Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Tuesday, March 5, 2013

ရှေးနှစ်ပေါင်း (၅၀၀) ကျော်မှ မဟာမုနိ နှီးဘုရားကြီး




မဟာမုနိနှီးဘုရားရုပ်ပွားတော်ကြီးသည် လွန်ခဲ့သည့်နှစ်ပေါင်း (၅၀)ခန့်ကတည်းက ကလောမြို့၊ပင်မာကုန်း ကျေးရွာတွင် တည်ရှိနေပြီး သစ်စေးသုတ်ထားသည့် နှီးဘုရား ကိုယ်တော်ကြီးသည် မိုး၊လေ မလုံခြုံသော အဆောက်အဦးထဲတွင် စံနေတော်မူပြီး ယနေ့ထိ မပျက်စီးဘဲ တည်ရှိနေခဲ့ပါသည်။ ယခင်က နှီးဘုရားကြီးနှင့်အတူ ရှေးဟောင်းသစ်သားဘုရား ရုပ်ပွားတော်များ အများအပြားရှိခဲ့ပြီး ယခုအခါမသမာသူများ ခိုးယူမှုကြောင့် လုံးဝမကျန်တော့ဘဲ ပျောက်ဆုံးခဲ့ရပါသည်။ နှီးဘုရားကြီးသာ ပင့်ဆောင်မရ၍ ကျန်ခဲ့ခြင်းဖြစ်ပါသည်။

သမိုင်းပညာရှင် ဒေါက်တာ ဦးခင်မောင်ညွန့်လာရောက် ကြည့်ရှုပြီး စစ်ဆေး မှတ်တမ်းတင်ချက်အရ နှီးဘုရားကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀)ကျော်၊ ပထမအင်းဝခေတ်က ထုလုပ် ကိုးကွယ်ထားခဲ့သည်ဟု ခန့်မှန်းထားပါသည်။ ဘုရားကြီး၏ မုနိတော်မှာ အချွန်ဖြစ်နေခြင်း၊ နားရွက်တော်နှင့် ပုခုံးတော်မထိခြင်း၊ သင်္ကန်းတော်မှာ ၀ဲဘက် ရင်ဘက်တော်နားတွင် ရှိနေခြင်းကြောင့် ပထမအင်းဝခေတ်က ထုလုပ် ကိုးကွယ်ခဲ့သည်ဟု ခန့်မှန်းကြောင်း၊ နှီးဘုရားကြီး၏ သင်္ကန်းတော်မှာ တင်ပါးအောက်ထိ ဖုံးအုပ်နေခြင်းကြောင့် ရှေးဘုရင်များ ကိုးကွယ်ခဲ့ကြောင်း ခန့်မှန်းရပါသည်။

မသမာသူများ ခိုးယူပင့်ဆောင်၍မရသော နှီးဘုရားကြီးအား ယခုလက်ရှိစံမြန်းနေသော ကျောင်းဆောင်တော်သို့ ဆရာတော်ကိုယ်တိုင် ပင့်ဆောင်သောအခါ အံ့သြစရာကောင်းလောက်အောင် လွယ်ကူစွာပင့်ဆောင်၍ ရရှိလာပြီး ယနေ့ဖူးမျှော်မြင်တွေ့နေရသည့် အတိုင်း နှီးဘုရားကိုယ်တော်ကြီးသည် ရွှေအတိပြီးသည်အထိ အလှူဒါယကာ - အလှူဒါယကာမများ တစ်ဦးပြီးတစ်ဦး ပေါ်ပေါက်လာကာ ရွှေရောင်တ၀င်းဝင်းဖြင့် သပ္ပာယ်စွာ စံမြန်းတော်မူနိုင်သည်အထိ သာသနာပြုဆောင်ရွက်နိုင်ခဲ့ပါသည်။ ဆရာတော်၏ သီလ အဓိဌာန်တန်ခိုးတော်ကြောင့် ယခုအခါ ကျောင်းဆောင် အဆောက်အဦးများအပြင် ကမ္မဌာန်း ကျောင်းများ၊ စေတီတော်များ ရွှေရောင်တ၀င်းဝင်းဖြင့် သပ္ပာယ်စွာ တည်ရှိလာခဲ့ပါသည်။

