေလိုက်တယ်။
“ မသိပါဘူး။ မင်းက အဲဒီ ကောင်မလေးကို သမ္မာကျမ်းစာထဲက အတိုင်း မင်းရဲ့ နံရိုးတစ်ဖက် ဟုတ်မဟုတ် စစ်ဆေး နေတာလားလို့ပါ ”
“ ဟင် ”
ကိုယ်တကယ် တွေဝေသွားတာပါ။ ဒါဆို သမ္မာကျမ်းစာထဲကအတိုင်း မင်းဟာ ကိုယ့်ရဲ့ နံရိုးတစ်ဖက်ရော မဖြစ်နိုင်ဘူးလား။ ဘုရားသခင်သည် ယောကျာင်္းတည်းဟူသော လူ၏ နံရိုးတစ်ဖက်အား ထုတ်ယူ၍ မိန်းမတည်းဟူသော လူအား ဖန်ဆင်း၏လို့ သမ္မာကျမ်းစာထဲမှာ ပါတယ်။
ဒါနဲ့ ကိုယ်မင်းကို နမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဟုတ်တယ်လေ။ မင်းဟာ ကိုယ့်ရဲ့ နံရိုးဆိုရင် မင်းရဲ့ ပါးတစ်ဖက်ကလည်း ကိုယ့်ရဲ့ အစိတ်အပိုင်း တစ်ခုပဲပေါ့။ အဲဒါဆို နတ်ဆရာပြောတဲ့အတိုင်း ကိုယ့်ပါးကိုယ် နမ်းနိုင်ရင်..။ တစ်နေ့ မင်းကိုတွေ့တော့ ဘာမပြောညာမပြောနဲ့ ကိုယ်နမ်းလိုက်မိတယ်။
“ ရွှတ် ”
“ ဖျန်း ”
ကိုယ်က နှာခေါင်းနဲ့ပဲ နမ်းခဲ့တာကို မင်းက လက်ဝါးနဲ့ ပြန်ရိုက်တယ်ပေါ့။ ထားပါလေ…။ မင်းက ကိုယ့်ရဲ့ နံရိုးတစ်ဖက် မဟုတ်ဘူးလား..။ ဒါဆို ကိုယ့်ရဲ့ နံရိုးတစ်ဖက်ရော….။ တစ်နည်းပြောရရင် ကိုယ့်ရဲ့ ပါးတစ်ဖက်ရော…။ သေပြီ…။
ကောင်မလေးရေ…. ငါ့ရဲ့ ပါးတစ်ဖက်မှန်မမှန် မိန်းကလေး အားလုံးကို လိုက်နမ်းကြည့်ရမယ်ထင်ပါရဲ့…။
Own Writter – Luu Nay
စာဖတ်သူတို့အား အစဉ်လေးစားလျှက်…..
မျှော်လင့်သူ
No comments:
Post a Comment