ယခင် ပြုပြင်မည့်သူမရှိ မိုးထဲ၊ လေထဲတွင် စံမြန်းခဲ့ရသော ရှေးနှစ်ပေါင်း (၅၀၀)ကျော်မှ မဟာမုနိနှီးဘုရား ကိုယ်တော်ကြီး၏ တန်ခိုးတော်ကြောင့်လည်းကောင်း၊ ဆရာတော် ဦးကုသလ၏ သာသနာပြုလုပ်ငန်းများကြောင့် လည်းကောင်း ယခုအခါတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ၊ နိုင်ငံအရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားတိုးတက်လျက် ရှိသည်မှာ အံ့သြဖွယ်ပင်ဖြစ်ပါသည်။

နှီးဘုရားကြီး၏ ထူးခြားချက်များ

(၁) နှစ်ပေါင်း (၅၀၀) ကျော်တိုင်တိုင် နှီးဖြင့်ထုလုပ်ထားသော်လည်း ယခုအချိန်ထိ မပျက်မစီးတည်ရှိခြင်း။

(၂) နိုင်ငံခြားသားများ လာရောက်ကြည့်ရှုလေ့လာရာတွင် မယုံသင်္ကာမဖြစ်ရလေအောင် ဆရာတော် (၄)ပါးမှ နှီးဖြင့် ပြုလုပ်ထားကြောင့် သက်သေပြသည့်အနေဖြင့် မ၍ ပြရခြင်း။

(၃) မီးမလောင်ဘဲ မီးကွင်းခြင်း။

(၄) ဥာဏ်တော် (၈)ပေ (၄)လက်မ ရှိခြင်း။

(၅) ဆရာတော်နှင့် ဂမ္ဘီရ ပညာရှင်များယူဆချက်အရ သိကြားမင်း တည်ထားသည်ဟု ယူဆရခြင်း။

(၆) ဆုတောင်းတိုင်း လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံခြင်း။

(၇) မုခ်ဦးစက်တော်ရာ စေတီတော်မှာ အခါအားလျော်စွာ ရောင်ခြည်တော်များ ကွန့်မြူးခြင်း။

Sunday, October 3, 2010

အထီးကျန်ဆန်ခြင်း



အထီးကျန်ဆန်ခြင်း



နွမ်းလျနေတဲ့ လမ်းအိုလေးတစ်ခုရယ်
ဦးတည်ချက်မဲ့ပြေးနေတဲ့ ဆိုင်ကယ်လေးတစ်စင်းရယ်
ခန်းခြောက်နေတဲ့ သစ်ပင်အိုလေးတစ်ပင်ရယ်
သေဆုံးမဲ့ဆဲဆဲ ငါ့နှလုံးသားတစ်စုံရယ်
အကန့်တစ်ခုထဲမှာ ပုံစံတကျရှိနေခဲ့တယ်...။


မဖြစ်သာလို့ပြုံးနေရတဲ့ အပြုံးတစ်ခုရယ်
မပြောချင်ပဲပြောနေရတဲ့ စကားတစ်ခွန်းရယ်
မသွားချင်ပဲသွားနေရတဲ့ အကြောင်းတစ်ခုရယ်
စိတ်ဝိဥာဉ်လွင့်နေတဲ့ ငါ့ခန္ဓာကိုယ်တစ်ခုရယ်
အကန့်တစ်ခုထဲမှာ ပုံစံတကျရှိနေခဲ့တယ်...။


မြင်ယောင်မိနေတဲ့ အပြုံးတစ်ခုရယ်
သံစဉ်တကျတီးခတ်မဲ့သူမရှိတဲ့ ဂစ်တာလေးတစ်လက်ရယ်
ဝါကြန့်ကြန့်စာရွက်လေးပေါ်က ဘောပင်လေးတစ်ချောင်းရယ်
အဆိပ်သင့်နေတဲ့ ငါ့သွေးသားတွေအားလုံးရယ်
အကန့်တစ်ခုထဲမှာ ပုံစံတကျရှိနေခဲ့တယ်...။


အားလုံးတည်ရှိနေတာ
အထီးကျန်ဆန်ခြင်းဆိုတဲ့......။


မျှော်လင့်သူ

Thursday, September 16, 2010

Job & Me



ဒီခေါင်းစဉ်လေးနဲ့ စာရေးချင်တာတော့ ကြာပါပြီ။ ရာသီဥတု နှောင့်ယှက်တာရယ်၊ အလုပ်ပင်ပန်းလို့ အိပ်ပျော်သွားတာရယ်ကြောင့် မရေးဖြစ်ခဲ့ တာပါ။ အထွေထူးတော့လဲ မဟုတ်ပါဘူး။ ကျောင်းပြီးလို့ အလုပ်စ၀င်ပြီး ဒီကနေ့ ဒီအချိန်ထိ လူပင်ပန်းပေမယ့် စိတ်ပျော်ရွှင်နေရဲ့တဲ့ အလုပ် တွေနဲ့ ပတ်သတ်ပြီး ရေးသားချင်ခဲ့တာပါ။ 2007 ခုနှစ် 9 လပိုင်းက စပြီး ကျွန်တော် ပညာသင်ယူမှုပြီးစီးပြီး လုပ်ငန်းခွင်ထဲကို ၀င်ရောက် ခဲ့ပါတယ်။ နယ်မှာအလုပ်အကိုင်နည်းနည်းရှားပါတာရယ်၊ နောက်ပြီး ကိုယ်ဆက်တက်ချင်တဲ့ သင်တန်းတွေမရှိတာရယ်ကြောင့် မန္တလေးက ဒေါ်လေးရှိတဲ့ဆီကို ထွက်လာဖြစ်ခဲ့တယ်။ မန္တလေးရောက်တော့ သင်တန်းတက်ဖို့ထက် အလုပ်ဘက်ကိုပဲ အားသန်ခဲ့တယ်။ ဒေါ်လေး အကူညီနဲ့ အိပ်ဆောင်ပစ္စည်း Trading Company တစ်ခုမှာ အလုပ်ရခဲ့တယ်။

ကျောင်းက ပြီးခါစ လုပ်ငန်းခွင်ထဲကို အခုမှစ၀င်ခါစဆိုတော့ ကြောင်အန်းအန်းတော့နိုင်ခဲ့တယ်။ တာဝန်ယူဖို့ သီးသန့်အပိုင်းပေးထားတယ်။ ကိုယ်တာဝန်ယူတဲ့ အပိုင်းမှာ ပြဿနာဖြစ်ခဲ့ရင် ကိုယ်ပဲ ခေါင်းခံရမယ်ဆိုပါတော့။ တစ်ခါမှ ဒီလို တာဝန်မျိုးမယူဖူးဘူး။ ခေါင်းကြီးခဲ့တယ်။ အလုပ်ကလဲ အရမ်းများတယ်။ တာဝန်ယူရတဲ့အပိုင်းကတော့ ဂိုဒေါင်မှုးပေါ့။ ကြွေပြားနဲ့ ပတ်သတ်တာတွေကို အကုန်တာဝန်ယူရတယ်။ တစ်နေ့ကို 12ဘီးကားကြီး 2စီး 3စီးလောက် အမြဲဝင်တယ်။ တစ်နေ့ကို ကြွေပြားတွေကို ၀င်လိုက်ထွက်လိုက်နဲ့ ထောင်ရှိနေတယ်။ လူ အရမ်းပင်ပန်းတယ်။ ဒါပေမယ့် တစ်ခါမှ စိတ်မပင်ပန်းခဲ့ဖူးဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးက တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းကူညီ ပံ့ပိုး ပေးကြတယ်။ မသိတာကို သိအောင်သင်ပေးတယ်။ မှားနေတာတွေ မှန်အောင်ပြင်ပေးတယ်။ တစ်ရုံးလုံးမှာ ကျွန်တော်အငယ်ဆုံးပဲပေါ့။ အဲတုန်းက ကျွန်တော်အသက်က 19 နှစ်ပေါ့။ သူဌေးကလဲ အရမ်းသဘောကောင်းတယ်။ ဖော်ရွှေတယ်။ လက်အောက်ငယ်သားတွေကို မျှမျှတတဆက်ဆံတယ်။ အထက်လူကြီးတွေ စိတ်မပျက်အောင်လဲ ကိုယ်ကကြိုးစားပေးရတယ်။ အလုပ်ထဲမှာ ဘယ်လောက်ပင်ပန်းပန်း အားလုံးတက်ညီလက်ညီလုပ်ကြပြီး မိသားစုစိတ်ဓာတ်လေးအပြည့်နဲ့ဆိုတော့ စိတ်ပေါ့ပါးပြီး ကြိုးစားဖြစ်ခဲ့တဲ့ ကျွန်တော့်ဘ၀အတွက် ပထမဆုံး လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။

လုပ်ငန်းအဆင်ပြေပြန်တော့လဲ နေရေးထိုင်ရေးနဲ့ အခြား အလုပ်နဲ့မပတ်သတ်တဲ့ လူမှုရေးပြဿနာလေးတွေကြောင့် ကျွန်တော် မေမေရှိတဲ့ မကွေးကိုပဲ ပြန်လာခဲ့တယ်။ မကွေးရက်ပြီး ရက်ပိုင်းအတွင်းမှာပဲ Company တစ်ခုမှာ အလုပ်ရခဲ့တယ်။ ဒီ Company ကတော့ Research ပိုင်းကို အဓိကထားလုပ်တာပါ။ ကျွန်တော်ကိုင်ရတဲ့ အပိုင်းကတော့ Marketing အပိုင်းပေါ့။ လူတွေနဲ့ အများဆုံး ဆက်ဆံ ရတဲ့ လုပ်ငန်းတစ်ခုပေါ့။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ကိုယ်သိချင်တဲ့ အကြောင်းအရာတစ်ခုကို ကိုယ်တစ်ဦးတစ်ယောက်တည်းနဲ့ မရပဲ ကိုယ်သိချင်တဲ့အပိုင်းနဲ့ ဆက်နွယ်တဲ့သူတွေနဲ့ ဆက်နွယ်ပြီး ဖော်ထုတ်ရတယ်။ တစ်နေ့ကို အလုပ်အများကြီးမလုပ်ရပေမယ့် လုပ်ရတဲ့ အပိုင်းမှာတော့ စိတ်ကိုနှစ်ထားရတယ်။ အလုပ်ပေါ်မခံယူတက်ရင်၊ စိတ်မထားတက်ရင်တော့ တစ်ရက်ထဲနဲ့ စိတ်ပျက်သွားစေနိုင်ပါတယ်။ ဒါကိုလဲ အမြဲဆင်ခြင်နေရတယ်။ Pressure တော်တော်တက်ပေမယ့် ကိုယ့်ဝန်ထမ်းပိုင်း လုပ်ငန်းအသွားလာနဲ့ ပတ်သတ်လို့တော့ အား လုံးစိတ်ချမ်းသာရပါတယ်။

ဒီလို Research Company မှာလုပ်နေရင်းကပဲ Cyber တစ်ခုမှာ ညပိုင်းအလုပ်ဆင်းဖြစ်တယ်။ ဒီတိုင်းနေရင်လဲ ညည မေမေနဲ့ TV ထိုင်ကြည့်တာရယ်၊ ဂိမ်းကစားတာနဲ့ 12ထိုး 1 နာရီလောက်မှ အိပ်ဖြစ်နေတယ်လေ။ ညပိုင်း Cyber မှာလုပ်ဖြစ်ရင် ကိုယ်သိချင် တက်ချင်တဲ့ Internet ပိုင်းကိုလဲ လေ့လာနိုင်မယ်၊ အချိန်တွေကိုလဲ အကျိုးရှိရှိသုံးနိုင်မယ်။ ဒီလိုရည်ရွယ်ချက်လေးတွေနဲ့ Cyber တစ် ခုမှာ ၀င်လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ အကောင်းဆုံးအလုပ်ဖြစ်ပါလိမ့်မယ်။ အရမ်းသဘောကျတယ်။ အဲဒီမှာလုပ် တဲ့အချိန် လုပ်ငန်းအတွေ့ကြုံအများကြီးမရှိသေးပေမယ့် ကျွန်တော်သိနေပါတယ်။ နေ့ပိုင်းအလုပ်ပြီးရင် ညနေပိုင်း ရေမိုးချိုးပြီး ညပိုင်းထိုင် ပေးရတယ်။ လုပ်ငန်းကလဲ သိပ်အခက်ခဲမရှိသလို ဆိုင်ရှင်အစ်ကိုတွေကလဲ အရမ်းသဘောကောင်းတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားထက် ညီအစ်ကိုလို ပေါင်းဖြစ်တယ်။ သူတို့က ကိုယ့်ကိုအခွင့်ရေးပေးသလို သူတို့ပေးတဲ့အခွင့်ရေးကိုလဲ ကိုယ်က ဘယ်တော့မှအလွဲသုံးစား မလုပ် ပါဘူး။ အလုပ်ပိတ်ရက်ရယ်လို့လဲ ကျွန်တော်မထားပဲ အရမ်းနှစ်သက်တဲ့အလုပ်ဖြစ်နေတော့ ဖျားနာတဲ့အချိန်က လွဲပြီး နေ့တိုင်းဆင်းပေးဖြစ် ခဲ့ပါတယ်။ အရမ်းလဲ ပျော်ရွှင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဆိုင်ပိတ်သွားတော့ Research Company ကလဲထွက်လိုက်ပြီး cigarette Company တစ်ခုမှာ အလုပ်ဝင်ဖြစ်ခဲ့ပါတယ်။

အခုနောက်ဆုံးအလုပ်ပေါ့။ ရာထူးကတော့ Sale Rep; နဲ့ပေါ့။ Market Field ထဲကိုတော့ အချိန်ပြည့်ဆင်းရတယ်။ ကိုယ်အလုပ်ဝင် တဲ့အချိန်က ပစ္စည်းသစ်မိတ်ဆက်ချိန်ဆိုတော့ Promotion တွေကလဲ အလူးအလဲလုပ်ရတယ်။ နှစ်သစ်ကူးသင်္ကြန်တောင် မနားပဲ အလုပ် ၀င်ပေးခဲ့ရပါတယ်။ နောက်ပိုင်းတွေမှာလဲ ကိုယ်တာဝန်ယူတဲ့အပိုင်းက မြစ်အနောက်ဘက်တစ်ကျောပေါ့။ ရေစက်ပါတယ်ပဲ ဆိုရမယ်။ ကျောင်းတုန်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း 4 ယောက် တစ်ရုံးထဲ အတူတူကျနေခဲ့တယ်။ ပျော်စရာပဲ။ နောက်ပြီး အလုပ် တာဝန်ခွဲတော့လဲ တစ်ကျောထဲပဲကျတယ်။ ပင်ပန်းလို့ ပင်ပန်းမှန်းလဲမသိဘူး ပြေးလွှားနေခဲ့တယ်။ အခုဆိုရင် ဒီ Company အတွက် ပြေးလွှားပေးခဲ့တာ ကီလိုမီတာအားဖြင့်ဆိုရင် 7800 ၀န်းကျင်ရှိနေပြီး မိုင်နဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် 4847 မိုင်ဝန်းကျင်ရှိနေပါပြီ။ ဒီ လောက်သွားလာနေပေမယ့် ပျော်ရွှင်နေတယ်။ သဘောကျနေတယ်ဆိုတာ အကြောင်းရှိပါတယ်။ အဓိကကတော့ စိတ်လို့ပဲ ဆိုရမလား မသိဘူး။ ကိုယ်ကလဲ သူများအပေါ်ဘယ်တော့မှ မဟုတ်မှန်တာ မလုပ်ဘူး။ ကံတူအကျိုးပေးပဲ ဖြစ်မယ်။ ကိုယ့်ကိုလဲ ဒုက္ခပေးမယ်သူ ဆိုတာ မရှိဘူး။ ဘယ်နေရာရောက်ရောက် ကိုယ်နဲ့ထိတွေ့ဆက်ဆံရတဲ့သူတွေကို အစ်ကိုအရွယ်ဆို အစ်ကို၊ အစ်မအရွယ်ဆို အစ်မ စသဖြင့် ကိုယ်ကလဲ လေးလေးစားစားဆက်ဆံတယ်။ ကိုယ်အောက်ငယ်လို့လဲ နိုင့်ထက်စီးနင်းမလုပ်ဘူး။ ဒီလိုအပြုမှုလေးတွေကြောင့် ကိုယ်လဲ ခံစားနေရတာဖြစ်မယ်ထင်ပါတယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်....
မျှော်လင့်သူ

Sunday, September 5, 2010

I Am A Believer Now

ဘာရယ်မဟုတ်ပါဘူး... Ecard လေးတွေလိုက်ကြည့်နေရင်းနဲ့ သဘောကျလို့ တင်လိုက်တာပါ...

Tuesday, August 31, 2010

နိုမိတော့မယ်


HIV ကိုကုသနိုင်ပြီလား ???? အဆက်ကို မျှော်နေတဲ့ စာဖတ်သူပရိတ်သတ်များ ရှိခဲ့ရင် ဆောတီးဗျာ။ ဒီရက်ပိုင်း အလုပ်ကလေးနည်းနည်း ရှုပ်တာရယ်(အလုပ်ဗန်းပြတာ)၊ နောက်ပြီး ကျွန်တော့်ရဲ့ တစ်ခုတည်းသော မန်မိုရီစတစ်ကလေးကို အစုတ်ပလုတ်ဗိုင်းရပ်စ်စုတ်တွေ ကိုက်သွား တာကြောင့်(နဂိုတည်းက စုတ်သလားမပြောတက်)၊နောက်ပြီး အရိုးသားဆုံးဝန်ခံရရင် စာရိုက်ရမှာ ပျင်းတာရယ်ကြောင့် မတင် ဖြစ်သေးတာပါ။ တစ်ခါတစ်လေ ညပိုင်းအားနေလို့ အပြင်မထွက်ရင် အိမ်မှာ စာလေးဘာလေးရိုက်ထားတယ်။ နောက်နေ့ Cyber ရောက် တော့ တင်လိုက်တယ်။ အခုတော့ Mem Str; ကလေးပျက်သွားတော့ အိမ်မှာလဲ မရိုက်ဖြစ်တော့ဘူး။ ဆိုင်ရောက်ပိုဆိုး ။ စာကလဲ အပြေးအလွှားဖတ်ရသေး၊ ဂိမ်းကလဲ ကစားလိုက်ချင်သေး၊ ဒီကြားထဲ ချက်တင်ထဲက အမျိုးတော်တွေက ခေါ်ရင် ထူးလိုက်ရသေး။ အ၀ှာ တိုင်ပတ်နေသလိုဖြစ်နေတယ်း)

ဒီရက်ပိုင်း အလုပ်ကပြန်လာရင် ယောင်တောင်တောင်လေးဖြစ်နေတယ်။ ရုံးစောဆင်းပေးနေတဲ့ ဂျာကြီးကိုပဲ အပြစ်တင်ရမလား၊ သူငယ်ချင်း မရှိ၊ အပေါင်းအသင်းမရှိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မရလားမသိဘူး။ ညနေ 5 နာရီရုံးဆင်းဖြစ်တယ်။ အိမ်ပြန်ရမှာ စောသေးလို့ ဘော်ဒါတွေကို လက်ဖက်ရည်ဆိုင်ခေါ်တယ်။ ဘယ်မောင်မင်းကြီးသားမှ မလိုက်ဘူး။ ဖင်ပိတ်ငြင်းတယ်။ သူတို့မိန်းမတွေ နောက်လင်ယူ မှာကြနေတာပဲ။ ဒါတောင် ကျွန်တော်က သူတို့ကို ဒကာခံမှာနော်။ သူတို့ကို တိုက်ခိုင်းလို့ကတော့ လက်သီးနဲ့များ ထိုးမလားမသိ။

5 ခွဲလောက် အိမ်ရောက်ရင်လဲ ယောင်ပေပေနဲ့ TV ရှေ့ထိုင်ပြီး ကြည့်ဖြစ်တယ်။ ငှားထားတဲ့ စာအုပ်ကလေးကလဲ လက်စသတ်လိုက် သေးတယ်။ 7 နာရီလောက်ရောက်တော့ မေမေက ကိုရီယားကား ကြည့်တယ်။ အော် မိန်းကလေးတွေ တော်တော်တော့ ကိုရီယားကား ကြိုက်သား။ ဟိဟိ ကျွန်တော်လဲ ကြိုက်တယ်။ 8 နာရီပြီးတော့ ရေမိုးချိုး၊ ထမင်းစားပြီး အပြင်ထွက်ဖြစ်တယ်။ အထင်မကြီးနဲ့နော် ကျန်တဲ့ နေရာမဟုတ်ဘူး။ ငှားထားတဲ့ စာအုပ်ကလေး အပ်ဖို့ရယ်၊ ဗဟုသုတလေးရဖို့ Cyber ရယ်(ဟိဟိ အပျင်းပြေဖို့ဆို ပိုမှန်တယ်) ကိုပဲ သွားဖြစ်တယ်။ အိမ်ပြန်ရောက်တော့ MWD တို့ MRTV တို့ကလာတဲ့ ဇာတ်ကားတွေ မလွတ်တမ်းကြည့်ပစ်တယ်။ သူတို့ကလဲ သဘော ကောင်းပါ့ နှစ်ကားတောင် ဆက်တိုက်လွှင့်ပေးတယ်ဗျ။

အစီစဉ်တွေပြီးသွားလို့ မေမေအိပ်သွားပြီဆို ကျွန်တော်လဲ အခန်းထဲဝင်ပြီး ကွန်ပြူတာလေးဖွင့်၊ တစ်ဖက်က စာအုပ်ဖတ် ဟိုဟာကလိ၊ ဒီ ဟာကလိနဲ့ သိပ်မကြာခင်အချိန်မှာပဲ ကျွန်တော်အိပ်မောကျသွားတယ်ထင်တယ်။ မိုးလင်းတော့ ခြင်ထောင်ထဲမှာ အခန့်သား၊ ဘယ်အချိန် မေမေထပြင်သွားပေးတယ်မသိ။ ဒီလိုက တစ်ရက်လဲ မဟုတ်၊ နှစ်ရက်လဲမဟုတ်၊ ဟိဟိ မေမေ့ကိုတော့ အားနာနာနဲ့ပြောလိုက်တယ်။ ကျေးဇူးပဲနော် မေမေလို့.. မေမေကလဲ မဲ့ပြီးပြန်ပြောတယ်။ နင်မိန်းမရမှကို ငါလဲ ၀ဋ်ကျွတ်မှာတဲ့။ ဟူး... မေမေမသိဘူးနော်...။း)

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ
Related Posts with Thumbnails